A doctor who also writes (4) ဆေးပညာ-စာရေးသူ (၄)


ဆေးပညာစာရေးသူက အခမဲ့မြန်မာစာကျူရှင်ဆရာ လုပ်ပါတယ်။ စာရေးတာ၊ စကားပြောတာမှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ စာနဲ့ စကားကို မှန်မှန်ကန်ကန် ပီပီသသဖြစ်အောင် ကြိုးစားသင့်ကြတယ်။ အခုအချိန်မှာ ပြင်လို့ရတာ မှန်သမျှ ဝိုင်းပြင်နေကြတယ် မဟုတ်ပါလား။

၁-၅-၂ဝ၁၄ နေ့ ဆေးရုံတခုက အပြာရောင် ဆိုင်းဘုတ်လေးတခု တွေ့လာတယ်။ အာထွာရာစောင်းစခန်းတဲ့။ အာလ်ထွာဆောင်း။ အာထွာဆောင်းဖြစ်သင့်တာပါ။ ၃-၅-၂ဝ၁၄ နေ့မှာ မော်ဒယ်မိန်းကလေးတယောက် ရင်ပတ်ကို လက်ဝါးနဲ့ဖိပြီး ပါးစပ်လေးဟနေတဲ့ပုံအောက်မှာ ရှင်ထဲကို ထိသွားတာဘဲဟယ်ဆိုပြီးတွေ့ရပြန်တယ်။ ရင်ထဲလို့ရေးရမယ်။ ရှင်ထဲဆိုရင် စာဖတ်သူအထဲဖြစ်သွားမယ်။

မြန်မာစာရော အင်္ဂလိပ်စာပါ ပန်ကျူယေးရှင်းကို သင်ရပါတယ်။ ဝါကျတကြောင်းပြီးရင် စပေ့စ်ခြာပြီးမှ နောက်တကြောင်း ရေးရတယ်။ ကျန်းမာရေးမေးတာဟာ စာမေးပွဲစစ်နေတာမဟုတ်တာ မှန်ပါတယ်။ ဒါပေမဲ့ သတ်ပုံလွဲတာ၊ သဒ္ဒါမမှန်တာ။ အသံထွက် တက်တက်စင် မှားတာတွေ မကြာမကြာ ဖတ်နေရတော့ ပြောချင်လာတယ်။ ရောဂါကို ကုသပေးချင်စိတ်နဲ့ပါ။

မန္တလေကို အဆင့်ရှာဘို့ ကြာနေရင် မန်းတလေးလို့ ရိုက်တာကမှ တော်ပါသေးတယ်။ မန်းလေးတဲ့။ ကျွန်တော့် မိန်းမတယောက်လို့ရေးတယ်။ တယောက်မက ရှိသူလားလို့ ပြန်မေးချင်တယ်။ စ နဲ့ ဆ လွဲတယ်။ က သတ်နဲ့ တ သတ်၊ မကွဲကြပါ။ ခပ်ဝဲဝဲ၊ ခပ်ချွဲချွဲ စကားဆိုတာ နှစ်ကိုယ်ကြားတော့ ပြောချင်ပြောပေါ။ အများကြားဘို့ ပြောကြရတာ မဟုတ်ပါ။ အောက်ကနမူနာတွေသာ မှတ်ထားနိုင်တယ်။ အများကြီးရှိသေးတယ်။

၁လပိုင်း၁ရက်နေ့ကလက်ထက်ပါတယ် = ၁ လပိုင်း၊ ၁ ရက်နေ့က လက်ထပ်ပါတယ်
ကွန်ဒွန်၊ ကွန်ဒို = ကွန်ဒွမ်
ကျွန်တော် ဒိုလင်မယားမှာ = ကျွန်တော်တို့ လင်မယားမှာ
ကိုယ်ဝင် 3 လ = ကိုယ်ဝန် ၃ လ
ကျန်းမာရေးစောက်ရှောက်မှု = ကျန်းမာရေးစောင့်ရှောက်မှု
ဂရုဏာ တရားတွေကို = ကရုဏာတရားတွေကို
စမ်းပီးပါပြီ = စမ်းပြီးပါပြီ
စအုံနဲ့ = စအိုနဲ့
စီးဆစ်ဖို့ ထပ်လိုမလို = ဆီးစစ်ဖို့ ထပ်လိုမလို
ဆ၇ာဝန်နဲ့ ဘဲပြကြိလိုက်တော့ = ဆရာဝန်နဲ့ဘဲ ပြကြည့်လိုက်တော့
ဆက်စံတဲ့အခါ၅မီးနစ်၁၀မီးဆို = ဆက်ဆံတဲ့အခါ ၅ မိနစ် ၁ဝ မိနစ်ဆို
ဆက်ဆံပြီးဘယ်၂ရက်မြောက်နေ့ မှာ = ဆက်ဆံပြီးဘယ်နှစ်ရက်မြောက်နေ့ မှာ
ဆစ်ဆစ်နဲ့ကိုက်နေပါတယ်။ = စစ်စစ်နဲ့ ကိုက်နေပါတယ်။
ဆရာ့စီကနေလည်းသိချင်လို့ပါ။ = ဆရာ့ဆီကနေလည်းသိချင်လို့ပါ။
ဆရာစီကအဖြေလေးလည်းသိချင်လို့ပါ = ဆရာဆီကအဖြေလေးလည်း သိချင်လို့ပါ
ဇာတ်ကြော်ကအမြဲတမ်းနာနေတယ် = ဇက်ကြောကအမြဲတမ်းနာနေတယ်
ဌက်နှစ်ကောင်တံဆိပ် = ငှက်နှစ်ကောင်တံဆိပ်
တဝက်တပြတ်လောက်မှာ = တဝက်တပျက်လောက်မှာ
တီဗွီရောဂါ = တီဘီရောဂါ
တုတ်ရည်ထွက်နိုင်ပါသလား = သုက်ရည်ထွက်နိုင်ပါသလား
ဒါဏ်ရာ = ဒဏ်ရာ
နာကြဉ်ကိုက်ခဲနေတယ် = နာကျင်ကိုက်ခဲနေတယ်
ပါတဂူဆီမှာ = ပါရဂူဆီမှာ
ပါတဂူနဲ့ ပြဖို့ကြတော့လဲ = ပါရဂူနဲ့ ပြဖို့ကြတော့လဲ
ပိုပြီးအစဉ်ပြေနိုင်မယ်လို့ထင်ပါတယ်။ = ပိုပြီးအဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။
ဖျားပြီးတော.ချောင်းဆိုးချွဲကျပ် = ဖျားပြီးတော့ ချောင်းဆိုးချွဲကြပ်
ပြသာနာ = ပြဿနာ
မ၇ှိုဘူးစိုဆ၇ာ = မရှိဘူးဆိုဆရာ
မခန်မရပ် နိုင်အောင်နာကျဉ်လေ့ရှိပါတယ် = မခံမရပ်နိုင်အောင် နာကျင်လေ့ရှိပါတယ်
မျှားနှင့်ကဒ် = မြားနှင့်ကဒ်
မိန်း မရော. ခလေး ပါ. = မိန်းမရော၊ ကလေးပါ၊
မျက်စီးကိုက်တတ်တဲ့ရောဂါဖြစ်နေပါတယ် မျက်စီးကိုက်ရင်ခေါင်းပါ ကိုက်ပါတယ်တဲ့။ = မျက်စိကိုက်တတ်တဲ့ရောဂါဖြစ်နေပါတယ်၊ မျက်စိကိုက်ရင် ခေါင်းပါ ကိုက်ပါတယ်တဲ့။
ဖြင့်တာ၁နှစ်ကျော်လောက် = ဖြစ်တာ ၁ နှစ်ကျော်လောက်
ဖြစ်ခါစ = ဖြစ်ကာစ
ရာသီသွေး ဆင်း ရွေ့ ၂ရက်မြောက် နေ့ မှာ = ရာသီသွေး ဆင်း၍ ၂ ရက်မြောက်နေ့မှာ
လိပ်ဂေါင်းရောဂါ = လိပ်ခေါင်းရောဂါ
လိုချင် ရက်နက် = လိုချင်လျှက်နဲ့
သမီး ခလေးအရမ်း လိုချင်ပေမဲ့ = သမီး ကလေးအရမ်း လိုချင်ပေမဲ့
သမီးနံမည် = သမီးနာမည်
သယ်ရင်းတွေကပြောပါတယ် = သူငယ်ချင်းတွေက ပြောပါတယ်
သွားထက်မစိုက်ဖြစ်ဘူး = သွားထပ်မစိုက်ဖြစ်ဘူး
သိချင်ဒါက = သိချင်တာက
ဟိုဟာမလာတာလည်း = ရာသီ/ဓမ္မတာ မလာတာလည်း
အ၇က်ကဒေါ့ = အရက်ကတော့
အ၇င်၇ည်စား ၇ှိဘူးပါတယ် ၅ေ၇ာက် လောက်ပါ ။ = အရင်ရည်စား ရှိဘူးပါတယ်၊ ၅ ယောက်လောက်ပါ။
အခုထိသွေးစင်းနေတာ = အခုထိသွေးဆင်းနေတာ
အစိုးဆုံးပါ = အဆိုးဆုံးပါ
အတူ2နေပြီးရင် = အတူတူနေပြီးရင်
အန္ဒရယ်ရနိုင်သလား = အန္တရာယ်ရနိုင်သလား
အနာဂါတ် = အနာဂတ်
အနာသဏ္ဍာန် = အနာသဏ္ဌာန်
အနီးဆက်စုံး = အနီးစပ်ဆုံး
အရန်းကျေးဇူးတင်ပါတယ်ရှင်။ = အရမ်းကျေးဇူးတင်ပါတယ်ရှင်။
အရမ်းငြောင်းငြာကိုက်ခဲတယ် = အရမ်းညောင်းညာကိုက်ခဲတယ်
အရိုးအစစ်ကြီးပါတယ်။ = အရိုးအဆစ်ကြီးပါတယ်။
အပေါက်ဝပုံသဏ္ဍာန်ကိုသ်ချင်ပါတယ် = အပေါက်ဝပုံသဏ္ဌာန်ကို သိချင်ပါတယ်
အရေပြား ဆက်ဆက်မူ အပိုင်းမှာ = အရေပြား ဆက်စပ်မူ အပိုင်းမှာ
စောင်ရန်ရှောင်ရန်တွေ = ဆောင်ရန်ရှောင်ရန်တွေ
နောက်အကြိန်များတွင်လဲ = နောက်အကြိမ်များတွင်လဲ
ပျော်စေပြတ်စေသဘောနဲ့ = ပျော်စေပျက်စေသဘောနဲ့

ဖတ်တဲ့သူနားလည်ဘို့က ပိုအရေးကြီးတယ်လို့ လျှောက်လဲချက်မျိုးလာတယ်။ သဘောမတူပါ။ လုံခြုံအောင်တော့ ဝတ်ထားပါရဲ့ အင်္ကျီကြယ်သီးပေါက် အထက်အောက် လွဲတပ်ထားသလိုနဲ့ တူမနေဘူးလား။ ဆရာဝန်ဆိုတာ ဘေးထွက် ဆိုးကျိုးကို အမြဲကြည့်ကြရပါတယ်။ သူများအိမ်ခေါင်မိုး ကြည့်ပြောချင်သူဟာ ကိုယ့်တံစက်မြိတ်ကိုလဲ သိရတယ်။ ကျွန်တော်လည်း ကိုယ်ရေးထားတောတွေကို ပြန်ပြန်စစ်ပြီး ပြင်နေရသူသာ ဖြစ်ပါတယ်။

ဆေးပညာ-စာရေးသူ (၁) http://my-sayawun-life.blogspot.in/2011/03/blog-post.html
ဆေးပညာ-စာရေးသူ (၂) http://my-sayawun-life.blogspot.in/2011/03/blog-post_20.html
ဆေးပညာ-စာရေးသူ (၃) http://my-sayawun-life.blogspot.in/2011/04/blog-post.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး