Fissure-in-Ano (FIA) စအိုကွဲနာ

၁။ မင်္ဂလာပါ။ ကျွန်မအသက် ၂၉ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ၀မ်းသွားရင်သွေးနဲနဲပါပြီး စအိုမှာနာတာပါဆရာ။ အရင်ကတော့ ဆေးခန်းပြဖူးပါတယ်ဆရာ။ ဆရာဝန်က စအိုကွဲနာဖြစ်နတယ် လိပ်ခေါင်းလဲ အဆင့် ၁ လောက်ဖြစ်နေမယ် ပြောပြီး ခွဲစိတ်ဖို့လဲမလိုပါဘူးဆိုပြီး ဆေးပေးလိုက်တာမှာ တလလောက်ထိ မနာတော့ပါဘူး။ သွေးလဲမပါတော့ပါဘူး။ July 19 ရက်နေ့က ကလေးနှလုံးမခုန်လို့ ကိုယ်ဝန်နှစ်လနဲ့သားအိမ်ခြစ်ထားပါတယ်။ August 1 ရက်နေ့လောက်ကစပြီး စအိုပြန်နာနေလို့ပါဆရာ။ သွေးတော့မပါပါဘူး။ ၀မ်းသွားပြီးချက်ခြင်းဆို တော်တော်နာပါတယ်ဆရာ။ နာရီဝက်လောက် နေရင်တော့ သက်သာပါတယ်။ ခုက ဆေးခန်းလဲမပြရသေးတော့ မြန်မာဆေး ဆရာမိုးရှောက်တလုံးဝမ်းမှန်ဆေးနဲနဲတော့ နေ့တိုင်းသောက်ပါတယ်ဆရာ။ အဲဒါ ဘယ်လိုနေထိုင်သင့်လဲသိချင်လို့ပါ။ ဆေးခန်းပြပြီး ခွဲစိတ်လိုက်ရမလား။ ကလေးကို OG က သုံးလနေရင်ပြန်ယူလို့လဲပြောထားတော့ မြန်မာဆေးသောက်တာလဲ မကောင်းဘူးထင်လို့ပါဆရာ။ ဆေးတမျိုးမျိုး မသောက်ရင်လဲ ၀မ်းကမာပြီး နာလို့ပါဆရာ။ သွေးလဲပြန်ပါမှာစိုးလို့ပါ။  ခွဲစိတ်မယ်ဆိုပြန်လဲ မလိုဘူးလို့ပြောလို့ပါဆရာ။ အဲဒါ ဘယ်လိုလုပ်ရမလဲ မသိတော့လို့ပါ။ ကျေးဇူးပြု၍ လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်စွာဖြင့်

၂။ သမီးကအသက် ၃၃ နှစ်ပါ။ ခရီးအသွားများပြီးဝမ်းမကြာခဏချုပ်တဲ့အကျင့်ရှိပါတယ်။ ၇ လပိုင်း ၂ဝ၁၄ ကစပြီး စအိုမှာလိပ်ခေါင်းလို့ယူဆမိတဲ့အရာလေးထွက်လာပါတယ်ဆရာ။ အိမ်နားက ဆေးခန်းက ဆရာဝန်နဲ့ ပြကြည့်တဲ့အခါမှာ pilex လိမ်းခိုင်းပြီး Daflon သောက်ခိုင်းပါတယ်ဆရာ။ အနာကဝမ်းချုပ်ရင်နာလိုက်၊ ယောင်လိုက်၊ ဆေးခန်းပြလိုက် နေခဲ့ပါတယ်ဆရာ။ ၁ လပိုင်း ၂ဝ၁၆ မှာခွဲစိတ်အထူးကုဆရာဝန်တယာက်နဲ့ပြကြည့်တဲ့အခါမှာ လိပ်ခေါင်းမဟုတ်ဘဲ စအိုကွဲနာဖြစ်ပြီးစအိုကကျဉ်းနေတယ်လို့ပြောပါတယ်ဆရာ။ အရှင်းပျောက်ချင်ရင်ခွဲမှရမယ်။ မခွဲရင်သက်သာတာပဲရှိမယ်လို့ ပြောပါတယ်ဆရာ။ အခုနောက်ပိုင်းတော့ ဝမ်းမချုပ်အောင် ဂရုစိုက်နေထိုင်တဲ့အတွက် အဆင်ပြေပါတယ်ဆရာ။ ၆ လပိုင်း ၂ဝ၁၆ မှာလည်း နောက်ထပ်ခွဲစိတ်ဆရာဝန်တယောက်နဲ့ ထပ်ပြဖြစ်ပါသေးတယ်ဆရာ။ ခွဲစိတ်ဆရာဝန် (၂) ယောက်နဲ့ပြထားဖူးတဲ့မှတ်တမ်းကိုတွဲထည့်ပေးထားပါတယ်ဆရာ။ သမီးသိချင်တာက မခွဲဘဲနဲ့ဝမ်းမချုပ်အောင်ဂရုစိုက်နေထိုင်မယ်ဆိုရင်ရပါသလားဆရာ။ မခွဲဘဲထားခြင်းကြောင့် အခြားနောက်ထပ်ဘာတွေဖြစ်နိုင်ပါသလဲဆရာ။ ခွဲမယ်ဆိုရင် အနာပိုးမဝင်ဖို့နဲ့ အနာကျက်ဖို့ အရမ်းဂရုစိုက်ရပြီး နောက်ဆက်တွဲအနေနဲ့ ဝမ်းမထိန်းနိုင်တာမျိုးဖြစ်တတ်တယ်လို့ ကြားဖူးထားတာလေးတွေရှိတဲ့အတွက် ခွဲခြင်းရဲ့ နောက်ဆက်တွဲကောင်းကျိုးနဲ့ဆိုးကျိုးကို ရှင်းလင်းပြောပြပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာကို အကြံပြု ပြောပြပေးစေလိုပါတယ်ရှင့်။

၃။ အခုရက်ပိုင်း စအိုမှာ အနာဖြစ်နေပါတယ်ဆရာ။ ကွဲပြီး သွေးထွက်ရာကနေ အနာပုံစံဖြစ်နေပါတယ်။ အခု ဘယ်လို ဖြစ်နေလဲဆိုတော့ အိမ်သာသွားတိုင်း စိုးရိမ်စိတ် ဝင်နေတယ်။ ပြီးတော့ အရမ်းလဲ နာနေတယ်။ လက်နဲ့ စမ်းကြည့်တော့ ဖုဖောင်းဖောင်းလေဖြစ်နေတယ်။ စိုးရိမ်တာက သွားတဲ့ မစင်ကြောင့် အနာပိုးဝင်ပြီး ပိုဆိုးလာမှာကို စိုးရိမ်နေပါတယ်။ ဘယ်သူ့ကိုမှလဲ မပြချင်ဘူး၊ ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံး ပျောက်နိုင်မယ့် ဆေးလေး ညွှန်ပေးပါနော်။

စအိုကွဲနာကို FIA လို့ခေါ်တယ်။ FIA က ၂ မျိုး။ တခုက ဂရင်ဂျီနာ။ စအိုကွဲနာက စအိုပြွန်မှာ ဒေါင်လိုက် အနာဖြစ်တာ။ အလွန်နာတယ်။ စိတ်ညစ်ရတယ်။ နာပုံ နာနည်း ကလည်း ဝမ်းသွာတိုင်း စူးရှပြီး နာတာ။ ကွဲထွက်သလို ခံစားရတယ်။ ရေချိုးခန်းက ထွက်ပြီးတဲ့နောက်မှာပါ ဆက်နာနေသေးတယ်။ ဝမ်းကလဲ သွားရမှာကို ကြောက်နေလို့ ချုပ်နေတာ များတယ်။ သွေးလဲ ထွက်တယ်။ ထွက်တဲ့သွေးက သွေးစိမ်းရှင်ရှင် အနီရောင်။ ဝမ်းဘေးမှာ အထက်အောက် တန်းနေတယ်။ သွေးအား နည်းလောက်အောင် အထိတော့ မဆိုးပါ။ သွေးအပြင် မန်းရည်လိုလဲ ထွက်နိုင်တယ်။ ယားတတ်သေးတယ်။

ဖြစ်လာရတာက ဝမ်းကြာကြာ ချုပ်တာဘဲ အပြစ်ဖို့တယ်။ အစားအစာထဲမှာ ဖိုင်ဘာနည်းတာ၊ အသီးအရွက်နည်းတာ စားလို့လဲ ပါတယ်။ ကျား-မ ဆတူဖြစ်ကြတယ်။ ဖြစ်တဲ့-ကွဲတဲ့နေရာက နောက်တည့်တည့်မှာ များတယ်။ ရှားပါးတဲ့ စအိုရှေ့ပိုင်း ကွဲတာမျိုးက အမျိုးသမီးတွေက ပိုများတယ်။ ရက်တို-ရက်ရှည်။ နာတာရှည်ဆိုရင် မေးလာသူ ဖြစ်နေသလို လိပ်ခေါင်းပါ တွဲလာတယ်။ Sentinel pile ခေါ်တယ်။ သူက တံခါးမှူးလို နေလို့ပါ။

ကုသရတာမှာ ဝေဒနာဖြစ်စေတဲ့ စအိုအတွင်းအထိန်းကြွက်သားကွင်း Internal sphincters ကို ပြော့လျှော့နေစေဘို့ လိုတယ်။ သူကဘဲ ဒုက္ခပေးနေလို့။ သူ ပြော့နေချိန် အနာကျက်စေနိုင်တယ်။ နာတာ သက်သာစေဘို့ 5% Xylocaine ထုံးဆေး လိမ်းပေးရတယ်။ အစားအစာတွေမှာ ဝမ်းပျော့အောင် အထူးဂရုစိုက် စားရမယ်။ Sitz bath ခေါ်တဲ့ ရေနွေး ထိုင်နည်း လုပ်ရမယ်။ ရေးထားပါတယ်။ ပဋိဗီဝဆေးသောက်ရမယ်။ လိုအပ်ရင် ဝမ်းနုတ်ဆေးပေးတယ်။

ဒါတွေနဲ့မှ မရရင် ခွဲစိတ်ခမ်း ဝင်ရပါမယ်။ တနည်းကတော့ မေ့ဆေးပေးပြီး Land’s dilation နည်းနဲ့ စအိုကို 3 x 3 fingers to 4 x 4 finger dilatation ချဲ့ပေးနည်း။ ဆေးရုံ တက်နေစရာ မလိုဘူး။ ညနေပြန်ဆင်း။ ပြီးစမှာ ဝမ်းမလုံတာ ၇-၁ဝ ရက် ဖြစ်နေဦးမယ်။

နောက်နည်းကတော့ Lateral Anal Sphincterotomy ခွဲစိတ်နည်း ဖြစ်တယ်။ မေ့ဆေးက ပိုကောင်းပါတယ်။ ထုံဆေးနဲ့ လဲရတယ်။ Internal anal sphincter ဆိုတာကို ၈ နာရီနေရာမှာ ဖြတ်ပေးရတယ်။ ၃ ပါတ်နေရင် အနာကျက်မယ်။

Dorsal Fissurectomy and Sphincterotomy နည်းလဲ လုပ်တယ်။ Internal sphincter ရဲ့ ကန့်လန့်ဖြတ်နေရာကို ဖြတ်မယ်၊ လိပ်ခေါင်းရှိနေတာကိုလဲ ခွဲမယ်။ ၃ ပါတ်နေရင် အနာကျက်မယ်။

စအိုနေရာ ခွဲစိတ်တာ မှန်သမျှ ခွဲစိတ်ပြီး ဂရုစိုက်ရတာ အရေးပါတယ်။ အစားအသောက်၊ ဝမ်းပျော့ဆေး၊ အနာသက်သာဆေး၊ ပဋိဇီဝပိုးသေဆေး၊ နာတာသက်သာအောင် 2% Xylocaine gel ထုံဆေး ပေးရတယ်။

• Sitz bath ရေနွေးထိုင်တာမှာ Potassium permagnate or Dettol ပါ ထည့် ၂ဝ မိနစ် ထိုင်ရတယ်။
• Botulinum toxin ဆိုတဲ့ဆေး ပေးကုတာလဲ ရှိသေးတယ်။ အောင်မြင်တယ်လို့ ဆိုပါတယ်။
• Glyceryl trinitrate ထည့်ဆေးက ၂ ပါတ်နေရင် ၇၅% သက်သာတယ်၊ ၅၄% က ၆ ပါတ်နေရင် ပျောက်တယ်လို့ ပြောတယ်။ ဒီဆေးက ခေါင်းကိုက်စေတတ်တယ်။ နောက် သုတေသနတခုက Glyceryl trinitrate ဆေးကို တနေ့ ၂ ကြိမ်၊ ၂ ပါတ် ပေးပြီး၊ ၂ လ အကြာ ပြန်စစ်တော့ ၆၉% မှာ အောင်မြင်တာ တွေ့ရတယ်လို့ ဆိုတယ်။

ယေဘုယျ ပြောရရင် ဝမ်းနုတ်ဆေး နေ့တိုင်းစားတာ မကောင်းပါ။ အကျင့်ပါတယ်။ Laxative Abuse ဝမ်းနုတ်ဆေး တလွဲသုံးခြင်းစာ ရေးထားပါတယ်။ ဒါပေမဲ့ ဒီရောဂါသမားအတွက် ဝမ်းမာနေရင် ရောဂါပိုဆိုးမှာမို့ သောက်ရလိမ့်မယ်။ မြန်မာဝမ်းနုတ်ဆေးလဲ သုံးကြည့်ပေါ့။ Milk of Magnesia ဆိုတာက ဝမ်းပျော့ဆေး။ အကျင့်မပါစေဘူး။ အိပ်ရာဝင်ချိန် ဟင်းစားဇွန်း ၂ ဇွန်းသောက်ရတယ်။ မန်ကျီးမှည့် ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကန်စွန်းရွက်လဲ စားပါ။ ရေများများ သောက်ပါ။ ခွဲစိတ်ကုသနည်းက ပြေးလွတ်ရမဲ့ပုံ မရှိဘူး။ အရပ်နည်းတွေ မသင့်ပါ။ ကုပြီး ပြန်ဖြစ်လို့ မေးလာကြတယ်။

ဗမာပြည်မှာ ခါးထုံဆေးနဲ့ ခွဲတာ များတယ်။ ခွဲပြီး စအိုမှာ ရာဘာ-ပိုက်ကလေးတခုကို ဆီဆွတ်ထားတဲ့ ပတ္တီးပတ်ပြီး၊ ထည့်ထားတတ်တယ်။ လေလည်နိုင်မယ်။ စအို ကျဉ်းမသွားဘူး။ ၂ ရက်လောက်ပါ။ ခွဲပြီးစ အနေရခက်မှာ အမှန်ပါ။ ထုံဆေး ပျယ်ချိန်က စမယ်။ ဒါပေမဲ့ နာတာကို ခံနိုင်အောင်နည်းကို ကျကျနနလုပ်ရင် အသက်သာဆုံး ဖြစ်စေနိုင်ပါတယ်။

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://doctortintswe.blogspot.com/2014/12/piles-and-pregnancy.html
Piles and Pregnancy ကိုယ်ဝန်နဲ့ လိပ်ခေါင်း http://doctortintswe.blogspot.com/2014/12/piles-q-and.html
Sitz bath ရေနွေးထိုင်နည်း http://doctortintswe.blogspot.com/2014/11/sitz-bath.html
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://doctortintswe.blogspot.com/2015/04/piles-hemorrhoids-treatment.html
Fistula-in-Ano (FIA) ဂရင်ဂျီနာ http://doctortintswe.blogspot.com/2014/11/fistula-in-ano-fia.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး