Pneumonia နူမိုးနီးယား

၁။ သမီးအသက် ၂၄ နှစ်ပါ။ အိမ်ထောင်မရှိ အပျိုဖြစ်ပါတယ်။ ချောင်းဆိုးဝေဒနာကို စပြီးခံစားရတာ June လကတည်းကပါ။ စဖြစ်ခါစတုန်းက နိုင်ငံခြားရောက်နေတဲ့အတွက် ဆေးခန်းပြရမှာ ဝန်လေးပြီး မြန်မာဆေးတို့ ဆေးမြီတိုတို့ကိုပဲ သောက်သုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သုံးပတ်မြောက်မှာတော့ မသက်သာတဲ့အတွက် ဆရာဝန်ဆီ သွားပြခဲ့ပါတယ်။ ဓါတ်မှန်ရိုက်ခိုင်းပြီးနောက် နူမိုးနီးယားလို့ သိခဲ့ရပါတယ်။ ဆရာဝန်က ပိုးသတ်ဆေးကို ၁၀ ရက် သောက်ခိုင်းခဲ့ပါတယ်။ ချောင်းဆိုးတာ သက်သာသလိုရှိပေမယ့် လုံးဝအရှင်းမပျောက်ဘူး။ အဲ့လိုဆေးသောက်ပြီး သုံးပတ်အကြာမှာ ဓါတ်မှန်ထပ်ရိုက်ခိုင်းပြီး သူ့ဆီပြန်လာလို့ ပြောသောကြောင့် သမီးဆေးခန်းကို ပြန်သွားခဲ့ပါတယ်။ ဓါတ်မှန်အဖြေက နူမိုးနီးယား ရှိသေးတယ်လို့ ပြောသောကြောင့် ဆရာဝန်က အဆုတ်အထူးကုကို လွှဲပေးလိုက်ပါတယ်။ အဲ့ဒီအဆုတ်အထူးကုက နောက်ထပ် ၇ ရက်စာ ပိုးသတ်ဆေး ထပ်ပေးလိုက်ပြန်ပါတယ်။ ဆေးသောက်နေသော်လည်း ချောင်းဆိုးဝေဒနာက လုံးဝကို အရှင်းမပျောက်ဘူးဖြစ်နေတာပါပဲ။ အဆုတ်ဆရာဝန်က နှစ်ပတ်အကြာ ပြန်လာပြဖို့ ပြောထားသဖြင့် ထပ်သွားပါတယ်။ ဓါတ်မှန်ထပ်ရိုက်ခိုင်းပါတယ်။ ထိုဓါတ်မှန်ကိုကြည့်ပြီး ရောဂါနည်းနည်း ကျန်သေးတယ်လို့ ထပ်ပြောပါတယ်။ ပိုးသတ်ဆေးထပ်မပေးတော့ဘဲ Solmux Bronco နဲ့ Co-altria ဆိုသော ဆေးနှစ်မျိုးအား ပေးလိုက်ပါတယ်။ ထိုဆေးသောက်ပြီး နှစ်ရက်အကြာမှာ နဂိုက တစ်နေ့ကို သုံးလေးခါသာ ချောင်းဆိုးနေရာမှ လည်ချောင်းရုတ်တရက်နာပြီး ချွဲပါသော ချောင်းဆိုးဝေဒနာကို စတင်ခံစားရပါတယ်။ နောက်နေ့ရောက်တော့ ဖျားသလိုမျိုး ခန္ဓာကိုယ်တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီး နှာရည်ယိုတာတွေပါ ဖြစ်လာပါတယ်။ ခုချိန်မှာ ခန္ဓာကိုယ်မနာတော့ပေမယ့် ချောင်းဆိုးနှာစေးက ဖြစ်နေဆဲပါ။ တစ်ပတ်ပြည့်ပါတော့မယ်။ ဟိုဆေးနှစ်မျိုးစလုံးလည်း ကုန်သွားပြီဖြစ်ပါတယ်။ သမီးသိချင်တာက ခုဝေဒနာဟာ နူမိုးနီးယားမပျောက်သေးလို့ ဖြစ်နေတာလား ဒါမှမဟုတ် ရာသီတုပ်ကွေးကြောင့်လားဆိုတာကို သိချင်တာပါ။ နောက်ပြီး ဘာဆက်လုပ်သင့်ပါသလဲ။ သူပေးတဲ့ဆေးကိုပဲ ထပ်ဝယ်သောက်ရမလား။ ဆရာဝန်ဆီ သွားပြန်ပြရမလား။ တခြားနည်းလမ်းရှိရင် အကြံပေးပါဦး။ ဆရာ။

၂။ ဆရာရှင့် ကျွန်မအမျိုးသားက ၃၆ နှစ်၊ ကလေး၂ ယောက်ရှိ။ ခု နမိုးနီးယားဖြစ်လို့ မှာ ဆေးရုံတက်နေရပါတယ်။ ၂ ပတ်လောက်နားရမယ်ဆိုတော့ မြန်မာပြည်မှာပြန်လာနားမလို့။ အဲဒါ ကလေးတွေကို ကူးနိုင်ပါသလား။ ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။ ဆရာလဲကျန်းမာပါစေ။

၃။ သမီးအဖေက အသက် ၅၆နှစ်ရှိပါပြီ။ အစားအသောက်ပျက် ညညဖျားတာ တလလောက်နေတော့ အူကျတာကြောင့် ဖျားတယ်ဆိုလို့ မှာ သွားခွဲပါတယ် ခွဲတဲ့အချိန်မှာလည်း အဖျားရှိပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တော့ စီပိုးတွေ့တယ် ပြောပါတယ်။ နမိုးနီးယားအခံလည်းရှိတယ်ပြောတယ်။ နေ့တိုင်း ဖျားနေတုန်းပါပဲ အခုဆို ၁၃ရက်ရှိပါပြီ။ တနေ့ အဖျားက ၃ ကြိမ်ပါ။ အဆုတ်မှာ နမိုးနီးယားပိုး နည်းနည်းတွေ့တယ်လို့တော့ ဆေးစာအုပ်ထဲမှာရေးထားပါတယ်။ ဆေးပဲသောက်ခိုင်းပါတယ်။ စီဖရမ်လို့အသံထွက်မလား မသိဘူး။ အဖျားတခါတက်ရင် ၁၀၃-၁၀၄ ပါ။ CS 1 ထိုးဆေးကတော့ ၁၀လုံး ထိုးထားပြီး ၅ ရက်ပြည့်လို့ ရပ်ထားပါတယ်ရှင်။

နူမိုးနီးယားဆိုတာ အဆုပ်ပိုးဝင်ရောဂါ။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ ဖန်းဂတ်စ် တွေကနေ ဖြစ်စေနိုင်တယ်။ ဖြစ်ရင် ချောင်းဆိုး၊ သလိပ်ထွက်၊ ကိုယ်ပူ၊ အသက်ရှူသွင်းချိန်မှာ စူးပြီး ရင်ပတ်နာတာတွေ ခံစားရမယ်။ နားကြပ်နဲ့ နားထောင်ရင် မူမှန်မဟုတ်တဲ့ Crackling sounds အသံကြားရမယ်။ Wheezing ရင်ကြပ်သံလဲ ကြားရနိုင်တယ်။ လေဝင်သံ တိုးနေနိုင်တယ်။ ပဋိဇီဝဆေးတွေ မပေါ်ခင်က နူမိုးနီးယား ဖြစ်တဲ့သူ ၃ ယောက်မှာ ၁ ယောက် သေခဲ့ရတယ်။ အခုထိ အမေရိကားမယ် တနှစ်မှာ လူ ၃ သန်း နူမိုးနီးယား ဖြစ်နေတယ်။ ၅% သေဆုံးနေတုံးဘဲ။ သူတို့ဆီမယ် လူသေစာရင်းမှာ နံပါတ် ၆ လိုက်တယ်။

အသက်ရှူရာကနေ ပိုးဝင်တာ ဖြစ်တယ်။ ပိုးတမျိုးမျိုးပါနေတဲ့ အမှုံလေးတွေကို ရောဂါရှိနေသူက ချောင်းဆိုး၊ နှာချေရင်း ထုတ်နေတာကို ရှူသွင်းမိသူ ကူးမယ်။ တချို့ကြ သူ့ကိုယ်ပိုင် ပါးစပ်ထဲ၊ နှာခေါင်းထဲ၊ လည်ချောင်းထဲ နေတဲ့ ပိုးက အဆုပ်ထဲ ဝင်လာရာကနေ ဖြစ်တယ်။ အိပ်နေရင်း အဲလို ဝင်တတ်တယ်။ လူရဲ့ တုံ့ပြန်မှု သဘော ဖြစ်တဲ့ ချောင်းဆိုး၊ နှာချေပြီး မကြိုက်တာကို ထုတ်ပြစ်နိုင်တာ ကောင်းတယ်။ ပိုးဝင်သူတိုင်းတော့ ရောဂါမရပါ။ အားနည်းနေချိန်၊ တခြားရောဂါတခုခု ခံစားနေချိန်မှာ ရနိုင်တယ်။ ကလေးငယ်၊ အသက်ကြီးလွန်းသူ၊ ခွဲစိတ်ခံထားရသူ၊ အရက်သေစာ-မူးယစ်ဆေးဝါး သောက်စားထားသူ၊ ဆေးလိပ် သောက်သူတွေမှာ ဖြစ်တတ်တယ်။

များသောအားဖြင့် တုပ်ကွေးလိုနဲ့ စတယ်။ ဖျားလာမယ်။ ချမ်းနိုင်တယ်။ ချောင်းဆိုးမယ်။ သလိပ်ထွက်မယ်။ သလိပ်က အရောင်ရှိနိုင်တယ်။ ဖြစ်တဲ့နေရာအလိုက် လက္ခဏာ မတူတတ်ဘူး။ တချို့က ချောင်းပိုဆိုးမယ်။ တချို့က အသက်ရှူမဝ ဖြစ်မယ်။ ပြာနှမ်းနေမယ်။ အဆုပ်ကို ဖုံးထားတဲ့အလွှာ Pleura မှာသာ နာတာကို ခံနိုင်တဲ့ အာရုံကြောရှိလို့ အဲဒီနေရာ ရောဂါလာဖြစ်ရင် နာမယ်။ နာရင် စူးရှပြီးနာတာ။ Pleurisy ခေါ်တယ်။ အဆုပ်ဆိုတာ Lobes အစိတ်အပိုင်းတွေ ရှိတယ်။ ဘယ်မှာ ၂ ခု၊ ညာမှာ ၃ ခု။ တခုမှာသာ ဖြစ်တာကို Lobar pneumonia ခေါ်တယ်။ အဆုပ် နှစ်ဘက်လုံးမှာလဲ ဖြစ်နိုင်တယ်။ Double pneumonia လို့ ခေါ်ခဲ့ကြတယ်။

သလိပ်ကို စစ်ဆေးရင် ဖြစ်တဲ့ပိုးသိမယ်။ ပိုးကိုနိုင်တဲ့ဆေးကိုလဲ ရှာနိုင်တယ်။ သွေးဖြူဥတွေ များနေမယ်။ Neutrophils များနေရင် ဗက်တီးရီးယားကြောင့်၊ Lymphocytes များနေရင် ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ တီဘီပိုး ကြောင့် ဖြစ်ဘို့များတယ်။

ဓါတ်မှန် ရိုက်ကြည့်ရင် သိမယ်။ Bronchoscopy ကရိယာထည့် စစ်ဆေးတာလဲ လုပ်နိုင်တယ်။ အဆုပ်အိတ်ထဲ အရည် အောင်း-များနေတာကို Pleural effusion ခေါ်တယ်။ များရင် Thoracentesis လုပ် စုပ်ထုတ်ရမယ်။ Empyema ဆိုတာ ဖြစ်ရင် ခွဲစိတ်တန် ခွဲစိတ်ရတယ်။ Thoracoscope ကရိယာသုံးပြီး Video-assisted thoracoscopic surgery or VATS ဆိုတာ လုပ်လာနိုင်နေပြီ။

အများဆုံးတရားခံက Streptococcus pneumoniae ဗက်တီးရီးယားဘဲ။ အခု Pneumococcal conjugate vaccine (PCV13) နဲ့ Pneumococcal polysaccharide vaccine (PPV23; Pneumovax) ကာကွယ်ဆေး ၂ မျိုး ပေါ်နေပြီ။
Pneumococcal conjugate vaccine ကာကွယ်ဆေးကို အမေရိကားမှာ ပုံမှန်ကာကွယ်ဆေး စာရင်းထဲ ထည့်တယ်။ ၂ နှစ်အောက် ကလေးတွေကို ထိုးပေးတယ်။ နူမိုးနီးယား ဖြစ်နိုင်ခြေရှိတဲ့ လူကြီး (နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ အရက်သမား၊ စီးကရက်သောက်သူ၊ ဘေလုံးထုတ်ထားသူ၊ အသက်အိုသူ) တွေကို Pneumococcal polysaccharide vaccine ထိုးပေးတယ်။ ၅-၇ နှစ်ကြာတခါ ထပ်ထိုးတယ်။

ပဋိဇီဝဆေးတွေနဲ့ ကုသမယ်။ Penicillin, Amoxicillin and Clavulanic acid, Erythromycin, Azithromycin နဲ့ Clarithromycin တွေ ဖြစ်ကြတယ်။

နာတာရှည် အသက်ရှူလမ်းဆို့ရောဂါ Chronic obstructive pulmonary disease (COPD) နဲ့ Alcoholism အရက်သမားတွေမှာ Klebsiella pneumoniae နဲ့ Hemophilus influenzae ပိုးတွေကြောင့် နူမိုးနီးယား ဖြစ်နိုင်တယ်။
Third-generation Cephalosporins, Amoxicillin, Clavulanic acid, Fluoroquinolones နဲ့ Sulfamethoxazole + Trimethoprim ဆေးတွေ ပေးမှရမယ်။

ဖြေးဖြေးချင်းဖြစ်တဲ့ Mycoplasma pneumoniae နူမိုးနီးယားကို Erythromycin, Clarithromycin, Azithromycin နဲ့ Fluoroquinolones ဆေးတွေ ပေးရတယ်။ သုတေသန တခုအရ ပဋိဇီဝဆေးနဲ့အတူ Dexamethasone စတီရွိုက်ပါ ပေးတာ ရက်တိုစေတယ်။

Legionnaire's disease ဆိုတာ Legionella pneumoniae ဗက်တီးရီးယားကြောင့် ဖြစ်တယ်။ အဆိပ်ဖြစ်စေတဲ့ ဓါတ်ရှူမိရင် Chemical pneumonitis ဖြစ်နိုင်တယ်။

Viral pneumonias ဗိုင်းရပ်စ်ကြောင့် နူမိုးနီးယားဆိုရင် ပြောခဲ့တဲ့ဆေးတွေ မတိုးပါ။ Adenoviruses, Rhinovirus, Influenza virus (flu), Respiratory syncytial virus (RSV) နဲ့ Parainfluenza virus ကြောင့်ဖြစ်ရတယ်။ ကိုယ်ခံအား ကောင်းရင် ပျောက်လိမ့်မယ်။ ဗက်တီးရီးယားလဲ တွဲနေတတ်သေးတယ်။ H1N1 Swine influenza A ဝက်တုပ်ကွေးနဲ့ နူမိုးနီးယား တွဲဖြစ်နိုင်တယ်။

Fungal pneumonia ဖန်းဂတ်စ် နူမိုးနီးယားဟာ Histoplasmosis, Coccidiomycosis, Blastomycosis, Aspergillosis, နဲ့ Cryptococcosis တွေကနေဖြစ်တယ်။ Amphotericin B, Fluconazole, Penicillin နဲ့ Sulfonamides ဆေးတွေ ပေးရမယ်။

လည်ချောင်းနာ အသက်ရှူလမ်း အထက်ပိုင်းရောင်တာတွေဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ များတယ်။ မလိုအပ်ဘဲ Antibiotics သုံးရင် ဆေးယဉ်တာတွေ ဖြစ်စေနိုင်တယ်။ ဆေးရုံတွေကနေ ဆိုးတဲ့ ပိုးတွေဝင်လို့ Nosocomial pneumonia ဖြစ်နိုင်တယ်။ လူစုလူဝေးတွေကနေလဲ ဝင်စေနိုင်တယ်။ တချို့ အစုအဝေးတွေမှာ ဖြစ်တဲ့ Staph aureus infections က ၅ဝ% Methicillin ဆေးမတိုးဘူး။ MRSA (Methicillin-resistant Staph aureus) ခေါ်တယ်။ ဆိုးတဲ့ Pneumonia ကနေ သေစေနိုင်တယ်။

Legionnaires disease (လီဂျွန်နဲရိစ်) ရောဂါ
ဗက်တီးရီးယား ကနေဖြစ်တဲ့ အဆုပ်ရောဂါ နူမိုးနီးယားတမျိုးဖြစ်တယ်။ သေနိုင်တယ်။ ချောင်းဘေး၊ မြောင်းဘေး ရေအိုင်ဘေးတွေမှာ ဖြစ်တယ်။ Legionella pneumophila, Legionella longbeachae အမျိုးကွဲတွေ ရှိတယ်။

Pneumonia နူမိုးနီးယား၊ Bronchiolitis ဘရောင်ခီယိုလိုက်စစ် စတဲ့ (LRTIs) အသက်ရှူလမ်းောအာက်ပိုင်း ရက်တို ပိုးဝင်ရောဂါတွေဟာ ၅ နှစ်အောက်ကလေးတွေ သေဆုံးစေတဲ့ အကြောင်းတွေမှာ ထိပ်ကပါတယ်။ ဝက်သက်၊ ကြက်ညှာချောင်းဆိုး နဲ့ မွေးကင်းစသေဆုံးမှု တွေမပါဘဲ တွက်ချက်ရင် ရက်တို အသက်ရှူလမ်း ပိုးဝင်ရောဂါတွေကြောင့် ၅ နှစ်အောက် ကလေးပေါင်း ၂့၁ သန်း သေဆုံးရတယ်လို့ သိရတယ်။ နောက် စစ်တမ်းတခု အလိုအရ ၁့၉ သန်း ရှိတာ တွေ့ရတယ်။ ဒီအထဲက ၇ဝ% ဟာ အာဖရိကနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဖြစ်တယ်။ ဒီဒေသတွေ ဒီအရွယ် ကလေးတွေဟာ အစာအာဟာရချို့တဲ့ကြတယ်။ ဗီတာမင် အေ ပေးတာ အစက်ရှူလမ်းရောဂါတွေအတွက် ပိုကောင်းမလား ၇ နှစ်အောက်ကေလးတွေကို စမ်းသပ်တော့ မထူးခြားတာ တွေ့ရတယ်။ ကောက်ချက်တွဲတဲ့အခါ ဗီတာမင်အေကို သတိထားပေးပါလို့ ထွက်လာတယ်။

ရက်တိုချောင်းဆိုးတာနဲ့ အလွယ်ဝယ်ရ ချောင်းဆိုးပျောက်ဆေးတွေကို ဆန်းစစ်မှုလုပ်တော့ မကောင်းတာ သိလာရတယ်။

Diffuse panbronchiolitis လေပြွန်ငယ်လေူတွေ အများကြီးရောင်ရာကနေ ပျက်စီးတာကိုခေါ်တယ်။ Recurrent respiratory tract infection အသက်ရှူလမ်းမျာ ခဏခဏပိုးဝင်ရာကနေ ဆက်ဖြစ်တာပါ။ ဂျပန်မှာတောင် လူ တသိန်းမှာ ၁၁ ယောက် ဖြစ်တယ်။ Macrolides အုပ်စုဝင် ပဋိဇီဝဆေးတွေ ၁၉၈ဝ ကျော်ကတည်းက သုံးတယ်။

လည်ချောင်းနာတာကနေဆက်ပြီး ရူမက်တစ်အဖျားရောဂါ ဖြစ်တာ နည်းပါတယ်။ သူကနေ ဆိုးလှတဲ့ နှလုံးရောဂါ ဆက်မဖြစ်ရလေအောင် ကာကွယ်တဲ့အနေနဲ့ ပနယ်စလင်ကို ထိုးဆေး၊ စားဆေး ပေးတယ်။ ထိုးဆေးက ပိုကောင်းပါတယ်။ ၄ ပါတ်တခါ ထိုးတာထက် ၂-၃ ပါတ်တခါထိုးရင် ပိုကောင်းတယ်လို့ ဆိုတာလဲရှိတယ်။ တလ တခါထိုးပါကို အပြင်မခိုင်းသေးပါ။

Acetylcysteine နဲ့ Carbocysteine ဆေးတွေဟာ mucolytic drugs အများဆုံးသုံးတဲ့ ချွဲပျော်ဆေးတွေဖြစ်တယ်။
Anticholinergic drugs ဆေးတွေက ကလေးငယ်တွေမျာ ရင်ကြပ်လို့ Wheeze အသံထွက်တာအတွက်ပေးတယ်။

1. Bronchitis ဘရောင်ခိုက်တစ် https://doctortintswe.blogspot.com/2017/08/bronchitis.html
2. Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://doctortintswe.blogspot.com/2014/11/cough-syrups.html
3. H1N1 and Viral Pneumonia တုပ်ကွေးနှင့် နူမိုးနီးယား https://doctortintswe.blogspot.com/2017/08/h1n1-and-viral-pneumonia.html
4. Hospital-acquired infection ဆေးရုံကူးစက်ရောဂါ https://doctortintswe.blogspot.com/2017/08/hospital-acquired-infection.html
5. Medicine for Pneumonias and Respiratory Tract Diseases နူမိုးနီးယားအမျိုးမျိုးနှင့် အသက်ရှူလမ်းရောဂါဆေးများ https://doctortintswe.blogspot.com/2016/09/medicine-for-pneumonias-and-respiratory.html
6. MRSA Infection ဆေးယဉ်တဲ့ပိုး https://doctortintswe.blogspot.com/2017/08/mrsa-infection.html
7. Mycoplasma pneumoniae မိုက်ကိုပလာစမာ နူမိုးနီးယား https://doctortintswe.blogspot.com/2017/05/mycoplasma-pneumoniae.html
8. Pneumonia in Children ကလေးများတွင်ဖြစ်သည့် နူမိုးနီးယားရောဂါ http://doctortintswe.blogspot.com/2014/11/pneumonia-in-children.html
9. Pneumonia နူမိုးနီးယား http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
10. Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
11. Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) https://doctortintswe.blogspot.com/2014/11/respiratory-tract-infections-2.html 
12. Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html


Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး