Letpadaung hunting လက်ပံတောင်းမှာ သမင်ပြစ်ထွက်ခြင်း

လက်ပံတောင်းအရေးအခင်း နှစ်ပတ်လည်နေ့အတွက် အရင်ရေးခဲ့တာလေးပြန်တင်ပါရစေ။ အမှန်က တတိယအကြိမ် ပြန်တင်တာပါ။ ဒုတ်ယအကြိမ်တုံးက ဒီလိုအစပျိုးခဲ့တာပါ။ စာရေးဆရာ နေဝင်းမြင့်ရေးတဲ့ ခရီးနိုင်ငံရေးစာအုပ်ထဲက ဆားလင်းကြီးထဲမှာ ကိုမှန်ပြောင်းကနေ ရွတ်ဆိုတဲ့ ဆဒ္ဒန်ပျို့ထဲက ‘စက်ဟုန်သရ၊ ဆိပ်ရည်ဝဖြင့်၊ သားများသေမင်း၊ မုဆိုးခွင်းသား’ကိုဖတ်ရပြီးတော့၊ ၁၄-၃-၂ဝ၁၃ တုံးက ကျွန်တော် ရေးခဲ့တာလေးကို ပြန်တင်လိုက်တာဖြစ်ပါတယ်။

လက်ပံတောင်းအစီရင်ခံစာထွက်လာတာနဲ့ အသံတွေ အတော်ကြီးညံပါတယ်။ မျက်မမြင်ပုဏ္ဏား ၆ ယောက်ကနေ ဆင်တစ်ကောင်ကို ကိုင်တွယ်စမ်းသပ်ပြီးသကာလ ကောက်ချက်ချကြတာမှာ ၆ မျိုးထွက်တဲ့ပုံပြင်ကိုလူတိုင်းကနားရေဝပြီး ဖြစ်ပါမယ်။ အခုအဖြစ်ကတော့ ကားလိပ်ကြားကနေ ဘွားကနဲ ဆင်ကောင်ကြီးပေါ်လာတယ်ဆိုရင်ပဲ၊ စူးရှတဲ့ မျက်လုံးတွေနဲ့သာ ကြည့်ကြတာမို့ ပြောင်မြောက်တဲ့ အရေးအသားတွေ၊ အသံသြဇာပါပါနဲ့ ဝေဖန်သမှု ပြုကြတာတွေ ကြားရတာ စဉ်တိုက်ဆက်တိုက်ပါပဲ။

မျက်စိမမြင်လို့ ဆင့်နားရွက်ကိုသာ စမ်းမိသူကနေ ဆင်ဟာယပ်တောင်လိုပဲထင်တာ ‘ဒုက္ခိတအမြင်’ ဖြစ်ပြီးရိုးပါတယ်။ အမြင်တွေအကြားတွေ အာရုံတရားတွေ ကောင်းလှသူတွေရဲ့ ‘သုခိတအမြင်’ တွေမတူကြတာဘာလို့ပါလဲ။

အပြီးသတ်အစီရင်ခံစာမှာ အဓိကရုဏ်းဖြိုခွင်းရာမယ် အသုံးပြုခဲ့တဲ့လက်နက်ဟာမီးခိုးဗုံးလို့ ပါတယ်။ ကော်မရှင် ဥက္ကဋ္ဌကလဲရေဒီယိုမှာ ရှားရှားပါးပါးအင်္ဂလိပ်စကားလုံးသုံးပြီး၊ Smoke bomb လို့ပြောပါတယ်။ ဒါဟာ လုံခြုံရေးအသုံး စကားလုံး ဖြစ်ပါတယ်။ ဆေးပညာအရပြောရရင်တော့ ဆရာဝန်တွေဟာဒဏ်ရာကိုစစ်ဆေးပြီး၊ လူနာပြောတာကို တိုက်ရိုက်ယူရလေ့ ရှိပါတယ်။ ကျွန်တော့်ကတော့ လက်နက် အိတ်စပတ် မဟုတ်လို့ ဒီလိုချရေးမိမှာပါ “မီးအကြီးအကျယ် လောင်စေသော တရားဝင်မီးခိုးဗုံးဟုခေါ်ဆိုသည့်လက်နက်” လို့ရေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ချက်ချင်းဆိုသလိုအခင်းဖြစ်ရာကလူထုဆီလာခဲ့တယ်။ ရှင်းစရာတွေရှင်းမေးတာတွေ ပြန်ဖြေပါတယ်။ သူကချည်းပြောသွားတာလို့လဲ ပြန်ပြေတာ ကြားမိပါတယ်။ ကော်မရှင်ကစစ်ဆေးကြားနာပြီးဖြစ်တာမို့ ထွက်တဲ့အစီရင်ခံစာကိုနားလည်စေအာင် လာရှင်းပြတာပါ။ ထပ်ပြီးနားထောင်ဘို့ရာအချိန်တန်တော့ တခါထပ် နားထောင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်က အသင့်ရေးထားတဲ့ကြောညာချက်ကို ဖတ်ပြတာမဟုတ်တာကို သတိပြုစေချင်ပါတယ်။ နဝတ၊ နအဖခေတ်မှာ ဇာတ်လမ်းတွေဆင်၊ ဇယားတွေဆွဲပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမျိုးနဲ့ဆို ဆီနဲ့ရေလိုကွာခြားပါတယ်။ ဒါကအချက်လေးတခုပါ။

လူတချို့ဟာတုံ့ပြန်တာလွယ်တတ်ကြတယ်။ ကောက်ချက်ဆွဲတာမှာလဲအခုမြင်လိုက်ရတာကို ကြည့်ပြီး၊ ကြားပြီး၊ ဖတ်ပြီး၊ ချက်ချင်းကြီးကံတရားလေးပါးနဲ့ စဉ်းစား-ရေးသား-ပြောဆို-ပြုမူတတ်ကြတယ်။ အဖြစ်အပျက်တခုတိုင်းမှာထင်ပေါ်သူ၊ ထိပ်ဆုံးကလူကိုဦးတည်လေ့ရှိပါသေးတယ်။ ရခိုင်မှာ ပြဿနာတွေ ပွက်ပွက်ဆူချိန်မယ် အစိုးရကနေ ရပ်တည်ချက်တခု ထုတ်ပြန်ခဲ့တယ်။ အစိုးရသဘောတားကကိုယ့်ဆန္ဒနဲ့ ကိုက်ညီတာမို့ ချက်ချင်းကြီးဆိုသလိုသမ္မတကိုချီးမွမ်းထောပဏာ ပြုလိုက်ကြတယ်။

မကြာပါဘူးကချင်ဒေသမှာထိုးစစ်တွေဆင်၊ လေယာဉ်တွေသုံးတော့ အဲဒီလူပုဂ္ဂိုလ်ကိုပဲရစရာမရှိအောင် အပြစ်တင်ကြပြန်ပါရော။ “အာဝါ ပရက်ဆီးဒင့်” လုပ်သူနဲ့ “အလိုမရှိ” လုပ်သူတွေကအတူတူတော့ ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဟုတ်တာလဲပါမှာမလွဲပါ။ ဖြစ်သင့်တာကစိတ်မစောဘို့၊ မလောဘို့လိုပါတယ်။ အမြန်အဆန် တုံ့ပြန်လိုက်မိတော့ ရခိုင်ဒေသကအရေးမှာကိုယ်နဲ့ဘာသာမတူသူတွေကလုပ်ကြတာပဲဆိုပြီးအဲဒီဘာသာတရားကိုပါ ပြစ်တင်မိကြရာကနေအမှိုက်ကစ ပြဿဒ်မီးလောင်စေခဲ့တယ်။ ဘာသာမတူသူတွေကြားမလိုအပ်ပဲအမုန်းပွါးစေခဲ့တယ်။ အမှန်ကတိုင်းတပါးသားတွေ တရားမဝင် လူတွင်ကျယ်လာလုပ်တာကိုတားဆီးရေးဦးတည်ရမှာသာ ဖြစ်တယ်။ ကျယ်ကျယ် လောင်လောင် စူးစူးဝါးဝါးအော်လို့ကောတိုင်းတပါးသားအရေးအေးမှာတဲ့လား။

ဒေါ်စုဒီတခါ မုံရွာလာတာအရင်တခါနဲ့မတူပါ။ ဒီတခါမှာ ဆန္ဒအပြခံရတာဟာ စစ်အစိုးရလက်ထက်တုံးက လူတွေကို ဇွတ်ခေါ်ပြီး လုပ်တဲ့ ဆန့်ကျင်ပွဲကြီးတွေနောက်မှာဒါပဌမဆုံးရင်ဆိုင်ရတာဖြစ်ပါတယ်။ ဒီမိုကရေစီမှာဒါမျိုးတွေ လာအုံးမှာပါ။ ပါတီဥက္ကဌပူပူနွေးနွေးကမသိမရှိပါ။ ရဲရဲကြီးလာပါတယ်။ ဘယ်သူကမှဖိတ်လို့၊ ခိုင်းလို့လည်းမဟုတ်ပါ။ လက်ပံတောင်းအစီရင်ခံစာမထွက်ခင်ကတည်းကလည်းစဉ်းစားပြီးသား ဖြစ်မယ်လို့ ယူဆရင် မှားမယ်မထင်ပါ။ စီးပွါးရေးမှာဖြစ်ဖြစ် နိုင်ငံရေးမှာဖြစ်ဖြစ် “တွက်ချက်ပြီးသား အန္တရာယ်” ဆိုတာမျိုး၊ ရှောင်လွဲလို့မရတဲ့ အခြေအနေမျိုးကို သိသိကြီးနဲ့ ရွေးရတတ်ပါတယ်။

လူတဦးစကားပြောတာကိုအသေအချာကြည့်ပါ။ ပိုင်ပိုင်နိုင်နိုင်ပြောနေတာလား။ လိန်ဆင်တွေလား။ အရေးကြီးတာတခုက ပြောတာကိုလဲ “စာကြောင်းတွေကြားမှာဘာများပါသလဲသိအောင်လုပ်ပါ” လို့ အင်္ဂလိပ်လိုဆိုရိုးစကားရှိပါတယ်။ နောက်ပြီး “မပြောပဲချန်ထားတာဘာရှိသလဲဆိုတာက ဒီအရေးမှာအရေးအကြီးဆုံး စဉ်းစားစရာဖြစ်ပါတယ်။” တွေးယူရင် မှန်တာတွေရော ကျန်တာတွေပါ ရှိနိုင်ပါတယ်။ တိုင်းပြည်တိုင်းမှာ နိုင်ငံထိပ်သီး၊ အဖွဲ့အစည်းခေါင်းဆောင်တွေဟာ အရာရာတိုင်းကို ထုတ်မပြောကြပါ။ တေမိမင်းသားစကားမပြောတာအကြောင်းရှိတယ် မဟုတ်ပါလား။

လပိုင်းအတွင်းမှာသာ မဲရွေးပွဲလုပ်ရင် ဒေါ်စုကိုမဲပေးမဲ့သူအရေအတွက်ဟာအစီရင်ခံစာမထွက်ခင်ကထက် နည်းမှာပါ။ ဒီလိုတွေ ဖြစ်လာအောင် လက်ရှိအစိုးရက တမင်အကြံနဲ့ ဒေါ်စုကိုကော်မရှင်ဥက္ကဋ္ဌတာဝန်ပေးလိုက်တာလို့တော့ မထင်ပါ။ အခုလိုဆူညံသံတွေ ဖြစ်နေတာအတွက်လဲလက်ရှိ “အာဏာယူပါတီ” က လက်ခမောင်းခတ်နေမယ်လဲမထင်ပါ။ သမ္မတနဲ့ ဒေါ်စု တကြိတ်တည်းတဥာဏ်တည်းလုပ်နေတာလို့လဲ မယူဆပါ။ စစ်တပ်ကလည်း ကွယ်ရာမှာ ရယ်သွမ်းသွေးနေမယ်လို့လဲ မယူဆပါ။

မြန်မာပြည်မှာ အပြောင်းအလဲတခုဆီဦးတည်နေတယ်။ ဘယ်ဘက်ကမှ မနိုင်ကြလို့ ကြားနည်းကို နှစ်ဖက်လုံးက ရွေးလိုက်ကြပြီး လုပ်နည်းသစ်နဲ့ စခန်းသွားနေကြချိန်ဖြစ်တယ်။ မကြိုက်သူတွေကလဲမကြိုက်ပဲနေခွင့် အပြည့်အဝ ရှိကြပါတယ်။ လက်တွေ့ဖြစ်နေတာကတော့ အရှိတရားပါ။ အခုနောက်ဆုံးဖြစ်ပေါ်မှုဟာဘေးတိုက်ယှဉ်ပြီး (လက်တွဲဆိုတဲ့ အသုံးအနှုန်းမဟုတ်ပါ) ခရီးဆက်ဘို့ရာတဆင့်တက်လာစေမယ်လို့ ယူဆပါတယ်။

ဒါဖြင့်ရင် ဒေါ်စုကိုရင်ထဲကထုတ်လိုက်ပြီးနေပူကြီးထဲမှာရဲတွေနဲ့ ရင်ဆိုင်နေကြသူတွေအတွက် ထည့်မတွက်တာလား မေးနိုင်ပါတယ်။ လူထုလှုပ်ရှားမှု အလွန့်အလွန် အရေးကြီးပါတယ်။ လိုအပ်ရင် ထပ်လုပ်ရအုံးမှာပါ။ တခုတော့ ထောက်ပြပါရစေ။ လှုပ်ရှားမှုတွေမှာဘယ်သူ့ကိုပစ်မှတ်ထားမလဲ။ ဒေါ်စုကိုလား၊ ဝမ်ပေါင်ကိုလား၊ ဦးပိုင်ကိုလား။ သုံးခုလုံးလား။ ဘယ်ဟာကိုမှ မထားပါနဲ့လို့ မတားပါ။ “ပျော့တဲ့ပစ်မှတ်” ရွေးပြီးလုပ်ကြတာထုံးစံပါ။ ကျွန်တော့်သဘောက နောက်နှစ်ခုကို ဦးတည်စေချပါတယ်။ ဘာလို့လဲဆိုတော့

“ဒေါ်ပေါင်” ကိုဒီနေရာမှာမပြောသေးပါ။ “ဦးပိုင်” ကိုတော့ ပြောချင်ပါတယ်။ “၂ဝဝ၆-ဝ၇ ဘဏ္ဍာရေးနှစ်အတွင်း ဦးပိုင်လီမိတက်ဟာ အမြတ်ငွေ ကျပ်သန်းပေါင်း ၅ သောင်းလောက် ရှာနိုင်ခဲ့တယ်။ ၂ဝဝ၂ ခုနှစ်ကစပြီး သဘာဝ ဓာတ်ငွေ့အတွက် ထိုင်းနိုင်ငံကနေအတိုးရောအရင်းပါ ဒေါ်လာငွေ ၅ ဘီလီယံနီးပါးရခဲ့တယ်။” ဒါကနမူနာအတိုချုပ် အချက်ကလေးသာ ဖြစ်ပါတယ်။

မကြာသေးခင်က ရေဒီယိုဆွေးနွေးခန်းတခုမှာ အစိုးရဘတ်ဂျက်ထဲက ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်အကြောင်း ဆွေးနွေးကြတဲ့အခါ အမတ်မင်းများကနေ (ဘယ်ပါတီကလဲမေးစရာမလိုပါ) တပ်မတော်သားသားသမီးတွေ ကျောင်းပို့ရင် အရပ်သားအစိုးရဝန်ထမ်းတွေလိုမဟုတ်ဘူး၊ ဒါကြောင့် ဘာညာ၊ ငွေဘဏ္ဍာပိုပေးသင့်ပါတယ်လို့ ပြောသွားတယ်။ မှိုချိုးမျှစ်ချိုး ပြောချင်လာမိတယ်။ အမတ်တွေပြောကြတာ “စိတ်ပျက်စရာအလွန်ကောင်းလွန်းပါတယ်။”

မြန်မာ့စီပွားရေး ဦးပိုင်လီမိတက်မှာရည်ရွယ်ချက် (၄) ချက်ရှိပါတယ်။ တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး၊ စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူဇနီးသားသမီးများ သက်သာ ချောင်ချိရေး၊ ပြည်သူလူထုသက်သာချောင်ချိရေးအားအထောက်အကူဖြစ်စေရေး၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေးလို့ ပါထားပါတယ်။ ဒါကြောင့် တပ်မတော်သားမိသားစုတွေအတွက် အစိုးရဘတ်ဂျက်ထဲက ယူနေစရာမလိုလောက်အောင် ပေါကြွယ်လွန်းနေတဲ့ ဦးပိုင်ကိုပွင့်လင်းမြင်သာမှုနဲ့ သမာသမတ်ရှိ-မရှိသိချင်သင့်ကြပါတယ်။ တပ်မတော်ဂုဏ်သိက္ခာနဲ့ ဆိုင်ပါတယ်။

မျက်မမြင်ဥပမာ ထပ်ပေးပါရစေ။ သုဝဏ္ဏသာမဇာတ်တော်ထဲမှာ ဘုရားအလောင်းဟာ မြားမှန်တဲ့အခါ မြားပြစ်သူကိုအရင် မစူးစမ်းပါ။ မျက်မမြင်ဒုက္ခိတမိဘနှစ်ပါးအတွက် သူပူပင်လွန်းလို့ ငိုကြွေးပါတယ်။ ဒီဇာတ်တော်မှာ မြားပြစ်သူက ဘုရင်မင်းတပါး ဖြစ်ပါတယ်။ အခုဖြစ်နေတာဒီသဘောပါပဲ။ ဒေါ်စုရဲ့စဉ်းစားချက်ဟာလဲ နှလုံးသားရောဦးနှောက်ပါ အသုံးချလိုက်တာလို့ အခိုင်အမာယုံကြည်ပါကြောင့်း့

သမင်ပြစ်တဲ့မြား သမင်ကိုသာ မှန်ပါစေဗျား။ နဂါးအတွက် အားတွေ မဖြုန်းကြပါနဲ့။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၃
၂၈-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး