Hematospermia သုက်ထဲသွေးပါခြင်း

Hematospermia သုက်ထဲသွေးပါခြင်း

(ကန်တော့ပါ)

၁။ ဆရာမင်္ဂလာပါ ကျွန်မအသက် ၂၇ပါ အိမ်ထောင်ကျတာ ၁နှစ်ကျော်ပါပြီ ကျွန်မအမျိုးသားက နှစ်ပတ်လောက်ရှိပါပြီ သုက်ရည်က အဖြူမဟုတ်တော့ဘဲ သွေးရောင်လို့ဖြစ်နေပါတယ် ဘာလုပ်သင့်လဲလမ်းညွှန်ပေးပါဦးရှင့်။ အန္တရာယ် ဖြစ်နိုင်လား။ ဘာရောဂါဖြစ်နိုင်ပါသလဲရှင့် ကူညီလမ်းညွှန်ပေးပါဦးရှင့်။

မေးခွန်းမှာ ဖြစ်တဲ့သူအသက်သာ သိလို။

၂။ ဆရာခင်ဗျား နားနှင့်မနာ ဖဝါးနှင့်နာစေချင်ပါသည်။ ကျွန်တော်နှင့် အမျိုးသမီး နှစ်ဦးစလုံးဟာ့ တခုစီမှာ တာဝန်ထမ်းဆောင်နေရတဲ့ ပညာရေးဝန်ထမ်းတွေဖြစ်ပါတယ်။ ကလေးနှစ်ယောက်ရှိပါတယ်။ လွန်ခဲ့တဲ့ ၂၁၊၈၊၂၀၁၄ ရက်နေ့က အတူနေဖြစ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့ရဲ့ sperm တွေ ထွက်ရမယ့်အစား သွေးတွေဘဲ ထွက်လာတာ ကြောက်ရွံ့ထိတ်လန့် စွာတွေ့လိုက်ရပါတယ်။ နောက်တရက်ခြားကြာတဲ့ ညမှာတခါ အဲဒီလိုထပ်ဖြစ်ပြန်ပါတယ်။ တခါမှမဖြစ်ဖူးသလို အိမ်ထောင်သက်က ၁၈ နှစ်ရှိပါပြီဆရာ။ ဆိုင်မဆိုင်မသိပေမယ့် ပြောရရင် ကျွန်တော်က ကွမ်းစားသလို အရက်လည်း မကြာခဏသောက်ဖြစ်ပါတယ်။ ဆီးသွားတဲ့အခါ လုံးဝ သွေးမပါသလို မအောင့် မနံပါဘူးဆရာ။ မိန်းမလည်းမလိုက်စားတတ်ပါဆရာ။ ဒါကြောင့် ဒီရောဂါဟာ bacteria or virus ကြောင့်လား။ ဘယ်လိုနေထိုင်ပြုမူသင့်လဲ၊ ဘာဆေးတွေသောက်သင့်တယ်ဆိုတာ ကျေးဇူးပြု၍ အမြန်ပြန်ကြားပေးစေလိုပါသည်။ ထိုစိတ်ကြောင့် ညမှာအိပ်မပျော်ပါ ခင်ဗျား။

သုက်ထဲမှာ သွေးပါတာ ရှားပါတယ်။ ဆေးမကုဘဲ ပျောက်မှာက များတယ်။ ဖြစ်စေတဲ့ အကြောင်းတွေက မျိုးပွါးလမ်း (ကျားအစေ့၊ အစေ့ထိပ်) နဲ့ ဆီးလမ်း (ဆီးအိမ်၊ ဆီးပြွန်၊ ဆီးကျိတ်) တွေကနေ လာနိုင်တယ်။ အဲဒီနေရာတွေကို ခွဲစိတ်ထားခံရသူတွေ ဖြစ်တာတော့ မဆန်းဘူး။ အဲလို မဟုတ်သူတွေ သေခြာဆေးစစ်ပါ။

ဆီးကျိတ်၊ ဆီးအိမ်၊ အစေ့၊ သုက်ပြွန် တနေရာရာမှာ ကင်ဆာနဲ့ ကင်ဆာ-မဟုတ်တဲ့ အကျိတ် ရှိ-မရှိ။ ရောဂါပိုးတမျိုးမျိုး (Chlamydia, Herpes, Cytomegalovirus, Trichomoniasis) ဝင်နေတာ၊ ဆီးကျိတ်ရောင်၊ အကြောရောင်၊ ဆီးပြွန်ရောင်၊ ဆီးကျိတ် နဲ့ သုက်ပြွန်မှာ ကျောက်ရှိတယ်၊ ဆီးပြွန်မှာ Polyps အသားပိုဖြစ်တာ၊ သုက်ထွက်ပြွန်ပိတ်နေတာ၊ တခြားနေရာမှာ ကင်ဆာရှိနေလို့ ပြန့်လာတာ။

သုက်ပြွန်မှာ အိတ်၊ သွေးယိုတာနဲ့ ပုံမှန်မဟုတ်တာ၊ သုက်ထဲ သွေးပါတာအပြင် ဆီးသွားရင် နာမယ်၊ သုက်လွှတ်ရင် နာမယ်၊ ဆီးထဲ သွေးပါမယ်၊ ခါးအောက်ပိုင်း နာမယ်၊ ကိုယ်ပူမယ်၊ အစေ့၊ ကပ်ပဲအိတ်မှာ နာမယ်၊ အစေ့၊ ကပ်ပဲအိတ်မှာ ရောင်မယ်၊ ပေါင်ခြံမှာ နာမယ်၊ ရောင်မယ်၊ ဆီးစစ်ရမယ်။

Sperm Color သုက်၏အရောင်
သုက်ရည်ရဲ့ ပုံမှန်အရောင်ကို ဖြူ-ဝါဝါနဲ့ အလင်းရောင် ပိတ်မနေဘူးလို့ ပြောတယ်။ အဖြူကနေ အဝါဘက် လဲတယ်လို့လဲ ပြောတယ်။ နို့လို ပုလဲရောင်လို့ သတ်မှတ်တာလဲ ပုံမှန်ဘဲ။ သုက်မထွက်တာ ကြာရင် ခပ်ဝါဝါဖြစ်လာမယ်။ သုက်ပိုးမရှိ-နည်းနေသူဆိုရင် ကြည်နေမယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါ တချို့ကြောင့် နဲနဲပြောင်းမယ်။ ဒါလဲ အဖြူခဲလိုလို ဖြစ်တာပါ။

သုက်ရည်ဟာ လိင်ဆက်ဆံတာ နဲ့ (မာစတာဘေးရှင်း) များတဲ့ အချိန်မျိုးမှာ ခါတိုင်းထက် ကျဲစေတတ်တယ်။ ယာယီသဘောသာ ဖြစ်တယ်။ ဒါကလဲ အထဲမှာ သုက်ပိုးတွေ နည်းသွားတာတော့ မဟုတ်ပါ။ သုက်အရောင်ဆိုတာ ကလေးရ-မရကို မဆုံးဖြတ်ပါ။ တခြားအရောင်နဲ့ သွေးပါနေရင် ပိုးတခုခုဝင်တာကို စဉ်းစားရမယ်။ နေ့တိုင်း၊ အခါတိုင်း တသမတ်ထဲ ဖြစ်ချင်မှ ဖြစ်ပါမယ်။ Diet အစားအစာ၊ လေ့ကျင်ခန်း၊ လိင်ကိစ္စ တွေကနေ အကျဲ-အပြစ်ကို သက်ရောက်စေသေးတယ်။ အတွင်းခံဝတ်တာကြောင့်လဲ သုက်ပိုးရဲ့လှုတ်ရှားမှုကို သက်ရောက်နိုင်သေးတယ်။

လူတယောက်နဲ့ တယောက်လဲ မတူတတ်ပါ။ တယောက်ထဲမှာတောင် အချိန်အခါနဲ့ အသက်အရွယ်အရ မတူသေးဘူး။
မျိုးဗီဇကနေ လူတယောက်က သုက်လွှတ်လုပ်တာအပေါ် သက်ရောက်တယ်။ အများအားဖြင့် တခါ သုက်လွှတ်ရင် လက်ဖက်ရည်ဇွန်းလေး တဇွန်းလောက်ရှိတယ်။ ဆေးသောက်နေတာကလဲ သက်ရောက်စေတယ်။ ဆက်ဆံတဲ့အခါ အော်ဂဇင်ဖြစ်ဘို့ အချိန်ပိုယူရင် ပိုများမယ်။ စိတ်လာမှု များလေလေ များနိုင်လေလေဖြစ်မယ်။ အတူမနေခင် အချိန်ယူတာလဲ အတူဘဲ။

ဝါစိမ်းစိမ်းဆိုတာ ဂိုနိုးရီးယား လိင်ကတဆင့်ကူးစက်ရောဂါ၊ အနံ့ဆိုးတယ်။ သွေးဆက်တိုက် ပါနေတာဟာ ပိုးဝင်တာ၊ ခိုက်မိတာ နဲ့ ရှားရှားပါးပါး ကင်ဆာတွေကြောင့်ဖြစ်နိုင်တယ်။ သွေးကြောပေါက်ပြီး ၁-၂ ရက် အတွင်း သုက်လွှတ်ရင် အဲလိုဖြစ်စေနိုင်ပြီး နောက် အရင်အရောင်ပြန်ဖြစ်မယ်။ ဆီးကျိတ်ထဲက သွေးကြောလေးတွေ ပေါက်တာ ဖြစ်နိုင်တယ်။ ဆီးကျိတ်ကို ခဏခဏ ဖိမိထိမိရင်လည်း သုက်ထဲ သွေးပါနိုင်တယ်။ သုက်လွှတ်တာ အကြိမ်များလွန်းလို့၊ နည်းလွန်းလို့၊ လိင်စိတ်ထပေမဲ့ သုက်မလွှတ်မိလို့၊ သုက်လွှတ်ခါနီး လိင်တံကို အင်္ဂါထဲကနေ ရုတ်တရက် ဆွဲထုတ်လို့၊ အရက်နဲ့ အပူ-အစပ်စားလို့၊ အကြာကြီးထိုင်၊ ဆိုင်ကယ်-စက်ဘီး စီးလို့။

Ultrasound နဲ့ MRI ရိုက်ရင် အလုံး-အကျိတ် ပုံမှန်မဟုတ်တာတွေ မြင်ရမယ်။ Semen analysis သုက်ပိုးစစ်ဆေးတာ၊ ကုသတာက ဘာလို့လဲဆိုတာအပေါ် မူတည်တယ်။ ပိုးဝင်နေရင် ပိုးသေဆေးပေးမယ်။ လိင်ဆက်ဆံတာ လွန်ကြွံသွားတဲ့အခါမှာလဲ ဖြစ်တတ်တယ်။ သုက်ပြွန်ထဲမှာ သုက်က ပြန်ဖြစ်မလာခင်ဆိုရင် နံရံကနေ သွေးထွက်တာမျိုး ဖြစ်နိုင်တယ်။ ဗီတာမင် (စီ) သောက်ရင် အကျိုးများစေမယ်။ သတ်သတ်လွတ်စားသူများ ထောပတ်စားခိုင်းတယ်။ အတော်များများမှာ ပြောတာတွေနဲ့ မဆိုင်ဘဲဖြစ်လို့ ဆေးကုစရာတောင်မလိုဘူး။ ပျောက်သွားတာဘဲ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၄
၎-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး