Hypoparathyroidism လည်ပင်ကြီး ခွဲပြီးသည့်နောက် (၂)


အင်္ဂလိပ်စာလုံးတွေပါတယ်။ ဆောရီး။

၁။ အသက် ၃၈ မိန်းကလေးပါ အိမ်ထောင်ရှိပါတယ် လည်ပင်းခွဲထားပါတယ်ဆရာ အရင်က ကယ်စီယမ်ဆေး သောက်ရတာ တနေ့ခြောက်လုံးပေးထားပါတယ် ပုံမှန်သောက်ပါတယ် ထိုးဆေးကမထိုးရတာ လေးလရှိနေပါပြီ အခုခရီးထွက်နေချိန်မှာ လက်တွေကပ်ချင်နေပါတယ် သောက်ဆေးကတော့ပါလာပါတယ် ထိုးဆေးပါမလာဘူးဆရာ အရေးပေါ်ဘာလုပ်သင့်လဲ အကြံလေးပေးပါဆရာကျေးဇူးတင်ပါတယ် ခရီးကအညာဘက်ပါဆရာ ကယ်ဆီယမ် နည်းတဲ့လက္ခဏာက ဘယ်လိုတွေလဲဆရာ ဘာတွေစားရင်ပြန်ပြည့်မလဲ ဘာတွေရှောင်ရမလဲဆရာ ဆေးစစ်တာတော့ ကယ်ဆီယမ်နည်းတယ် ပြောပါတယ် အုန်းရည်နဲ့ ထိုးဆေးမှာပါတဲ့ ဂလူးကို့စ် တူပါသလားဆရာ လောလောဆယ် ထိုးဆေးမပါလာလို့ပါ သောက်လို့ရပါသလား

၂။ သမီးအမေက လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က လည်ပင်းကြီး (ညာဘက်) အတွက် ခွဲခဲ့ရဖူးပါတယ်။ အခု အနှစ် ၂ဝ ရောက်တော့ နောက်တခါ ပြန်ဖြစ်တာနဲ့ ထပ်ခွဲရပါတယ်။ ၂ လ နီးပါး အရောက်လည်းကျရော မျက်နှာတွေ ခြေတွေ လက်တွေ အမ်းလာပါတယ်။ သွေးလည်း တိုးပြီး သွေးပေါင်ချိန်က မမှန်ပါဘူး။ လူကတော့ ဝလာတယ် ထင်နေတာ။ နောက်တော့ ခေါင်းပါ မထူနိုင်လို့ နယ်မှာ ပြနေကျ ဆရာဝန်နဲ့ သွားပြတော့ ကယ်ဆီယမ် ချို့တဲ့တာလို့ ပြောပါတယ်။ နယ်ဆရာဝန်က ရန်ကုန်က သူခွဲခဲ့တဲ့ ဆရာဝန်ကြီးကို မြန်မြန်ပြပါဆိုတာနဲ့ ပြတော့ ဆရာကြီးက အာရုံကြော ရောင်တာ လို့ပဲ ပြောပါတယ်။ နယ်ဆရာဝန်က အဆင်မသင့်ရင် နှလုံးသွေး ရပ်တတ်တယ်လို့ ပြောလိုက်ပါတယ်။ ဆရာကြီးကတော့ စိတ်ပူစရာ မရှိဘူးဆိုပြီး ဆေးခန်းကို ၃ ရက်တခါ ချိန်းပါတယ်။ ကယ်ဆီယမ် နဲ့ ဂလူးကို့ကို ၃ ရက်ခြား တခါ ထိုးပြီး သောက်ဆေးကတော့ ဆေးဖြူ ၂ လေး တလုံးပဲ သောက်ခိုင်းပါတယ်။ ဆေးခန်းချိန်းတဲ့ နေ့တိုင်း ကယ်ဆီယမ် ထိုးရင် သက်သာပါတယ်။ ဆရာဝန်ကြီးက မေးတော့လည်း စကားအရမ်းနည်းတော့ ဖြေဘူးဆရာ။ ဂဃနဏပေါ့။ ကောင်းသွားမှာပါ တခွန်းပဲ ပြောတယ်။ နယ်က ဆရာဝန်ပြောလိုက်တော့ စိတ်တော်တော် ပူပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာရယ်။ ကယ်ဆီယမ် ကို အဲလို ဘယ်အချိန်ထိ ထိုးနေရမှာလဲ၊ ကယ်ဆီယမ် ထိုးရင် ရမဲ့ဘေးထွက် ဆိုးကျိုးကိုရော၊ သိချင်ပါတယ်ဆရာ။

Goitre လည်ပင်ကြီးကို ခွဲစဉ်က တွဲရှိနေတဲ့ Parathyroid glands အိတ်ကလေးတွေ ပါသွားလို့ ဖြစ်ရတာပါ။ အိတ်တွေက တဖက်မှာ အထက်အောက် တလုံးစီရှိတော့ ပဌမခွဲတုံးက နှစ်လုံး ပါသွားပေမဲ့ ကျန်နှစ်လုံးက အလုပ်လုပ်ပေးနေခဲ့မယ်။ နောက်တခါ အကုန်ပါသွားတော့ အခုလိုဖြစ်တာ နေမယ်လို့ မှန်းကြည့်ရပါတယ်။

အိတ်ကလေးတွေဆိုတာ လည်ပင်းကြီး အကြိတ်လိုဘဲ ဟော်မုန်း ထုတ်ပေးတယ်။ အမျိုးအစားတော့ Parathyroid hormone (PTH) ခေါ်တယ်။ နာမယ်ထက် အရေးကြီးတာက ဟော်မုန်းရဲ့သတ္တိ။ Calcium (ကယ်လ်စီယမ်) အလုပ်ကို ထိန်းပေတယ်။ အလားတူ Phosphorus (ဖေါ့စ်ဖါးရပ်စ်) နဲ့ Vitamin D (ဗီတာမင် ဒီ) တွေကိုပါ သက်ရောက် စေတယ်။ ရောဂါရရင် Blood calcium နည်းလာပြီး၊ Phosphorus levels မြင့်လာမယ်။ ခွဲလို့ ထိခိုက်မိလို့ မဟုတ်ဘဲ၊ Magnesium နည်းရင်လဲ ဖြစ်နိုင်တယ်။ Metabolic alkalosis ဖြစ်ရင်လဲ ဒီလို ဖြစ်မယ်။

ရောဂါလက္ခဏာတွေကတော့ ပါးစပ်နား တဝှိုက်မှာ အပ်နဲ့ ထိုးသလို စူးပြီးကျင်ဆာ အစောဆုံး လက္ခဏာဖြစ်တယ်။ အန်ချင်၊ ခေါင်းကိုက်၊ ဗိုက်နာ၊ လက်သည်း-ခြေသည်း ကျွတ်ဆတ်၊ ဆံပင်ခြောက်၊ အရေပြားခြောက်၊ ကြွက်သားနာ-ကြွက်တက်၊ လက်ချောင်း-ခြေချောင်းကျင်၊ သွေးခြည်ဥထွက်၊ ရာသီလာရင် ကိုက်ခဲ၊ မှိုရောဂါဝင်၊ ကလေးဆိုရင် သွားပေါက်နှေးမယ်၊ သွား-ကြွေလွှာ အားနည်းစေမယ်။

ဆိုးတဲ့ဆက်တွဲဖြစ်နိုင်တာတွေကတော့ မျက်စိအတွင်းတိမ်၊ Seizures အတက်ရောဂါ၊ Larynx spasms ရုတ်တရက် လေပြွန် တုံခါ-နာကျင်တာ၊ အာရုံစိုက်နည်းတာ။ Latent tetany ကြွက်တက်ခြင်နေတာကို Trousseau sign သွေးဖိအားတိုင်း ကရိယာနဲ့ အထက်သွေးချိန် အပေါ်မှာ ထားကြည့်ရင် အဲဒီလက်မှာ တကယ်ကြွက်တက်လာတာ တွေ့ရလိမ့်မယ်။ ဆရာဝန်ကိုင် တူနဲ့တူတဲ့ ခေါက်တံနဲ့ စမ်းရင် တုံ့ပြန်မှုက ဖြစ်နေကြထက် ပိုကဲနေတာ တွေ့မယ်။

အရေးပေါ် လက္ခဏာတွေကတော့ Laryngospasm လေပြွန် ကြွက်သားတွေ ရုတ်တရက်၊ အချိန်မရွေး ဒုက္ခပေးတာ (တခြားအကြောင်းတွေကနေလဲ ဖြစ်တတ်တယ်) နဲ့ Cardiac arrhythmias နှလုံးခုန် မမှန်တာ။

ကုသရာမှာ အဓိက Calcium နဲ့ Vitamin D တွေကို အပိုဆောင်းပေးရတယ်။ Vitamin D3 က ပိုကောင်းတယ်။ အရေးပေါ် ဖြစ်ချိန်မှာ Calcium gluconate (IV) သွေးပြန်ကြောထဲ ထိုးရမယ်။ နှလုံးကို စောင်ကြည့် နေရမယ်။ နှလုံးခုန်တာက စည်းချက်ဝါးချက်ကျကျ ခုန်နေမှ ကောင်းတယ်။ သက်သာချိန်မှာ စားဆေး ပေးမယ်။ ဆေးကုရတာက တသက်လုံးပါ။

High-calcium (ကယ်လ်စီယမ်) များ အစာတွေကို ရွေးစားပြီး၊ Phosphorous (ဖေါ့စ်ဖါးရပ်စ်) နည်းတာတွေကို ရှောင်ပါ။ မက်မွန်သီး၊ ပဲစေ့-ပဲတောင့်-ပဲသီး၊ ကြံသကာ၊ အုတ်စပါး၊ ဆာဒင်းငါး၊ နှမ်းပြစ်၊ ဆီးသီးမျိုးစုံ၊ ဆရုတ်ဆီးသီး၊ ဗာဒံစေ့၊ အစိမ်းရောင်ရင့် အရွက်တွေ ဥပမာ ဟင်းနုနွယ်ရွက်၊ စတာတွေ များများစားပါ။ အဆီလွတ်အသား၊ ရေချိုငါး စားပါ။ တို့ဖူး၊ ပဲ စားပါ။ ဆီသုံးရာမှာ အသီးအနှံက ထုတ်တာ ရွေးသုံးပါ။ Soy milk ပဲနို့ သောက်နိုင်တယ်။

Calcium စစ်ရင်
• ပုံမှန်အားဖြင့် 8.5 to 10.2 mg/dL or 9–10.5 mg/dL or 2.2–2.6 mmol/L ရှိတယ်။
• ဓါတ်ခွဲခန်းတွေ မတူရင် ကွဲလွဲတတ်တယ်။
• 8.0 mg/dL ထက်နဲရင် Hypocalcaemia ရောဂါ၊
• 1.59 mmol/L (6 mg/dL) ထက်နည်းရင် အတော်ဆိုးတယ်။
• 10.6 mg/dL ထက်များရင် Hypercalcaemia ရောဂါ။
• 3.753 mmol/L (15.12 mg/dL) ထက်ပိုရင် အတော်ဆိုးတယ်။

ဝယ်လိုရတတ်တဲ့ Calcium စားဆေးတွေကတော့
• Calcium carbonate 250, 650 mg
• Calcium gluconate 90, 1000 mg
• Calcium citrate 200, 950 mg
• Calcium lactate 60, 300 mg

ဝယ်လိုရတတ်တဲ့ Vitamin D ဆေးတွေကတော့
• 1,25-Dihydroxycholecalciferol Capsule: 0.25, 0.5 μg
• Calcitriol (Rocaltrol; Calcijex) Injection: 1, 2 μg/mL
• 25-hydroxycholecalciferol Capsule: 20, 50 μg
• Calcifediol (Calderol) Capsule: 1.25 mg to 50,000 IU
• Ergocalciferol (vitamin D2, Drisdol) Solution: 12.5 mg/mL; Drops: 200 μg/mL to 8,000 IU
• Cholecalciferol (vitamin D3; Delta-D) Tablet: 400, 1000 IU

Trans-fatty acids တွေ သုံးထားတဲ့ ဘီစကစ်မုံ့၊ ကိတ်မုံ့၊ ဆိုင်ရောင်း အာလူးကျော်၊ ဒူးနတ်၊ ထောပတ်တုတွေ ရှောင်ပါ။ Carbonated beverages ကာဗွန် ထည့်ပေးထားတဲ့ ဖျော်ရည် မများစေနဲ့။ Phosphates များတယ်။ ကော်ဖီ၊ အရက်၊ ဆေး-ဆေးလိမ် မတည့်ပါ။ ပေါင်မုံ့ဖြူ၊ (ပါစတာ)၊ သကြားတွေ ရှောင်ပါ။

• ဆေးက သွေးကြောအပြင်ရောက်ရင် အလွန်ကို နာတယ်။ အကြောဆေး ခဏခဏထိုးရသူတွေမှာ Phlebitis သွေးပြန်ကြောရောင်တာ ဖြစ်လာတတ်တယ်။
• Hypoparathyroidism ကနေ Pernicious anemia သွေးအားနည်းရောဂါ၊ Addison's disease, Parkinson's disease ရောဂါတွေ ဆက်ဖြစ်တတ်သေးတယ်။
• လေပြွန်နေရာ ကြွက်တက်သလို ဖြစ်လာရင် အရေးပေါ် Tracheotomy လည်ပင်မှာ အပေါက်ဖါက် ပြွန်တပ် ပေးတာ လုပ်ရမယ်။
• Teriparatide ဆိုတဲ့ဆေး စမ်းသပ်နေပြီ။ PTH ဟော်မုန်းကို အပြင်မှာထုတ်တာ။ Osteoporosis ရောဂါသည် တွေကို ပေးနေတယ်။
• Vitamin D နဲ့ Calcium လိုတာထက် များသွားရင်လဲ Hypercalcemia ဖြစ်စေပြီး ကျော်ကပ်ကို ထိခိုက်နိုင်တယ်။

အားဆေးတွေအဖြစ် Vitamins A, C, E, B-complex တွေ သောက်ပါ။ Magnesium, Zinc, Selenium ဓါတ်ဆားတွေလဲ ပါသင့်တယ်။ Omega-3 fatty acids လဲ ကောင်းတယ်။ ရေသောက်တာ တနေ့ ၆-၈ ခွက်ထက် မနည်းစေနဲ့။ ကိုယ်လက် လှုတ်ရှားမှု တနေ့ နာရီဝက်၊ တပါတ် ၅ ရက် လုပ်ပါ။ မပြင်းထံပါစေနဲ့။

သွေးတိုးများရင်၊ ကိုလက်စထောများရင် သပ်သပ် ဂရုစိုက်ပါ။ ကိုယ်အလေးချိန် မတိုးတာ ကောင်းမယ်။ ရောဂါ အကြောင်း စုံစေ့အောင် ရေးလိုက်တာမို့ အစိုးရိမ် မပိုစေလိုပါ။ အဆိုးဆုံးအထိ ပါအောင်အထိ ရေးရတာမို့ပါ။

Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁) http://doctortintswe.blogspot.com/2014/10/hypothyroidism.html
Complications of Thyroid Surgery လည်ပင်းကြီးရောဂါ ခွဲစိတ်ကုသခြင်း http://doctortintswe.blogspot.com/2017/08/complications-of-thyroid-surgery.html
Hypoparathyroidism လည်ပင်ကြီး ခွဲပြီးသည့်နောက် (၂) https://doctortintswe.blogspot.com/2014/10/hypoparathyroidism.html
Calcium (ကယ်လ်စီယမ်) https://doctortintswe.blogspot.com/2014/12/calcium.html
Calcium အမျိုးသမီး၊ ကလေးနဲ့ ကယ်လ်စီယမ် https://doctortintswe.blogspot.com/2016/03/calcium.html
Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး