HPV Vaccine for Ca Cx သားအိမ်အဝကင်ဆာ ကာကွယ်ဆေး

၁။ ဆရာ ကျွန်မ အသက် ၃၁ ရှိပြီး ရန်ကုန်မှာနေပါတယ်။ အိမ်ထောင်ပြုတာ ၃နှစ်ကျော်ရှိပြီး သားသမီးမရှိသေးပါ။ ကျွန်မ miscarriage ဖြစ်တာ၃ခါရှိပါပြီ။ တတိယအကြိမ် ကိုယ်ဝန် ၃ လောက်မှာ ထပ်ဖြစ်လို့ D&C လုပ်ရပါတယ်။ လုပ်ပြီး အသားစအဖြေရတဲ့နေ့မှာပဲ OG ကို သားအိမ်ခေါင်းကာကွယ်ဆေးထိုးချင်တဲ့အတွက် အရင်စစ်ရမလားမေးတော့ စစ်စရာမလိုဘူး တစ်ခါတည်းထိုးလို့ ရတယ်ဆိုလို့ ပထမဆုံး ၁ လုံးကိုထိုးခဲ့ပါတယ်။ အသားစအဖြေအရ သားအိမ်ခေါင်း ကင်ဆာမရှိဆိုတာ စိတ်ချလို့ မစစ်ခိုင်းတာလား၊ Pep Smear Test လုပ်ဖို့များ လိုဦးမလားလို့ ကျွန်မ စိတ်ပူနေမိလို့ပါ။ ဒုတိယဆေးထိုးဖို့လည်း ၁ဝ ရက်ကျော်သွားပါပြီ။ ကျွန်မအရင်စစ်ပြီးမှ ထိုးရမလား။ ဒီတိုင်းပဲဆက်ထိုးရမလား လမ်းညွုန်ပေးပါလားဆရာ။ ဒုတိယဆေးကို အခုမှထိုးရင်ရော မှီနိုင်ပါသေးလားဆရာ။ ဘာလုပ်ရမလဲ ညွှန်ကြားပေးပါဆရာ။ ကျွန်မစိတ်ထဲမှာမရှင်းတာတွေကို မေးဖို့ရာလည်း ဒီကဆရာများက consult လုပ်ပေးလေ့မရှိကြလို့ပါဆရာ။

၂။ မင်္ဂလာပါဆရာ HPV နဲ့ cervical cancer အကြောင်းလေးကို စုံစုံလင်လင်သိချင်လို့ပါဆရာ။ ဆရာရေးထားတဲ့ အဲ့ဒီအကြောင်းလေးများရှိရင် သမီးကို တချက်လောက်ပို့ပေးစေချင်ပါတယ်ရှင့်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ဘယ်နေရာနဲ့ ဘယ်လို dose မျိုးထိုးရမလဲဆိုတာလဲသိချင်ပါတယ်ရှင့်။

ကင်ဆာမှန်သမျှ ဘာကနေဖြစ်သည်း တိတိကျကျမသိနိုင်ပါ။ အဆုပ်ကင်ဆာနဲ့ ဆေးလိပ်ဆက်စပ်မှုရှိတယ်။ သားအိမ်အဝ ကင်ဆာနဲ့ ကြွက်နို့ဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့ဆိုင်တယ်။ Human papilloma virus (HPV) ဗိုင်းရပ်စ်ကနေ ကြွက်နို့ ဖြစ်စေတယ်။ လိင်ကတဆင့်ကူးစက်တဲ့အမျိုးအစားကသာ သားအိမ်အဝကင်ဆာဖြစ်စေတယ်။ သားအိမ်ဝနဲ့ မိန်းမကိုယ်မှာ ကင်ဆာမဖြစ်ခင်အပြောင်းအလဲတွေကနေ သားအိမ်ဝကင်ဆာဆက်ဖြစ်လာစေနိုင်တယ်။ မျိုးပွါးနိုင်တဲ့ မိန်းမ၊ ယောက်ျား ၁% မှာ လိင်လမ်းကြွက်နို့ရှိကြတယ်။

လိင်လမ်းကြွက်နို့ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံရာကနေကူးစက်တယ်။ အတော်များများမှာ ပိုးရှိနေမှန်း မသိကြဘူး။ သူ့ဖါသူလည်းပျောက်သွားနိုင်တယ်။ ငယ်ရွယ်သူတွေမှာ ပိုများကြတယ်။ အမျိုးအစားပေါင်း ၄ဝ လောက် ရှိတယ်။ အများစုကတော့ ရောဂါမရစေပါ။ တချို့အမျိုးအစားတွေကနေ မိန်းမသားအိမ်အဝ၊ ယောက်ျားလိင်တံ၊ မွေးလမ်းကြောင်း၊ မိန်းမကိုယ်၊ အာခေါင်နေရာတွေမှာ ကင်ဆာဖြစ်စေနိုင်တယ်။ တချို့အမျိုးအစားတွေက ယောက်ျားရောမိန်းမပါ လိင်လမ်းကြွက်နို့ဖြစ်စေနိုင်တယ်။

သားအိမ်အဝကင်ဆာ ကာကွယ်ဆေးတွေဟာ လိင်လမ်း ကြွက်နို့ကို ကာကွယ်တာဖြစ်တယ်။ သားအိမ်ဝ (ခေါင်း) ကင်ဆာအတွက်သာမက ဂေး (ယောက်ျားလိင်တူ) တွေမှာဖြစ်နိုင်တဲ့ စအိုလမ်းကင်ဆာကိုလည်း ကာကွယ်ပါမယ်။

သားအိမ်အဝကင်ဆာ ကာကွယ်ဆေး (၂) မျိုးရှိတယ်။ Cervarix ဆိုတာကို Bivalent vaccine နှစ်မျိုးပြီးလို့ခေါ်ပြီး၊ Gardasil ကို Quadrivalent vaccine လေးမျိုးပြီးလို့ ခေါ်တယ်။ Gardasil ကာကွယ်ဆေးဟာ ယောက်ျားလေး-မိန်းကလေးတွေအတွက် HPV 6, 11, 16 နဲ့ 18 အမျိုးအစား ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်တဲ့ တမျိုးထဲသောဆေး ဖြစ်တယ်။

Cervarix ကာကွယ်ဆေးကတော့ HPV 16 နဲ့ 18 တွေကို ကာကွယ်ပေးနိုင်တဲ့ မိန်းကလေးတွေအတွက်ဆေးဖြစ်တယ်။ မိန်းကလေး ၁ဝ နှစ်ကနေ ၂၅ နှစ် အရွယ်တွေကိုထိုးပေးဘို့ ၂ဝဝ၉ မှာ သတ်မှတ်ခဲ့ပါတယ်။ HPV types 16 နဲ့ 18 ဗိုင်းရပ်စ်အမျိုးအစားကို ကာကွယ်ပေးမယ်။ ဒီ ၂ မျိုးကနေ ၇ဝ% သော သားအိမ်အဝကင်ဆာကို ဖြစ်စေနိုင်တယ်။ တခြားကင်ဆာဖြစ်စေနိုင်တဲ့ HPV types 31, 33 နဲ့ 45 တွေကိုလဲ ကာကွယ်မှုပေးတာကို တွေ့ရသေးပါတယ်။

Gardasil ကာကွယ်ဆေးကို မိန်းကလေးတွေကိုသာမကပါ ယောက်ျားလေး ၉-၂၆ နှစ်ကိုထိုးတယ်။ တချို့နိုင်ငံတွေမှာ ၁၁-၁၂ နှစ်တွေကို ၃ ခါပြည့်အောင်ထိုးစေတယ်။ အဲဒီနည်းအတိုင်း ဆေးထိုးဘို့အဆင်မပြေရင် ပဌမဆေးပြီးနောက် ၂ လခွဲမှာ ဒုတိယဆေးနဲ့ တတိယဆေးကို ၅ လ နဲ့ တနှစ်အတွင်းမှာ ထိုးနိုင်တယ်။ HPV 6, 11, 16 နဲ့ 18 အမျိုးအစား ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်တဲ့ တမျိုးထဲသောဆေး ဖြစ်တယ်။ အသက် ၉ နှစ်ကနေ ၂၆ နှစ်ကြား မိန်းကလေးတိုင်း ထိုးကြဘို့ ၂ဝဝ၆ ခုနှစ်ကတည်းက သတ်မှတ်ထားခဲ့တာပါ။ Gardasil ကာကွယ်ဆေးဟာ လိင်လမ်း ကြွက်နို့အပြင် စအိုကင်ဆာ၊ မိန်းမကိုယ် ကင်ဆာ၊ မွေးလမ်းကြောင်း ကင်ဆာတွေကိုလဲ ကာကွယ်နိုင်တယ်။

0.5 mL ကို IM အသားဆေးထိုးရတယ်။ (၃) ခါထိုးရမယ်။ ဒုတိယဆေးကို ပဌမဆေးနောက် ၁-၂ လအကွာမှာ ထိုးတယ်။ တတိယဆေးကို ပဌမေးထိုးပြီးနောက် ၆ လအကြာမှာထိုးတယ်။ ဝ-၁-၆ ပုံသေနည်းသုံးတယ်။ ပဌမဆေးထိုးပြီး နောက် ၁ လမှာ ဒုတိယဆေးနဲ့ တတိယဆေးကို ၆ လအပြည့်မှာ ထိုးရမယ်။ ဝ-၂-၆ ဆိုတဲ့ ဖေါ်မြူလာအတိုင်းလည်း ထိုးပါတယ်။ ဒုတိယဆေးကို ပဌမတခါပြီးနောက် ၂ လမှာထိုးပါ။ ပဌမတခါပြီးနောက် ၆ လမှာ တတိယဆေးထိုးပါ။ ဆေးထိုးပြီး ၁၅ မိနစ်ကြာနားနေသင့်တယ်။

တကယ်လို့ကာကွယ်ဆေးမထိုးခင်က HPV ပို တမျိုး ဒါမှမဟုတ် တမျိုးမကနဲ့ ထိတွေ့ဘူးပြီးဖြစ်နေရင် ကာကွယ်ဆေးရဲ့ ထိရောက်မှုနည်းနိုင်တယ်။ ကာကွယ်ဆေးတွေက ပိုးကြောင့်ဖြစ်နေပြီးသားရောဂါကိုတော့ မကာကွယ်နိုင်ပါ။ ဆေး ၃ လုံး ထိုးထားပြီးရင် ၆ နှစ်အထိကာကွယ်တာ သေခြာတယ်။ ဒိနောက်လဲ ကာကွယ်နိုင်စွမ်း မလျှော့သေးပါ။၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေတာပါ။ ကာကွယ်ဆေးမထိုးခင် အပျိုလား၊ အပျိုမဟုတ်တော့ဘူးလား မေးမနေပါ။ သားအိမ်အဝကင်ဆာ ရှိ-မရှိစစ်တဲ့ Pap test ရော၊ HPV test ပါ စစ်ကြည့်ဘို့မလိုအပ်ပါ။ ဒါပေမဲ့ ဆေးထိုးထားလဲဆေးက အကုန်လုံးကို ကာကွယ်နိုင်တာမဟုတ်လို့ သားအိမ်အဝကင်ဆာရှိ-မရှိဆိုတာကို စစ်ဘို့တော့ လိုအပ်ပါမယ်။ ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေးမထိုးသေးပဲ နေသင့်တယ်။ ကာကွယ်ဆေးက ကိုယ်ဝန်ကို ထိခိုက်စေတာ မတွေ့ရသေးပေမဲ့ သုတေသနတွေကမပြည့်စုံသေးပါ။ ကိုယ်ဝန်ဆောင်နေမှန်းမသိဘဲ ကာကွယ်ဆေး ထိုးမိရင်လဲ ကိုယ်ဝန်ဖျက်ပြစ်ဘို့ မလိုအပ်ပါ။ ဆက်ထိုးရမဲ့ဆေးကိုတော့ ကလေးမွေးပြီးမှ ထိုးသင့်တယ်။ အစကနေပြန်ထိုးဖို့မလိုပါ။

ဒီကာကွယ်ဆေးဟာ ကင်ဆာဆေး၊ စတီရွိုက်ဆေး (များရင်) နဲ့ ခုခံအားကျဆေးေGင်္သုံးနေချိန်မှာ ထိရောက်မှုနည်းမယ်။ တခြားကာကွယ်ဆေးတွေ Diphtheria, Tetanus, Pertussis and Polio vaccines နဲ့ တရက်ထဲ ထိုးလို့ ရပါတယ်။ ဆေးထိုးတဲ့နေရာတော့ အတူမဖြစ်ရပါ။ ပိုးဝင်ထားပြီးအမျိုးသမီးတွေက ရောဂါဖြစ်ချင်ဖြစ်လာနိုင်တယ်။ ပိုးကိုရော ရောဂါကိုပါ ကာကွယ်ဆေးက ပျောက်အောင်လုပ်မပေးနိုင်ပါ။ ကာကွယ်ဆေးတွေက ပိုးကြောင့်ဖြစ်နေပြီးသား ရောဂါကိုတော့ မကာကွယ်နိုင်ပါ။

ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးထိုးတဲ့နေရာမှာ နာမယ်၊ နီမယ်၊ ရောင်မယ်။ ခေါင်းကိုက်၊ ကြွက်သားနာ၊ အားယုတ်နိုင်တယ်။ သက်ရှိဗိုင်းရပ်စ်ကိုသုံးထားတာ မဟုတ်လို့ HPV ပိုးဝင်တာအတွက် စိတ်ချရတယ်။

1. Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/03/cervarix.html
2. Gardasil vaccine သားအိမ်အဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/03/gardasil-vaccine.html
3. HPV vaccine and Marriage သားအိမ်ကင်ဆာ ကာကွယ်ဆေးနှင့် လက်ထပ်ခြင်း http://doctortintswe.blogspot.com/2014/12/hpv-vaccine-and-marriage.html
4. HPV Vaccine for Ca Cx သားအိမ်အဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hpv-vaccine-for-ca-cx.html
5. Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင် http://doctortintswe.blogspot.com/2014/11/pregnancy-and-hpv-vaccination_4.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး