Dyspareunia (1) ဆက်ဆံချိန်မှာ နာကျင်တာ (၁)

1. သို့ ဆရာရှင့် ကျွန်မကအိမ်ထောင်ရှိပါတယ်။ ကျွန်မငယ်ငယ်ကလဲ မိန်းကလေးကျန်းမာရေးနဲ့ပတ်သတ်ပြီး ဗဟုသုတမရှိပါဘူး။ အခုအိမ်ထောင်ပြုပြီးတော့ ကျွန်မနဲ့ ခင်ပွန်းနဲ့ အတူတူနေရင် အရမ်းနာပါတယ်။ အခုနောက်ပိုင်း ခင်ပွန်းအကူအညီနဲ့ စာအုပ်တွေရှာကြည့်တော့မှ ကန်တော့ပါရဲ့ မိန်းမကိုယ်က အရည်မထွက်ဘူး ဖြစ်နေပါတယ်။ အဲတာက ကလေးယူရာမှာ အနှောက်အယှက် ဖြစ်နိုင်ပါသလားရှင့်။ နောက်ပြီး အဲ့တာက ဘာဖြစ်လို့မထွက်တာပါလဲ။ ပုံမှန်အတိုင်းဖြစ်အောင် ဆေးသောက်တာပဲဖြစ်ဖြစ် လေ့ကျင့်ခန်း လုပ်တာပဲဖြစ်ဖြစ် လုပ်လို့ရနိုင်ပါမလားရှင့်။

မေးခွန်းမေးသူ အသက် မသိပါ။ အိမ်ထောင်ပြုတာဘယ်လောက်ကြာ မသိပါ။ အတူနေဘူးကာစမှာ နာတာက ထုံးစံပါ။ ၃-၄ ကြိမ်ထက် မနာပါ။ ဆက်နာနေရင် အရည်နည်းတာလဲဖြစ်နိုင်တယ်။ အသက် ၄၅ အောက်မှာ ခြောက်တာမဖြစ်ပါ။ လိင်စိတ်ဖြစ်ပေါ်ရင် စိုစွပ်လာပါမယ်။ သွေးဆုံးမှသာ ခြောက်တာ၊ ပါးတာတွေဖြစ်ပြီး နာပါတယ်။ ငယ်တုံးမှာနာတာအတွက် ဆေးစစ်ဘို့လိုသေးပါတယ်။ ဘယ်နေရာကနာသလဲ။ အဝ၊ ဗဂျိုင်းနားအတွင်းနဲ့ ဆီးစပ်။ ခြောက်လို့နာတာသက်သက်ဆိုရင် KY Jelly ဂျယ်လီသုံးနိုင်ပါတယ်။ အခုတချို့နိုင်ငံတွေမှာ မရောင်းးတော့ပါ။ Vaseline ဗက်ဆလင်းသုံးနိုင်ပါတယ်။ တခြားသန့်တဲ့ဆီတခုခုလဲရတယ်။ ဒါပေမဲ့ မှိုပိုးဝင်တတ်တယ်။ ခြောက်လို့နာတာ မဟုတ်သေးရင် OG ပြပါ။

မီးယပ်ရောဂါနဲ့ လာပြသူတွေထဲက ၁ဝ-၁၅% လောက်မှာ ဒီလိုရောဂါဖြစ်တာ တွေ့ရတယ်။ ဆက်ဆံချိန်မှာ အမျိုးသမီးက ပုံမှန် မဟုတ်ဘဲ နာကျင်တာကို ခံစားရစေနိုင်တဲ့ Dyspareunia အကြောင်းတရား နှစ်ပါးရှိတယ်။ ရုပ် နဲ့ စိတ်။ နာတဲ့နေရာ အမျိုးမျိုး ခွဲခြားရမယ်။
1. Vulvar pain အပြင်မ-အင်္ဂါမှာ နာတာ၊
2. Vaginal pain (ဗဂျိုင်းနား) မှာ နာတာ၊
3. Deep pain အတွင်းထဲမှာ နာတာ၊
4. ၃ မျိုးပေါင်း နာတာ၊
5. တကယ်နာစရာ မရှိဘဲ နာတာ။

မွေးလမ်းရောဂါတွေ ရွေးထုတ်-ကုသရပါမယ်။
1. STD Infections လိင်ကတဆင့် ကူးစက်ရောဂါတွေ (Candidiasis, Chlamydia, Trichomoniasis)
2. Endometriosis သားအိမ်ရောဂါ၊
3. Tumors အလုံး-အကျိတ်၊
4. Uterus Prolapses သားအိမ်ကျတာ၊
5. Xerosis (ဗဂျိုင်းနား) ခြောက်သွေ့နေတာ၊
6. Lichen Sclerosus et Atrophicus (LSEA) (ဗဂျိုင်းနား) ရောဂါ၊
7. Surgical scar tissue မွေးလမ်းကို ခွဲစိတ်ထားလို့၊
8. Ovarian cysts and tumors မျိုးဥအိမ် အလုံး-အကျိတ်၊
9. Monilial vaginitis (Yeast-like Fungus) မှိုပိုးဝင်တာ၊
10. Herpes ရေယုံ၊
11. Hymenal remnants အပျိုမြှေး ကျန်နေတာ၊
12. Estrogen deficiency postmenopausal women သွေးဆုံးချိန်၊
13. Radiation therapy for pelvic malignancy ဓါတ်ကင်ခံထားရတာ၊
14. Interstitial Cystitis (IC) ဆီးအိမ်ရောဂါ၊
15. Varicose veins in the pelvis သွေးပြန်ကြောထုံးတာ၊
16. Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တာ၊
17. Vaginal septum မွေးရာပါ မွေးလမ်းကြောင်းမှာ အလယ်ကန့်ရှိနေတာ၊
18. Vaginismus ဗဂျိုင်းနားရောဂါ၊
19. Urinary tract infections ဆီးလမ်းပိုးဝင်တာ၊
20. Sexual abuse, rape လိင်ကိစ္စ မဖွယ်မရာပြုခံရတာ၊ အဓမ္မပြုကျင့်ခံရတာ။

တိတိကျကျ နာတဲ့နေရာကို ထပ်ခွဲလို့ ရသေးတယ်။
• Vulvar vestibulitis အပြင်အင်္ဂါနေရာနာတာ၊ သွေးမဆုံးခင်အရွယ်တွေမှာ ဖြစ်တယ်။
• Vulvar or vaginal atrophy အပြင်အင်္ဂါနဲ့ ဗဂျိုင်းနား ကျဉ်းသွားတာ၊ သွေးဆုံးသူတွေမှာ ဖြစ်တယ်။
• Deep dyspareunia or pelvic pain အတွင်းထဲကနာတာ၊ မီးယပ်ရောဂါ တခုခု ရှိနေသူတွေမှာ ဖြစ်တယ်။

ခန္ဓာဗေဒမှာ Vulval vestibule ဆိုတဲ့နေရာကို အမျိုးသမီး အပြင်-လိင်အင်္ဂါရဲ့ အစိတ်အပိုင်း နေရာတခုကို ခေါ်တယ်။ တိတိကျကျ ပြောရရင် Clitoris မ-အစိရဲ့အောက်မှာ Labia minora မ-အင်္ဂါ-နုတ်ခမ်းသား အသေး နှစ်ဖက်အတွင်းက နေရာဖြစ်တယ်။ သူ့မှာ Urethral opening ဆီးထွက်ပေါက်နဲ့ Vaginal opening မွေးလမ်းပေါက်တွေ ပါတယ်။ Hart's Line ဆိုတဲ့ (ဆုပေးတဲ့ဒိုင်း) ပုံနဲ့တူတဲ့ နယ်နိမိတ်မျဉ်း သတ်မှတ်ထားတယ်။

Vulvar Vestibulitis Syndrome (VVS) ခံစားရသူတွေမှာ Burning ပူလောင်ပြီး၊ Cutting လှီးဖြတ်ခံရသလို နာတယ်။ ရာသီလာလို့ နာတာနဲ့ ဆင်တယ်။ နာရီပိုင်းမက ရက်ပိုင်းအထိ နာနေမယ်။ ကူညီသူကင်းမဲ့သလို စိတ်ဓါတ်ပါ ကျတယ်။ တချို့မှာ ကျား-လိင်အင်္ဂါ ဝင်မှသာ နာပေမဲ့ တချို့ကြ ထိုင်တာ၊ အတွင်းခံဝတ်တာတောင် နာသေးတယ်။

သွေးဆုံးသွားတဲ့ အမျိုးသမီးတိုင်းမှာ မ-ဟော်မုန်း Estrogen (အီစထိုဂျင်) နည်းသွားလို့ ဗဂျိုင်းနားဟာ အရင်လို စိုစွပ်နေမှု မရှိ၊ စိတ်ပါလို့လဲ စိုမလာ၊ စိတ်ကလဲ နည်းတာကြောင့် ဆက်ဆံရရင် နာတယ်။ “Menopause သွေဆုံး-သားဆုံး” ကို ဖတ်ပါ။

ဆရာဝန်က ဝါဂွမ်းစလေးနဲ့ အသေအခြာ လေ့လာ ဆန်းစစ်မယ်။ မွေးလမ်းကြောင်းထဲကို လက်တချောင်းနဲ့ အသာအယာ ထည့်သွင်း စမ်းသပ်မယ်။ Speculum ကရိယာ အနေတော် ထည့်စမ်းမယ်။ တချို့ အမျိုးသမီးတွေဟာ စမ်းသပ်နေတုံး ကြည့်မှန်ထဲက မြင်နေရတာကို လက်ခံသဘောကျတတ်တယ်။

VVS ကို စစ်ဆေးရင် အဲဒီနေရာမှာ
• Multiple tiny erythematous sores နီရဲနေတဲ့ အနာလေးတွေ၊
• Subclinical Human Papillomavirus infection တော်တော်နဲ့ မပေါ်တဲ့ ဗိုင်းရပ်စ်ပိုး၊
• Chronic recurrent Candidiasis ခဏခဏဖြစ်ရတဲ့မှိုပိုး၊
• Chronic recurrent bacterial Vaginosis ခဏခဏဖြစ်ရတဲ့ ဗက်တီးရီးယားပိုး တွေ့တတ်တယ်။
• Chronic hypertonic perivaginal muscles ဗဂျိုင်းနားဘေးက ကြွက်သားရောဂါ၊
• Vestibular neural hyperplasia အာရုံကြောရောဂါလို့ ထင်ကြတယ်။

ဖြစ်နေတဲ့သူ စုံတွဲကို ဆရာဝန်က အသေအခြာ ရှင်းပြမယ်။ စိတ်နဲ့ကုတာ မဟုတ်သေးပါ။ အများအားဖြင့် နာတာက တဖြေးဖြေး သက်သာ ပျောက်ကင်းလိမ့်မယ်။ ခင်ပွန်းကလဲ ကူညီမှု၊ ပူးပေါင်း လုပ်ဆောင်မှု ပေးရမယ်။ ဆက်ဆံတာ မတိုင်ခင် Foreplay အဆင့်အတွက် အချိန်ရော နည်းနာတွေပါ ပိုယူ-ပိုလုပ်သင့်တယ်။ တချို့ (ကွန်ဒွမ်) နဲ့၊ တချို့ သုတ်ပိုးသေဆးနဲ့ မတည့်ဘူးဆိုရင် ပြောင်းသုံးခိုင်းတယ်။ ရေနဲ့ဖေါ်စပ်တဲ့ Kubricant ချောဆီသုံးခိုင်းမယ်။ Xylocaine ထုံဆေး-လိမ်းဆေး သုံးနိုင်တယ်။ လိင်ဆက်ဆံတဲ့ အနေအထား ရွေးတတ်ပါ။ ဗဂျိုင်းနားထဲကို ကျား-လိင်အင်္ဂါ မသွင်းတဲ့ နည်းမျိုး လုပ်နိုင်တယ်။ လေ့ကျင့်ခန်း လုပ်ခိုင်းမယ်။ Sitz baths ရေချိုနည်း လုပ်နိုင်တယ်။

ရောဂါပိုးတွေရှိရင် ဆေးတွေပေးမယ်။ Hymen အပျိုမြှေးက ခံနေတာဆိုရင် ခွဲစိတ်ပြုပြင်ပေးရမယ်။ လိုအပ်ရင် Vaginal dilation ဗဂျိုင်းနာကို တဖြေးဖြေး ချဲ့ပေးမယ်။ ကလေးရချင်သူတွေကို နည်းလမ်းညွှန်ပါမယ်။

လိုအပ်သူကို Psychological counseling စိတ်အထူးကုနဲ့ ကုသမှုခံယူစေမယ်။
• ကြိုတင် တင်ကူးပြီး နာတာကို မခံချင်-မခံနိုင်စိတ်က လိုတာထက် ကဲလွန်းနေရင် ကုရမယ်။
• လိင်ကိစ္စအပေါ် အနုတ်လက္ခဏာသဘော မကောင်းမြင် ဖြစ်နေတာကို ဖယ်ရှားရမယ်။
• ကိုယ့်ကိုယ်ခန္ဓာအကြောင်း နားလည်မှု နည်းနေတာကိုလဲ သင်ရ-ပြင်ရမယ်။
• လိင်ကိစ္စကို နားလည်သဘောပေါက်မှု နည်းနေတာလဲ လေ့လာရ-ပြင်ရမယ်။

လိင်ဆက်ဆံလို့ နာတဲ့ အကြောင်းတခုထဲက (ဗဂျိုင်းနား) က ကြွက်သားတွေ Spasm ရတာကို ဆေးစာမှာ Vaginismus လို့ ခေါ်တယ်။ Pubococcygeus (PC) ကြွက်သား တုံ့ပြန်မှုဖြစ်တာကို စိတ်ကနေ ထိန်းမရလို့ပါ။ ဆယ်ကျော်သက် နဲ့ အရွယ် မကြီးသေးသူတွေမှာ ဖြစ်ကြတယ်။ အရင်တုံးက မနာပေမဲ့ နောက်ကြမှ နာလာတာ။ မှိုပိုး၊ ကလေးဖွါးတုံးက ဒဏ် နဲ့ စိတ်ကြောင့် ဖြစ်ရတယ်။ အမျိုးသမီးတွေထဲမှာ ၂-၂ဝ% အထိရှိတာ တွေ့ရတယ်။ တချို့က ဆေးကုဘို့ လာမပြကြဘူး။ Botox ဆေးနဲ့ ကုနိုင်တယ်။ ကိုယ့်ဖါသာ အာသာဖြေပြီး ကျေနပ်မှု ရစေတာကလဲ ဒီလို ဖြစ်နေတာကို အထောက်အကူ ပြုပါတယ်။ Systematic desensitization method နဲ့ ကုသသူတွေ ၉ဝ-၁ဝဝ% ကောင်းကြတယ်။

Dyspareunia (1) ဆက်ဆံချိန်မှာ နာကျင်တာ (၁) http://doctortintswe.blogspot.com/2014/11/dyspareunia-1.html
Dyspareunia (2) ဆက်ဆံချိန်မှာ နာကျင်တာ (၂) http://doctortintswe.blogspot.com/2014/11/dyspareunia-2.html
Dyspareunia (3) ဆက်ဆံချိန်မှာ နာကျင်တာ (၃) http://doctortintswe.blogspot.com/2014/12/dyspareunia-3.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး