Contraception Natural Method သဘာဝနည်းနဲ့ ကိုယ်ဝန်တားဆီးခြင်း

Dr. သမီး တခုလောက်အကြံဥာဏ်တောင်းချင်လို့ပါရှင့်။ သဘာဝနည်းနဲ့ တားဆေး သိချင်ပါတယ်ရှင့်။

ကိုယ်ဝန်တားဘို့ရာ သဘာဝနည်း (၃) နည်းရှိပါတယ်။ (၁) ရက်ရှောင်နည်း၊ (၂) သုက်အပြင်ထုတ်နည်း နဲ့ (၃) ကလေးနို့တိုက်ခြင်းနည်းတွေဖြစ်တယ်။

ရာသီလာရက်ရဲ့ ရှေ့ ၇ ရက်၊ ရာသီလာပြီး နောက် ၇ ရက်တွေမှာ အတူနေတာ စိတ်ချရတယ်လို့ ပြောကြတာက အကြမ်းသဘောပြောကြတာဖြစ်တယ်။ ရာသီတလတိုင်းမှာ ကိုယ်ဝန်မရနိုင်တဲ့ရက်တွေက ၂ ပိုင်းရှိတယ်။ ရာသီမလာခင် တပိုင်းနဲ့၊ ရာသီလာပြီးတပိုင်း။ မ-မျိုးဥ မထွက်ခင်နဲ့ ထွက်ပြီးချိန်တွေဖြစ်တယ်။ ရာသီဆင်းတာက ကိုယ်ဝန်နဲ့ တိုက်ရိုက် မပတ်သက်ပါ။ မ-မျိုးဥကသာ ကိုယ်ဝန်ရစေတာဖြစ်ပါတယ်။ ရက်တွက်နည်း ၂ နည်းရှိတယ်။

(၁) Standard Days Method (ဂျော့ခ်ျတောင်း) တက္ကသိုလ်က လုပ်ထားတဲ့နည်းဖြစ်တယ်။
• ရာသီတလဟာ ၂၆ ရက်ကနေ ၃၂ ရက်အထိရှိသူတွေ သုံးနိုင်တယ်။
• ၁ ကနေ ၇ ရက်အတွင်းမှာ ကိုယ်ဝန်မရနိုင်ဘူး။ (ဒီရက်တွေထဲမှာ ရာသီဆင်းနေတဲ့ရက်တွေလဲ ပါနေတာကို သတိပြုပါ။)
• ၈ ကနေ ၁၉ ရက်အတွင်းမှာ ကိုယ်ဝန်ရနိုင်တယ်။
• ၂ဝ ရက်ရဲ့နောက် ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာမယ်။ လာနေတုံးလဲ မရနိုင်ဘူး။ ဒိနောက် ၁ ကနေ ၇ ရက်ဆိုတာ ပြန်ရောက်သွားပြီ။
• စိတ်မချရမှု ၅% ရှိတယ်။

(၂) Rhythm method (ရစ်သမ်) စည်းချက်ချနည်း
• သင်္ချာတွက်ရမယ်။ ရာသီတလမှာ ဘယ်နှစ်ရက်ရှိသလည်း။ တလနဲ့တလ မတူတတ်ပါ။ အတိုဆုံးလကိုယူပါ။ ဆိုပါစို့ ရက် ၃ဝ ကနေ ၃၆ ရက်ရှိသူဟာ ၃ဝ ရက်ကိုယူပြီး တွက်ရမယ်။
• မ-မျိုးဥမထွက်ခင် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁၉ နုတ်ရနိုင်တယ်။ ၃ဝ - ၁၉ = ၁၁ ရတယ်။ ရာသီ စဆင်းတဲ့နေ့ နောက် ၁၁ ရက်အထိ ကိုယ်ဝန်မရနိုင်ဘူး။
• မ-မျိုးဥထွက်ပြီးနောက် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁ဝ နုတ်ရနိုင်တယ်။ ၃ဝ - ၁ဝ = ၂၆ ရတယ်။ ရာသီစဆင်းတဲ့နေ့ ၂၆ ရက်ကစပြီး ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာရနိုင်တယ်။ လာနေတုံးလဲ မရနိုင်ဘူး။
• စိတ်မချရမှု ၉% ရှိတယ်။

မ-မျိုးဥဘယ်ရက်မှာထွက်သလဲ။ လလယ်လို့ ပြောတာ အကြမ်းဖျင်းပြောတာသာ ဖြစ်တယ်။ The Institute for Reproductive Health သုတေသနအရ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောပြီး မျိုးဥထွက်တယ်။
• ၇၈%က လလယ်ရက်ထက် ၂ ရက်စောပြီး မျိုးဥထွက်တယ်။

ရက်ရှောင်ပြီး သားဆက်ခြားနည်းဟာ အကုန်အကျ အနည်းဆုံးဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့ ဆန္ဓပြည့်ဝမှုကို အနှောင့်အယှက် မဖြစ်စေသလို၊ ဘေးထွက်-ဆိုးကျိုးလဲမရှိပါ။ ဒါပေမဲ့ မတော်တဆ ကိုယ်ဝန်ရနိုင်နှုန်းက အမြင့်ဆုံး ဖြစ်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ် မပေးနိုင်လို့ (ကွန်ဒွမ်) လဲသုံးသင့်ပါတယ်။

• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း မဆက်ဆံသူတွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဆက်ဆံသူတွေထဲက (ကွန်ဒွမ်) နည်း၊ သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးဘဲဆက်ဆံသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

WHO Family Planning Handbook for Providers, 2007 ကိုယ်ဝန်ရစေနိုင်တဲ့နှုန်း တနှစ်တာ သုတေသန (၂ဝဝ၇)
• အကာအကွယ် (ကွန်ဒွမ်) မသုံးသူ = ၈၅% ကိုယ်ဝန်ရနိုင်တယ်။
• သုက်ပိုးသေဆေးနည်းသုံးသူ = ၁၈-၂၉% ကိုယ်ဝန်ရနိုင်တယ်။
• သုက်ရည် ပြင်ပစွန့်ထုတ်နည်းသုံးသူ = ၁၅-၂၈% ကိုယ်ဝန်ရနိုင်တယ်။
• ရက်ရှောင်နည်းသုံးသူ = ၅-၁၂% ကိုယ်ဝန်ရနိုင်တယ်။
• ကွန်ဒွမ်နည်းသုံးသူ = ၂-၁၅% ကိုယ်ဝန်ရနိုင်တယ်။
• နေ့စဉ်သောက်ရတဲ့ဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရနိုင်တယ်။
• ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး