Pregnancy and Conception ကိုယ်ဝန်ရှိပြီဆိုတာ

(ကန်တော့ပါ)

Pregnancy ကိုယ်ဝန်ရှိပြီဆိုတာ Sperm ခေါ် ကျားသုက်ပိုး နဲ့ Egg ခေါ် မ-မျိုးဥတွေ Fertilization ခေါ် ပေါင်းစပ်ချိန် ခေါ် Conception ခေါ် သန္ဓေတည်ချိန်ကို ခေါ်တာလား။ အဲလိုဖြစ်လာပြီး နောက်တပါတ်အကြာ Embryo implantation ခေါ် သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန်ကို ခေါ်တာလား။ ဒီအယူအဆ ၂ မျိုးကို ချီကာဂိုတက္ကသိုလ်ကနေ သုတေသန လုပ်တော့ ဆရာဝန်တွေ အမြင်မတူကြတာ တွေ့ရတယ်လို့ အမေရိကန်သားဖွါးမီးယပ်ရောဂါဂျာနယ်မှာ ရေးသားလိုက်ပါတယ်။

ဒီမေးခွန်းနဲ့ အဖြေဟာ ဘာသာရေးအယူအဆ သက်ရောက်မှု ရှိမှာဖြစ်သလို ကိုယ်ဝန်ကို မလိုချင်လို့ ဖျက်ပြစ်တာမှာလဲ လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆုံးဖြတ်ရာမှာလဲ သက်ရောက်စေပါတယ်။ အမေရိကားမှာရှိတဲ့ သားဖွါး-မီးယပ် အထူးကုဆရာဝန်ပေါင်း ၁၈ဝဝ ကိုမေးမြန်းခဲ့ပါတယ်။

မေးခွန်းကို အဖြေပေးကြတဲ့ ဆရာဝန်ပေါင်း ၁၁၅၄ ဦးရှိတယ်။ ၅၇% က ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ချိန်၊ သန္ဓေတည်ချိန် ဖြစ်တယ်။ ၂၈% က ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ပြီး နောက်တပါတ်အကြာ သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန် ဖြစ်တယ်။ ၁၅% က မသေချာဘူးလို့ဆိုပါတယ်။

Conception ခေါ် သန္ဓေတည်ချိန်လို့ပြောတဲ့ ဆရာဝန်တွေက ဘာသာရေးဦးစားပေးသူတွေဖြစ်ပြီး Abortion ခေါ် ကိုယ်ဝန်ဖျက်တာကို အားမပေးကြဘူး။ ကောက်ချက်ချရရင် သားဖွါးမီးယပ် အထူးကုဆရာဝန်တွေဟာ ကိုယ်ဝန်ရှိတယ်ဆိုတာကို သတ်မှတ်တဲ့နေရာမှာ ကိုယ်ဝန်ဖျက်တာကို မလိုလားကြဘဲ၊ ဘာသာရေးအဆုံးအမ တည်ကြတယ်။

Fertilization မျိုးပေါင်းစပ်ခြင်း
ကျန်းမာသန်စွမ်းတဲ့ Sperm ကျားသုက်ပိုးတွေထဲက တခုဟာ ရင့်မှည့်နေတဲ့ Egg မ-မျိုးဥတခုထဲကို အောင်အောင်မြင်မြင် Penetration ထိုးဖေါက် ဝင်ရောက်ပြီး၊ Cell division ဆဲလ်ပွါးခြင်းဖြစ်စဉ် စတင်တာကို Fertilization ဖါတလိုက်ဇေးရှင်း ပေါင်းစပ်ခြင်းလို့ခေါ်တယ်။ Embryo သန္ဓေဆိုတာ ဖြစ်ပြီ။ ဆက်ပြီး ကြီးထွားလာတော့မယ်။

ကျား နဲ့ မ ပုံမှန်လိင်ဆက်ဆံကြရင် သန်းနဲ့ချီများတဲ့ ကျားသုက်ပိုးတွေဟာ ဗဂျိုင်းနားထဲမှာ စွန့်ထုတ်မယ်။ ဆက်ပြီး သားအိမ်အဝထဲဝင်လာမယ်မယ်။ ဆက်ပြီး သားအိမ်ထဲဝင်လာကြမယ်။ နောက် သားအိမ်ပြွန်ဆီ ဆက်သွားကြမယ်။

အရွယ်ရောက်ပြီး သွေးမဆုံးသေတဲ့အမျိုးသမီးဟာ ရာသီလလည်ရက်မှာဖြစ်တဲ့ မျိုးဥထွက်ချိန်မှာ ဟော်မုန်းတွေ ထွက်တယ်။ ဒါ့ကြောင့် သားအိမ်အဝမှာရှိနေတဲ့ အချွဲရည်ဟာ ပြောင်းလဲလာပြီး၊ သုက်ပိုး အလွယ်တကူ ဝင်လာစေအောင် ဖန်တီးပေးရာကျတယ်။ ကိုယ်ဝန်တားဆေးတွေက ဒီအလုပ်တာဝန်ကို ဆန့်ကျင်ပေးတာမို့ သုက်ပိုး အထဲကို မဝင်စေအောင် တားဆီးပေးတယ်။ သန်းနဲ့ချီများတဲ့ သုက်ပိုးတွေထဲက ၂ဝဝဝ လောက်ကဘဲ လိုရာခရီးအထိ ရောက်နိုင်ကြတယ်။

သန္ဓေတည်စေဘို့ဆိုတာ ရက်ရွေးမှန်ရတယ်။ မ-မျိုးဥက မျိုးဥအိမ်ကနေ ထွက်ပြီးတဲ့နောက် ၁၈-၂၄ နာရီကြားမှာ သုက်ပိုးနဲ့တွေ့တာ အကောင်းဆုံးအချိန်ဖြစ်တယ်။ ယောက်ျား သုက်ပိုးတွေကလဲ ထွက်ပြီးတဲ့နောက် ၃-၅ ရက်သာ အသက်ရှင်နေမယ်။ ဒါ့ကြောင့် အကောင်းဆုံး ကိုယ်ဝန် ရစေနိုင်တဲ့ ရက်ဆိုတာ ရာသီလတခုမှာ ၅-၆ ရက်သာရှိတယ်။ သုတေသနလုပ်ကြည့်တော့ ကျန်းမာသန်စွမ်းကြတဲ့ အတွဲတွေဟာ နေ့ကောင်းရက်သာမှာ အတူနေကြတာတောင်မှ ကိုယ်ဝန်ရလမ်း ၃ဝ-၅ဝ% သာရှိတယ်။

သုက်ပိုးနဲ့ အဲလိုပေါင်းစပ်ပြီးတဲ့နောက် Fertilized egg ခေါ် မ-မျိုးဥဟာ ကိုယ်ဝန်တည်စေဘို့ ခရီးဆက်ရသေးတယ်။ သားအိမ်ပြွန်ကနေ သားအိမ်ထဲဝင်လာပြီး သားအိမ်အတွင်းဆုံးနံရံမှာ Implantation တွယ်ကပ်ဘို့ဆိုတာ ပျမ်းမျှ ၆-၇ ရက်ကြာသေးတယ်။ ကိုယ်ဝန်တားဆေးတွေက တွယ်ကပ်မှာကို ဟန့်တားသေးတယ်။

သားအိမ်အတွင်းဆုံးနံရံမှာ တွယ်ကပ်ပြီဆိုတာနဲ့ ဟော်မုန်းနောက်တမျိုး တိုးထွက်လာပြန်တယ်။ Human Chorionic Gonadotrophin (hCG) လို့ ခေါ်တယ်။ ကိုယ်ဝန် ရှိ-မရှိ စစ်တဲ့အခါ အဲဒီ (hCG) ရှိ-မရှိကို စစ်တာ ဖြစ်တယ်။ ဒါ့ကြောင့် Pregnancy hormone လို့လဲ ခေါ်တယ်။ သူရှိနေမှသာ Pregnancy ကိုယ်ဝန် ဆက်တည်လိမ့်မယ်။ ဟော်မုန်းက တရက်ထက်တရက် များများလာရတယ်။ တရက်မှာ ၂ ဆ တိုးတာဟာ နောက်ဆုံး ၆ဝ-၈ဝ ရက်မှာ အများဆုံး ရှိလာမယ်။

ကိုယ်ဝန်တာဆေး တာနည်းတွေဆိုတာ အဲဒီဖြစ်စဉ်ကို တနည်းနည်းနဲ့ တဆင့်ဆင့်မှာ တားဆီးပိတ်ပင်တာတွေဖြစ်တယ်။ မျိုးပေါင်းစပ်မှု မဖြစ်အောင်လုပ်တာဆိုရင် ကိုယ်ဝန်တားတာ။ သားအိမ်အတွင်းနံရံမှာ တွယ်ကပ်မှုဖြစ်ပြီးမှ ပျက်စေတာဆိုရင် ကိုယ်ဝန်ဖျက်တာဖြစ်သွားတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး