Bee pollen ပန်းဝတ်မှုံ အာဟာရ

မေးကြတာတွေ အတော်များတယ်။ ကြော်ငြာဆေးဆို မေးကြပြီ။ နမူနာပဲထည့်ပါမယ်။

၁။ ဆရာရှင့် ခင်မင်ရသောအမတယောက်က ကိုယ်ဝန်ကြီးနှင့်ကို ပုံပါပိုလန်ဆေးဘူး ၂ ဘူး ကုန်အောင် သောက်ထားပါတယ်။ မသောက်သင့်တာမှန်းသိလို့ ဆက်မသောက်ဖို့ တားထားလိုက်ပါပြီ။ ပိုလန်နဲ့ပက်သက်တဲ့ အကျိုးဆက်ဆောင်းပါးလေး ရေးပေးပြောပြပေးမယ်ဆိုရင် အရမ်းကျေးဇူးတင်မိမှာပါ။ ဆရာ့ဆောင်းပါးတွေလဲ ဖတ်နေသူတယောက်ပါ။

၂။ ဆရာရှင့် Bee Pollen က ကိုယ်ဝန်ဆောင်သည် သောက်လို့ရလားရှင့်။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။

၃။ ဆရာရှင့် ဆယ့်တစ်လသမီးလေးကို been pollen နေ့တိုင်းတိုက်ရင် နောက်ဆက်တွဲဆိုးကျိုး ဘာတွေ ဖြစ်လာနိုင်ပါသလဲဆရာ။ ကလေးက အအိပ်အစားနည်းတယ်ဆိုပြီး ယောက္ခမတွေက pollen တွေ ကျွေးနေလို့ပါ။ တခါတလေ တရက်ထဲသုံးလုံးလောက်ဖြစ်သွားတက်လို့ပါ။ ကျေးဇူးပြုပြီးဖြေကြားပေးပါနော်။

၎။ မင်္ဂလာပါခင်ဗျာ။ မြန်မာပြည်မှာ ကင်ဆာဖြစ်ရင် တတ်ယောင်ကားတွေနဲ့တွေ့ပြီး ဒုက္ခရောက်ကြတာ များပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ တကယ့်ငယ်ရွယ်စဉ်ထဲက ဆေးပညာကို စနစ်တကျသင်လာတဲ့ ဆရာဝန်တွေရဲ့ စကားကလွဲရင် လက်မခံပါဘူးဆရာ။ ကျွန်တော်မေးခွန်းလေးတခုမေးပါရစေ။ ရင်သားကင်ဆာဖြစ်နေတဲ့ လူနာက Bee Pollen နဲ့ တည့်ပါလားခင်ဗျာ။ မြန်မာပြည်မှာက ကင်ဆာဖြစ်ရင် pollen ယဉ်ကျေးမူလိုဖြစ်နေပါတယ်။ ရိုင်းဟုတ်တို့ ဖိန်းတို့က အရောင်းစနစ်ကလဲ မန်ဘာစနစ်နဲ့ ဖြန့်ဝေတဲ့စနစ်ဆိုတော့ လူတော်တော်များများက သူတို့ member ဖြစ်နေကြတော့ ကောင်းတယ်လို့ဘဲ ပြောနေကြလို့ပါခင်ဗျာ။

၅။ ဆရာ ကျွန်တော်က မုံရွာမြို့နယ် အနောက်ပျံကျရွာကပါ။ အခုပို့ပေးထားတဲ့ဆေးတွေက ဘာဆေးလဲဆရာ။ ကောင်းကျိုး-ဆိုးကျိုး ပြောပြပေးပါဗျာ။ ကျွန်တော်တို့ရွာကို အဲ့ဒီဆေးတွေလာရောင်းလို့ပါဆရာ။ လူကြီးလူငယ် သောက်ကြတယ်ဆရာ။ တကယ်လို့ဒီဆေးကဆိုးကျိုးများနေရင် လူကြီးတွေကိုစိတ်ပူလို့မေးမိတာပါဆရာ။

၆။ ဆရာ သမီးအမျိုးသားကို pollen forte ထမင်းမစားခင်နာရီဝက်အလိုမှာတိုက်လိုက်ပါတယ်။ ဒီနေ့စသောက်တာပါ။ သူအခု ခေါင်းတွေတအားမူးပြီးနေရတာ မအီမသာဖြစ်နေတယ်လို့ပြောပါတယ်။ အစာမရှိလို့လားဆိုပြီး ထမင်းစားပါတယ်။ ဒါပေမယ့် မသက်သာဘူးတဲ့ဆရာ။ ဘာဖြစ်လို့ပါလဲ။ ကျေးဇူးပြုပြီး အမြန်ဖြေပေးပါနော်ဆရာ။

၇။ ဆရာရှင့် lucky time ကထုတ်တဲ့ pollen ကို မြစ်ကြီးနားမှာ တော်တော်သုံးကြပါတယ်။ သူ့ရဲ့ side effect လေးကို သိချင်လို့ပါဆရာ။

၈။ ကိုယ်ဝန်ဆောင်နဲ့ Bee Pollen တည့်ပါသလားရှင့်။ ထိုင်းသွားတုန်းက ပန်းဝတ်မှုန်အစစ်နဲ့လုပ်ထားပြီး လက်ဖက်ခြောက်လို အစေ့လေးတွေပါ။ နေ့တိုင်းသောက်ရင် ဝမ်းမှန်တယ်ဆိုလို့ Promoter က အညွန်း ကောင်းတာနဲ့ ဝယ်လာပြီးသောက်နေတာပါ။ ကိုယ်ဝန်ကမရသေးပါဘူး၊ ကြိုးစားဆဲပါ။ ကြိုးစာဆဲအချိန်မှာ ဆက်သောက်ရန် သင့်မသင့်ပြောပြပေးပါရှင့်။

၉။ တရုတ်ကထုတ်တဲ့ Bee pollen ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ သောက်လို့ ရပါသလား။ ဆရာဝန် တော်တော် များများကတော့ မသောက်ခိုင်းပါဘူး။ တချို့လူတွေက ပိုလန်ဆေးကို သောက်ရင် ကလေးကော လူကြီးပါ မွေးပြီးတာနဲ့ ကျန်းမာရေးကောင်းတယ်လို့ ပြောပါတယ်။ အဲဒါ သောက်သင့် မသောက်သင့်နဲ့ သောက်လို့ရမယ်ဆိုရင်ကော ဘယ်လို အတိုင်းအတာထိ သောက်သင့်သလဲဆိုတာ သိချင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးက မေးခိုင်းလို့ပါ၊

၁ဝ။ ဒီတစ်ခါမေးမှာတော့ ကျွန်မအတွက်မဟုတ်ပါဘူး။ မိသားစုသူငယ်ချင်းမိတ်ဆွေတွေအတွက်ပါဆရာ။ ပိုလန်အားဆေးကို သိမယ်ထင်ပါတယ်။ လင်ဇီးကထုတ်တာလို့သိရပါတယ်။ ကျွန်မအဒေါ်တယောက်လည်း အသင်းဝင်ပါ။ နိုင်ငံတိုင်းမှာရောင်းတဲ့ မြန်မာကိုယ်စားလှယ်တွေရှိပါတယ်။ ကျွန်မသိချင်တာက အဲ့ဆေးကို ဆရာ့ရဲ့ အမြင်ပါ။ ကိုယ်ဝန်ဆောင်သည်တွေကနေပြီး ကလေးငယ်လေးတွေကိုပါ ပတ်ဝန်းကျင်မှာ နေ့စဉ်တိုက်နေတာတွေ့ရလို့ပါ။ လူကြီးတွေလည်း သောက်ကြပါတယ်။

Food supplements, Dietary supplements ခေါင်းစဉ်နဲ့ ရောင်းတဲဆေးတွေဟာ Medicine/Drug ဆေးနဲ့ဆေးဝါး မဟုတ်လို့ FDA ခေါ် အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင် ခွင့်ပြုချက်မပါပဲ ရောင်းနိုင်တယ်။ အဲလိုဆေးတွေမှာ ဆေးသုတေသနမပြည့်စုံပါ။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုး အတိအကျမသိနိုင်ပါ။ တရားဥပဒေစိုးမိုးမှုရှိတဲ့ဆီမှာ တခုခုဖြစ်ရင် အရေးယူခံရတယ်။ မြန်မာပြည်ကတော့ ညာလို့အလွန်လွယ်တယ်။ ခံရလည်း ပြီးပြီးတာပဲ။

ဆေးကြော်ငြာတွေမှာ အကုန်ကောင်းသလိုလိုရေးတာကများတယ်။ စွပ်စွဲနေတာမဟုတ်ပါ။ အထက်ကမေးခွန်းတွေကို ကြည့်ပါ။ အမျိုးသမီး၊ အမျိုးသား၊ ကိုယ်ဝန်ဆောင်၊ ကလေး၊ ဝမ်းမှန်ချင်သူ၊ ရှိသေးတယ်။ မေးတာတွေကိုအကုန်ထည့်ရင် စာအတော်ရှည်နေမယ်။ ကင်ဆာ။ မင်ဘာစနစ်။ ဖြေရတာ ခက်လည်းခက်။ လွယ်လည်းလွယ်။

ပျားကောင်တွေက ပန်းတွေကနေ ဝတ်ရည်စုပ်ယူကြတယ်။ လူတွေက ပျားကောင်တွေဆီကနေ စပါယ်ရှယ်နည်းသုံးပြီး ထုတ်ယူကြပြန်တယ်။ ပန်းဝတ်မှုံရည် အာဟာရမှာ ဗီတာမင်၊ ဓါတ်ဆား၊ အင်ဇိုင်းမ်၊ အမိုင်နိုအက်စစ်တွေပါတယ်လို့ ဆိုပါတယ်။ အားဖြစ်စေတယ်၊ ရောဂါပြီးစနစ် ကောင်းစေတယ်၊ အိုစာတာကို ခံချနိုင်တယ်လို့လဲ ဆိုပါသေးတယ်။

တိတိကျကျ ထပ်ပြောသေးတာက ပရိုတင်း၊ ကာဗွန်ဟိုက်းရိတ်၊ ဖက်တီး-အက်စစ်တွေနဲ့အတူ ဗီတာမင် A, C, D, E တွေသာမက Lecithin, Beta-carotene နဲ့ Selenium ဆိုတာတွေပါလို့ Antioxidant effects ရစေပါသတဲ့။ ငယ်ရုပ်ဆင်ပေးနိုင်တယ်တဲ့၊ ကိုယ်အလေးချိန်ကျစေမယ်တဲ့၊ အမျိုးသားရော အမျိုးသမီးပါ လိင်စိတ်ပိုစေမယ်တဲ့၊ အားယုတ်တာ သက်သာမယ်တဲ့၊ အရေပြားနဲ့ ကြွက်သားတင်းနေစေမယ်တဲ့။ ပျို့တာ၊ အိပ်ရေးပျက်တာ၊ (အင်ဖက်ရှင်) ဝင်တာ၊ ဆေးအပြင်းတွေကြောင့် ရောဂါပြီးစနစ်ကျတာ၊ သွေးဖိအားကျတာ၊ သွေးအားနည်းတာ၊ နှလုံး-ရောဂါ၊ ကင်ဆာ၊ ဝမ်းချုပ်တာတွေကို ကောင်းစေတယ်တဲ့။ အားကစားလုပ်ရာ ပိုကောင်းစေတယ်တဲ့၊ စိတ်ရောဂါ၊ (၉၆) ပါးတဲ့။

အလာဂျီကို ကုနိုင်တယ်လို့ ပြောတာတော့ လွန်သွားပုံရတယ်။ မဟုတ်ပါ။ ပြောင်းပြန်လို့ဆိုသူက ဆိုတယ်။ ပန်းဝတ်မှုံ အနံ့က တချို့အတွက် အလွန်မွှေးပေမဲ့ တချို့ကမတည့်လို့ ပန်းနာတောင်ဖြစ်နိုင်တယ်။ အပင်တွေရဲ့ အင်ဇိုင်းက လူ့ ဇီဝဖြစ်စဉ်နဲ့ မကိုက်ဘူးတဲ့။

ဘေးထွက်ဆိုးကျိုးတွေ မများပါ။ အမေရိကားမှာ လူ ၅% က ပျားရည်၊ ပန်းဝတ်မှုံနဲ့ မတည့်လို့ အလာဂျီရကြတယ်။ ပန်းဝတ်မှုံအမျိုးမျိုးကနေ စုဆောင်းတာမို့ တမျိုးနဲ့တမျိုး မတည့်တာတွေ ပါနေတတ်တယ်။ ဥပမာ ဂန္ဓမာပန်းနဲ့ နေကြာပန်း။

ကျွန်တော် မျက်စိတော့ မရှန်ပါ၊ သူတို့ရေးတာထဲမှာ ကိုယ်ဝန်အတွက်ကောင်းတယ်လို့ သီးသန့်ရေးတာ မတွေ့ပါ။ အမေရိကန်ကိုယ်ဝန်နဲ့ ဗမာကိုယ်ဝန် ဘာခြားနားလို့လဲ။ ကိုယ်ဝန်မှာလိုတာက သံဓါတ်နဲ့ ပရိုတင်းများရမှာဖြစ်ပါတယ်။ အိမ်တိုင်ယာရောက် လာရောင်းတဲ့ကုန်ပစ္စည်းဆိုတာ ဆေးဖြစ်နေလို့ စဉ်းစားကြစေချင်တယ်။ အားဆေးမှန်သမျှ အစားအသောက်ထက် ပိုမကောင်းပါ။ အားလိုအပ်ချက်ဆိုတာ ကျား-မ မတူပါ။ တယောက်နဲ့ တယောက်လည်း မတူပါ။ ကင်ဆာကို မပျောက်စေပါ။ ဒီစာဟာ ဘီးပိုလန်တမျိုးတည်းအတွက် မဟုတ်ပါ။ ကြော်ငြာဆေးအားလုံးအတွက် ဖြစ်တယ်။ FDA လို့ရေးမေးတာတွေအတွက်လည်းဖြစ်ပါတယ်။

ဆက်စပ်စာများ -
၁။ Bee pollen ပန်းဝတ်မှုံ အာဟာရ http://doctortintswe.blogspot.com/2014/11/bee-pollen_19.html
၂။ Bee pollen granules ပျားကနေထုတ်တဲ့ဆေး http://doctortintswe.blogspot.com/2014/11/bee-pollen-granules_19.html
၃။ Honey and Botulism ပျားရည်နှင့်အဆိပ် http://doctortintswe.blogspot.com/2016/02/honey-and-botulism.html 

Dr. တင်ဆွေ
၃-၆-၂ဝ၁၆
၃-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး