Eardrum Perforation နားစည်ပေါက်ခြင်း

၁။ ဆရာမင်္ဂလာပါရှင့် မန္တလေးကပါ။ အမျိုးသားက အသက် 31 နှစ်ပါ။ နား ၂ ဖက်လုံးရဲ့ အတွင်းထဲမှာ အနာဖြစ်နေတာပါ။ အတွင်းနံရံတွေမှာကော အနာတွေ ဖြစ်နေပါတယ်ဆရာ။ နားနှခေါင်း လည်ချောင်းဆရာဝန်နဲ့ပြပါတယ်။ စစ်ဆေးကြည့်တော့ နားစည်တွေပေါက်နေတယ်လို့ ပြောပါတယ်ဆရာ။ သောက်ဆေးတွေပေးပါတယ်။ နှစ်လလောက် နှစ်ပါတ်တခါ ခေါ်ပါတယ်။ သောက်ဆေးတွေပဲ ပေးပါတယ်။ ဆရာဝန်ပြောတာတော့ ဘာမှမဖြစ်ဘူး မလာနဲ့တော့လို့ ပြောပါတယ်။ ဒါပေမဲ့ မသက်သာပါဘူးရှင့်။ နားအတွင်းကို ကြည့်လိုက်တော့ ရဲပြီး စိုနေပါတယ်။ တခါတခါ ပြည်လို အရာမျိုးကိုလဲ မြင်ရပါတယ်ဆရာ။ အကြားအာရုံလည်း လျော့ လာပါတယ်။ သေခြာမေးကြည့်တော့ ဖြစ်တာ ဆယ်စုနှစ် လောက်ရှိပြီလို့ ပြောပါတယ်ဆရာ။ ဘယ်လို ဆေးကိုသုံးရမလဲ လမ်းညွှန်ပေးပါဆရာရှုင့်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်။

၂။ ကျွန်တော်က ယခု (့) တွင် အလုပ် လုပ်နေပါတယ်။ (၁၃-၃-၂ဝ၁၁) ကစပြီး နားကိုက်နေပါသည်။ ပထမခံစားရတဲ့ နေ့က နားထဲက ယားလို့  နားကြပ်တံနှင့် ကြပ်ကြည့်ရာ နားထဲတွင် သွေးများ ရှိနေသည်ကို တွေ့ ရပါသည်။ ထို့ကြောင့် General Hospital သို့ သွားပြရာ နားအကြား အာရုံစစ်ဆေးခြင်း၊ နားစည်အတွင်းသို့ ကင်မရာနှင့် ကြည့်စစ်ဆေးပေးရာ နားစည် နှစ်ဖက်လုံး ပေါက်နေကြောင်းပြပါသည်။ ယခု CILOXAN 5 ml Alcon ဆေးရည် ၄ ဗူး ပေးလိုက်ပါသည်။ တနေ့ ၃ ကြိမ်၊ တခါထည့် ၃ စက်၊ ၂ ပတ် (၁၄ ရက်) ထည့်ရမည်လို့ ပြောပါသည်။ နောက် ၃ လ ကြာပြီး ပြန်လာပြရမည်လို့ မှာလိုက်ပါသည်။ ထို့ကြောင့် နားစည်ပေါက်လျှင် ကုလို့ရပါသလား၊ ဘယ်အရွယ်တွင် အကြားအာရုံကို ထိခိုက်လာနိုင်မလဲ။ ယခုတော့ ကြားနေရပါသည်။ အသက်ကြီးလာရင် အခက်တွေ့နိုင်ပါသလား။ လိုအပ်ရင် ကြည့်ရှူစစ်နေဆေးနိုင်ရန် ဆေးရုံမှ ရိုက်ပေးလိုက်သော ကျွန်တော့် နားစည် အတွင်းပိုင်း ဓါတ်ပုံပါ ပူးတွဲပို့လိုက်ပါသည်။ ကုလို့ရပါ့မလား။ Age 33, Male

ဒုတိယမေးခွန်းလို အသက်-ကျား-မကို နောက်မှရေးတာတိုင်းကို ၂ ခါထပ်ဖတ်ရပါကြောင်း အကြိမ်ပေါင်းများစွာ ရေးထားပြီး ဖြစ်ပါတယ်။

နားကို ခန္ဓာဗေဒအရ အပိုင်း ၃ ပိုင်းခွဲထားတယ်။ Eardrum (Tympanic membrane) နားစည် နောက်မှာ လေနဲ့ ပြည့်နေတဲ့ Middle ear နားအလည်ပိုင်း ရှိတယ်။ နှာခေါင်းနဲ့ နားအလည်ပိုင်းက Eustachian tube ဆိုတဲ့ လမ်းကြောင်း (ပြွန်) နဲ့ ဆက်နေတယ်။ နားထဲကလေဟာ အဲဒီလမ်း ကနေ ပြန်ထွက်တယ်။

နားစည်က အလုပ် ၂ မျိုး လုပ်ပေးနေတယ်။
1. Hearing အသံလှိုင်းက လာရိုက်ခတ်ရင် အာရုံကြောကတဆင့် အသံကြားရတယ်။
2. Protection အလည်နားပိုင်းကို အပြင်လောကကနေ အကာကွယ် ပေးထားတယ်။

နားစည် ဘာလို့ ပေါက်ရသလဲ -
• Middle ear infection (Otitis media) နားအလည်ပိုင်းပိုးဝင်တာကနေ ထွက်တဲ့အရည်ရဲ့ဖိအားကြောင့် နားစည်ပေါက်ရတယ်။
• Barotrauma နားစည်ရဲ့ အတွင်းပိုင်းနဲ့ အပြင်ဘက်မှာ လေဖိအား သိပ်ခြားနာတဲ့အခါမှာ ဖြစ်တယ်။ Airplane ear လို့ ခေါ်ကြတယ်။ Scuba diving လုပ်ရင်လဲ ဖြစ်တတ်တယ်။
• Acoustic trauma သေနတ်သံလို၊ ပေါက်ကွဲသံ၊ ကျယ်လွန်းတဲ့အသံကြောင့် ဖြစ်တယ်။
• နားထဲကို အပြင်ပစ္စည်း တခုခုဝင်ရာကနေ ဖြစ်တယ်။
• ခေါင်းကို အပြင်းအထန်ခိုက်မိရာကနေ ဖြစ်တယ်။
• သိပ်အေးလွန်းတဲ့ ဥတုကြောင့်လဲ အအေးမိရာကနေ ဖြစ်စေနိုင်သေးတယ်။

နားစည် ပေါက်နေရင် -
• နားက နာနေမယ်။ နောက် ရုတ်တရက် နာတာပျောက်သွားတယ်။
• နားကနေ အရည်-ပြည်-သွေးထွက်မယ်။
• နားအကြား ထိခိုက်မယ်။
• Tinnitus နားထဲ ဆူညံသံတွေ ကြားနေရမယ်။
• Vertigo ခေါင်း ပတ်ခြာလည်မူးမယ်။
• မူးရာကနေ ပျို့-အန်ချင်မယ်။

ဆက်တွဲခံစားရမှာတွေကတော့ -
၁။ Hearing loss နားမကြားတာ၊
၂။ Middle ear infection (Otitis media) နားအလည်ပိုင်း ရောင်ရမ်းတာ၊
၃။ Middle ear cyst (Cholesteatoma) နားအလည်ပိုင်းအိတ် ဖြစ်လာတာ၊

တချို့မှာ ခွဲစရာမလိုဘဲ အပေါက်က ပိတ်ပြီး ပျောက်သွားမယ်။ ပျောက်ဘို့ ရက်သတ္တပါတ် နဲနဲကနေ လနဲနဲအထိ ကြာနိုင်တယ်။ Ear drops နားထည့်ဆေးတိုင်း နားစည်ပေါက်သူနဲ့ မတည့်ပါ။ နားအထူးကု-ဆရာဝန် ညွှန်တာ သုံးပါ။ Ciloxin Drop မှာ Ciprofloxacin hydrochloride ပါတယ်။ ပိုးတွေကို နိုင်တဲ့ဆေးဖြစ်တယ်။ နာတာရှည် ပိုးဝင်နေရင် ရေချိုးရေကူးတိုင်း နားကို Ear plug ဆို့စရာ တပ်ရတတ်မယ်။

၆-၈ ပါတ်နဲ့ မပျောက်ရင် ခွဲစိတ်ဘို့ လိုနိုင်တယ်။ Paper patch တခုခုနဲ့ ဖါထေးတာရယ် Tympanoplasty ခွဲစိတ် ပြုပြင်နည်းရယ် ရှိတယ်။ ကံမကောင်း ရင်တော့ နှစ်တွေ ကြာနိုင်တယ်။ တချို့ကြ ပြန်မရတတ်ဘူး။ Tympanoplasty ခွဲစိတ်ကုသတာက ၈၅-၉ဝ% အောင်မြင်တယ်။ တချို့မှာ နောက်တခါ ထပ်ခွဲရတတ်တယ်။

1. Ear infections (1) နားပိုးဝင်ခြင်း (၁) http://doctortintswe.blogspot.com/2014/12/ear-infections-1.html
2. Ear Infections (2) နားပိုးဝင်ခြင်း (၂) http://doctortintswe.blogspot.com/2014/12/ear-infections-2.html
3. Earache နားကိုက်ရင် http://doctortintswe.blogspot.com/2014/11/earache.html
4. Middle ear infection နားပြည်ယိုခြင်း http://doctortintswe.blogspot.com/2016/01/middle-ear-infection.html
5. Otomycosis (ear fungus) နားမှို http://doctortintswe.blogspot.com/2016/02/otomycosis-ear-fungus.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး