Genital Herpes လိင်လမ်း ရေယုံ

(ကန်တော့ပါ)

၁။ မင်္ဂလာပါဆရာ ကျနော့ လိင်မှာ ရေယုံ အရေကြည်ဖုတွေ ထွက်နေလို့ပါ။ အိမ်ထောင်သည်ဆိုတော့ မိန်းမပါကူးနေလို့ ကူညီပါဦး။ ဘယ်လိုပျောက်အောင်ကုရပါမလဲ။ အမျိုးသမီးအတွက်ကော အဆင်ပြေမလား ဆေးနည်းနဲ့ ကုသရမဲ့နေရာကို လမ်းညွန်ပေးပါနော်။

၂။ ဆရာမင်္ဂလာပါ။ ကျွန်မအမျိုးသားက အသက် သုံးဆယ့်လေးနှစ်ရှိပါပြီ။ အခု သူရဲ့ အင်္ဂါထိပ်အရေပြားမှာ အရေကြည်ဖုလေးတွေဖြစ်နေပါတယ်ဆရာ။ ရိုင်းသွားရင် ခွင့်လွတ်ပေးပါဆရာ။ ဆေးခန်းသွားပြတော့ ရေယုန်လို့ ပြောပါတယ်ဆရာ။ တလတိတိ လိင်မဆက်ဆံရဘူးလို့ပြောပါတယ်ဆရာ။ အဲဒီလိုရေယုန်က ကျွန်မကိုရော ကူးစေနိုင်သလားဆရာ။ ဒုတိယကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့အတွက် ကလေးယူဖို့ အဆင်ပြေနိုင်ပါသလားဆရာ။ အဲဒီရေယုန် အမျိုးအစာက စိုးရိမ်ရပါသလားဆရာ။ ကျွန်မကို ကူးမကူး ဘယ်လိုသိနိုင်ပါသလည်းဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါနော်ဆရာ။ ဆရာကျန်းမာပါစေ။

ပဌမမေးခွန်းမေးသူ အသက် စတာမပြောလို့ တိုက်ရိုက်မဖြေလိုက်ပါ။ ပြည်တွင်းက ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ်တွေကိုလည်း မသိပါ။ ဆရာဝန်ဆီစာရေးတာ နော်အဆုံးသတ်ကြတာ အတော်များများ တွေ့ရတယ်။ မသုံးသင့်လို့ထင်တယ်။ တည်တည်တန့်တန့်နဲ့ နှောင်ဖွဲ့မှုကင်ကင်း ရေးသင့်ပါတယ်။

Genital herpes လိင်လမ်း ရေယုံဆိုတာ လိင်ကတဆင့် ကူးစက်စေတဲ့ရောဂါတွေ အများကြီးထဲမှာ ပါတယ်။ ယောက်ျား-မိန်းမ လိင်အင်္ဂါတွေ အနီးအနား အရေပြားနဲ့ မြူးကပ်စ် အမြှေးပါးတွေမှာ လာဖြစ်တယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။ ဗိုင်းရပ်စ် ၂ မျိုး ရှိတယ်။
၁။ Herpes simplex virus type 2 (HSV-2)
၂။ Herpes simplex virus type 1 (HSV-1)

အမျိုးအစား (၂) က ပိုဖြစ်တယ်။ ပါးစပ်နဲ့ လိင်အင်္ဂါတွေက ထွက်တဲ့ အရည်တွေကနေ နောက်တယောက်ကို ကူးစက်တယ်။ (၁) ကတော့ ပါးစပ်နားတဝှိုက်မှာသာ ဖြစ်တယ်။ Cold sores လဲခေါ်တယ်။ Fever blisters လဲခေါ်တယ်။ ဆက်ဆံရာမှာ ပါးစပ် သုံးမိရာကနေ လိင်အင်္ဂါကို ကူးစေမယ်။ မျက်စိနဲ့ မြင်ရတဲ့ အနာသာမက မမြင်နိုင်တာကနေလဲ ကူးစေတယ်။ ပိုးရှိနေပေမဲ့ ရောဂါလက္ခဏာ မပြသူတွေကနေလဲ ကူးလာနိုင်တယ်။ Genital HSV-2 ကူးစက်ရောဂါက အမျိုးသမီးတွေမှာ ပိုးများတယ်။ ၄ ယောက်မှာ ၁ ယောက်နှုန်း။ ယောက်ျားတွေမှာ ၈ ယောက်မှာ ၁ ယောက်နှုန်း။

ရောဂါလက္ခဏာ
အနာဖြစ်တာပါဘဲ။ တခါတလေ မနာလို့ သတိတောင် မထားမိတတ်ဘူး။ ပုရွက်ဆိပ်ကိုက်သလို၊ ခြင်ကိုက်သလို ထင်တတ်တယ်။ တချို့ကြ ဆိုးလှတယ်။ ပိုးဝင်ပြီး ၂ ပတ်နေရင် ဖြစ်တာက ဆိုးတယ်။ အနာသာမကဘဲ အစားအသောက်ပျက်တာ၊ ကိုယ်ပူတာ၊ မအီမသာဖြစ်တာ၊ ကိုက်ခဲတာတွေပါ ရှိနိုင်တယ်။ အနာလေးတွေကလဲ မီးလောင်ဖုလေးတွေလိုနေမယ်။ နာမယ်၊ ကောက်ရိုးရောင်အရည် အောင်းနေမယ်။  အမျိုးသမီးမှာ မအင်္ဂါနုတ်ခမ်းသား၊ မွေးလမ်းကြောင်း၊ သားအိမ်အဝ၊ စအိုအနား၊ ပေါင်နဲ့ တင်ပါးနေရာတွေမှာ ဖြစ်နိုင်တယ်။ ယောက်ျားတွေဆိုရင် လိင်တံ၊ ကပ်ပဲ့အိတ်၊ စအိုးအနား၊ ပေါင်နဲ့ တင်ပါးတွေမှာ ဖြစ်နိုင်တယ်။ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လျှာ၊ ပါးစပ်၊ မျက်စိ၊ သွားဖုံး၊ နှုတ်ခမ်း၊ လက်ချောင်းနဲ့ တခြားနေရာတွေမှာလဲ ဖြစ်နိုင်တယ်။ အဖုလေးတွေ ပေါက်မထွက်ခင် ပူလောင်၊ နာကျင်၊ ယားယံတာခံစားရမယ်။ ပေါက်သွားရင်တော့ အနာ သေးသေးလေး ဖြစ်လာမယ်။ ၇-၁၄ ရက်နေမှ ပျောက်မယ်။ ရှားတွေလဲ ဖြစ်တတ်တယ်။ တက်စေ့ရောင်တာ၊ ဆီးအောင့်တာ၊ မွေးလမ်းက တခုခုဆင်းတာ။

အစဖြစ်ပြီးနောက် ဆက်ဖြစ်တာက ရက်တိုတယ်။ ရက်တွေကြာမှ လာဖြစ်တယ်။ ကြားထဲမှာ ဗိုင်းရပ်စ်က ပုန်းနေသလိုနေတယ်။ ပြန်ပေါ်တယ်ဆိုတာ လူနာက အားယုတ်နေချိန်၊ ရာသီပေါ်ချိန်၊ စိတ်-အလုပ်ရှုတ်ချိန်၊ ထိခိုက်မှုရှိချိန်မျိုးတွေမှာ လာဖြစ်တယ်။ ပိုးကကိုယ်ထဲမှာ အမြဲရှိနေနိုင်သွားပြီ။ တချို့ဆို တနှစ်တခါဆိုသလို ပြန်ပေါ်နေတတ်တယ်။ ယောက်ျားဖြစ်တာ သက်သာတယ်။

ဗိုင်းရပ်စ် ရှိနေတာ သေခြာအောင် Culture လုပ်လို့ရတယ်။ ၂-၃ ရက်ကြာမယ်။ ပိုးစဝင်ချိန်ကာလမှာသာ တွေ့တတ်တယ်။
သွေးစစ်တာလဲ လုပ်လို့ရတယ်။

ဘယ်လိုကုသလဲ
ဗိုင်းရပ်စ်ပိုးကိုသေစေတဲ့ဆေး မရှိပါ။ Antiviral medication ဆေးနဲ့တော့ သက်သာစေနိုင်တယ်။ အပျောက်မြန်စေမယ်၊ ခံစားရတာတွေ နည်းစေမယ်။ Acyclovir, Famciclovir နဲ့ Valacyclovir ဆေးတွေကို သုံးပါတယ်။ ပြန်ဖြစ်တတ်သူဆိုရင် စဖြစ်တာ သိတာနဲ့ ချက်ချင်းဆေးသောက်ပါ။ နေ့တိုင်းနဲ့ ကြာကြာသောက်ရတတ်တယ်။ ကိုယ်ဝန်ဆောင်ဆိုရင် စောစော ဆေးကုထားရင် ကောင်းတယ်။ ကလေးဖွါးချိန် စိုးရိမ်စရာ မလိုတော့ဘူး။ မွေးလမ်းမှာ ရေယုံပေါက်နေသူကို ဗိုက်ခွဲမွေးတာ ကောင်းတယ်။ ကလေးကိုကူးစက်ရင် ဆိုးတာတွေဖြစ်နိုင်တယ်။ ဦးနှောက်မြှေးရောင်၊ ဦးနှောက်ရောင်၊ နာတာရှည် အရေပြားနာ၊ ဖွံ့ထွားမှုနှေးလွန်းတာနဲ့ အသက်ဆုံးပါးတဲ့အထိ ဖြစ်နိုင်တယ်။

Herpes virus type 1 နဲ့ 2 ကနေ ကူးစက်တယ်။ အမေရိကားက လူလတ်-လူကြီးတွေထဲမှာ ၂၂% Type 2 Herpes ဖြစ်နေကြရတယ်။ ဗြိတိန်မှာလဲ လိင်နဲ့ဆိုင်တာ ကုသပေးရသူတွေထဲက ၂၃% မှာ တွေ့ရတယ်။ သွေးလှူသူတွေထဲက ၇့၆% မှာ တွေ့ရတယ်။ လိင်လမ်းနဲ့ မဆိုင်တဲ့ ပါးစပ်ဘေးမှာ ဖြစ်တာကလဲ Type 2 Herpes ဖြစ်တယ်။ ပြန်ပြန်ဖြစ်နိုင်တယ်။ လိင်လမ်းမှာ ရောဂါရှိနေသူကနေ မွေးစကလေးကို ကူးမယ်။ ကိုယ်ခံအား နည်းနေသူတွေမှာ ထပ်ပိုး ဗက်တီးရီးယား ဝင်တာ ဖြစ်လာနိုင်တယ်။ HIV ဝင်လာနိုင်တယ်။ ကိုယ်ဝန်ဆောင် ၂၅% ကနေ ဦးနှောက်မြှေး ရောင်တယ်။ ဆီး မသွားနိုင်တာ တွေ့ရတယ်။ ပြန်ဖြစ်နေသူတွေကို Antiviral ဆေးပေးတာ ထိရောက်တယ်။ စဖြစ်သူကို ဆေးပေးတာ ပေးရင်လဲ မြန်မြန်သက်သာတယ်။ HIV ရှိနေသူတွေကို ဆေးပေးတာ မသိသာဘူး။

ဆေးတွေ
1. Acyclovir (Zovirax) ဆေးက Capsules 200 mg, Tablets 400 and 800 mg, Suspension 200 mg/5 ml, Injection 50 mg/ml, Powder for injection 500 and 1000 mg နဲ့ Ointment 5% လာတယ်။ အစာနဲ့ နီးနီး ဝေးဝေး သောက်နိုင်တယ်။ လူကြီး 200-800 mg ကို ၄ နာရီတခါ သောက်ရတယ်။ သွေးကြောထဲ ထိုးရင် 5-10 mg/kg တနေ့ ၃ ကြိမ်၊ ၇ ရက်ထိုးရတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်ချိန်တွေအတွက် သုတေသန လုပ်တာ မပြည့်စုံသေးပါ။

2. Famciclovir (Famvir) ဆေးက Tablets 125, 250, 500 mg လာတယ်။ အစာနဲ့ နီးနီးဝေးဝေး သောက်ပါ။ လူကြီး တခါသောက် 1,000 mg တနေ့ ၂ ကြိမ်၊ ပြန်ဖြစ်သူဆိုရင် တနေ့ 1,500 mg တခါထဲသောက်ပါ။ နောက်ပြီး တခါသောက် 250 mg တနေ့ ၂ ကြိမ် ၁ နှစ်အထိ သောက်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်ချိန်တွေ အတွက် သုတေသန မပြည့်စုံသေးပါ။

3. Valacyclovir (Valtrex) ဆေးက Caplets 500 mg လာတယ်။ အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ လူကြီး စဖြစ်စသိရင် တခါသောက် 1 gm တနေ့ ၃ ကြိမ်၊ ၇ ရက် သောက်ပါ။ အနာဖြစ်မှဆိုရင် 1 gm တနေ့ ၂ ကြိမ်၊ ၁ဝ ရက် သောက်ပါ။ ပြန်ဖြစ်သူဆိုရင် 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက် သောက်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်ချိန်တွေ အတွက် သုတေသနလုပ်တာ မပြည့်စုံသေးပါ။

ဆေးတွေက ဘေးထွက်သက်ရောက်မှု တခုနဲ့တခုဆင်းတယ်။ အားယုတ်မယ်၊ ခေါင်းကိုက်မယ်၊ ပျို့ချင်-အန်ချင်မယ်၊ အနီပြင် ထွက်မယ်၊ ရှားရှားပါးပါး တက်မယ်၊ လက်တုံမယ်၊ ဝမ်းပျက်မယ်၊ စိတ်ရှုတ်ထွေးမယ်၊ သွေးအားနည်းမယ်၊ ကြွက်သားတွေ နာမယ်။

အိမ်မှာတင်လုပ်သင့်တာတွေရှိတယ်။ နိုင်လွန်စတဲ့ ကော်တွန်မဟုတ်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။ ဆပ်ပြာသုံး ရေဆေးတာ လုပ်ပေးပါ။ ရေနွေးနဲ့ချိုးရင် နာတာ သက်သာစေမယ်။ ဗက်တီးရီးယားပို ထပ်ဝင်ရင် ပိုးသေဆေးသောက်ပါ။ လိင်လမ်းမှာ လောလောလတ်လတ် ရေယုံရှိနေသူကို အဖေါ်မှာ HIV ရှိနေရင် ကူးစက်ဘို့ ပိုများစေတယ်။

ကာကွယ်ဘို့ဆိုရင် လိင်ဆက်ဆံတာ ရှောင်ပါ။ ပါးစပ်သုံးနည်း အပါအဝင် ဖြစ်တယ်။ သိပ်တိကျချင်ရင် ရေယုံမရှိတာ သေခြာသူနဲ့သာ ပေါင်းဖက်သင့်၊ အိမ်ထောင်ပြုသင့်တယ်။ ကွန်ဒွမ်သုံးတာဟာ ရှိသမျှနည်းတွေထဲမှာ အသင့်တော်ဆုံး ဖြစ်တယ်။ ကာကွယ်ဆေးတွေက စမ်းသပ်မှုအဆင့်တွေမှာသာ ရှိပါသေးတယ်။

Dr. တင့်ဆွေ

Comments

  1. သမီးလေးက တစ်နှစ်နဲ့လေးလပဲရှိပါသေးတယ်။ နှုတ်ခမ်းမှာဖြူဖြူအဖန်လေးတွေတွေ့လို့ မက်ခရုနာလို့ထင်ပါတယ်။ ဘယ်လို treatment များလုပ်ပေးရမလဲဆရာရှင့်

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး