Hypothyroid in Children ကလေး လည်ပင်းကြီးဟော်မုန်းနည်းရောဂါ

၁။ ဆရာ ကျွန်မသားလေးကရက် ၅၀ပါ။ ကလေးဝမ်းချူပ်လို့ ဆေးခန်းပြတာ ဆရာမက အဲ့တာစစ်ခိုင်းပြီး အဲ့ဆေး သောက်ခိုင်းပါတယ်။ လည်ပင်းသိုင်းရွိက်ဟော်မုန်းအားနည်းတယ်လို့ ပြောပါတယ်။ ကျွန်မသိချင်တာက ကလေးတွေက ၆လပြည့်မှ သူတို့ ခန္ဓကိုယ်က လုပ်ငန်းဆောင်တာတွေကို အပြည့်အဝလုပ်ဆောင်တယ်ဆိုတာဟုတ်ပါသလားဆရာ ကလေးငယ်လွန်းသေးလို့များ သိုင်ရွိက်ဟော်မုန်းအားနည်းသေးတာလားဆရာ မွေးခင်းစကလေးအတွက် ဆေးက ဆိုးကျိုး ရှိနိုင်သလားရှင့် ကျွန်မစိုးရိမ်တာက ခုကလေးက ကျန်းကျန်းမာမာဝတဖြိုးဖြိုးပါရှင်။ ဆေးကြောင့် ကလေးတခုခုဖြစ်မှာ စိုးရိမ်လို့ပါရှင်။ ဖြေပေးပါဦးရှင့်။

၂။ မင်္ဂလာပါဆရာ။ အသက် ၁နှစ် ၃လ။ မိန်းကလေး။ အဖျား ၃ရက်မြောက်နေ့မှာ တကိုယ်လုံးအေးစက်ပြီး မျက်ဖြူလှန်လို့ ကလေးဆေးရုံတင်လိုက်ပါတယ်။ ဆီးအဖြေမှာရော သွေးအဖြေမှာရော ပိုးတွေ့တယ်လို့ ဆရာဝန်က ပြောပါတယ်။ ပိုးသတ်ဆေး ၅ရက်ထိုးပါတယ်။ ခါးဆစ်ရိုးကြားကအရည်ထုတ်ပြီး စစ်ပါတယ်။ ၅ ရက်ပြည့်တော့ ဆေးရုံဆင်းရပါတယ်။ ဟော်မုန်းမညီမျှလို့ တသက်လုံးဆေးစွဲသောက်ရမယ်လို့ပြောပါတယ်။ Levothyroxine တရက် ၁ခြမ်း တိုက်ခိုင်းပါတယ်။ သိချင်တာက ဆေးတိုက်ရုံနဲ့လုံလောက်လား။ တခြားဆောင်ရန် ရှောင်ရန် ရှိပါက ဘာတွေလုပ်ပေးရမလဲ။ တခြားကလေးတွေနဲ့ တန်းတူပြန်ဖြစ်လာနိုင်လား။ ဥာဏ်ရည်နည်းတာ ကိုယ်လက် သန်စွမ်းမှုအားနည်းတာ ဖြစ်မှာလား။ ဆေးတိုက်ရင်းနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်လား။

၃။ ဆရာရှင့် သမီးရဲ့ တူလေးဟာ မွေးကတည်းက အသားရောင်ဝါနေပါတယ်။ နို့လဲစို့နိုင်ပါတယ်။ တခြားပြဿနာ မရှိပါဘူးရှင်။ အခု ၂ လ ပြည့်တဲ့အထိ ကလေးက အသားဝါနေလို့ ဆရာဝန်ကသွေးစစ်၊ ဆီးစစ်၊ ultrasound ရိုက်ပါတယ်။ ကလေးအထူးကုဆရာဝန်က hypothyroid ဖြစ်တယ်လို့ပြောပါတယ်။ အဲ့ဒီ ရောဂါက လူ ၄ဝဝဝ မှာ ၁ ယောက်ဖြစ်တယ်ပြောပါတယ်။ အဲဒီရောဂါအကြောင်း သိချင်ပါတယ်။ ကုသရင်ပျောက်ကင်းနိုင်ပါသလားဆရာ။ ဘာတွေဖြစ်နိုင်သေးလဲဆိုတာသိချင်လို့ ကူညီ ဖြေကြားပေးစေချင်ပါတယ်။

ကလေးငယ်တွေမှာ လည်ပင်းကြီးဟော်မုန်းနည်းရောဂါကို မိဘတိုင်းက စိုးရိမ်ကြမှာ အမှန်ပါ။ ကလေးအထူးကုကနေ ကောင်းကောင်း လမ်းညွှန်ကုသပေးနိုင်ပါတယ်။ လည်ပင်းကြီးဟော်မုန်းဟာ အလွန်အရေးပါတယ်။ ကြီးထွားဟော်မုန်း ထုတ်ပေးလို့ ကြီးထွားမှုကို ထိခိုက်နိုင်တယ်။ အသက်ဘယ်အရွယ်မှာမဆို ဖြစ်နိုင်တယ်။ ကျား-မ မရွေးလဲဖြစ်တယ်။ ပြဿနာပေါ်နိုင်တာက အရွယ်ရောက်ချိန်မှာ ဖြစ်တယ်။

ဘာလို့ဖြစ်သလဲ အချက် ၂ ခုရှိတယ်။
(၁) Congenital defects မွေးရာပါချို့ယွင်းချက် စောစောသိတာကောင်းတယ်။
(၂) Inhibition of the production of thyroid hormone တွေဖြစ်ကြတယ်။ လည်ပင်းကြီးနေရာကို ထိခိုက်မိတာနဲ့ (အိုင်အိုဒင်းး) ဓါတ်ဆားနည်းတာကြောင့်ဖြစ်ရတယ်။

ဘာတွေခံစားရမလဲ
အားယုတ်၊ စိတ်ဓါတ်ကျ၊ ကိုယ်အလေးချိန်တက်၊ လက်သည်း-ခြေသည်းခြောက်၊ ဝမ်းချုပ်။ အရွယ်ရောက်တာ နောက်ကျမယ်။ အရပ်ပုနိုင်တယ်။ စိတ်ဓါတ်ကျတယ်ဆိုတာ ကလေးက တခြားကလေးထက်ထူးပြီး မျက်ရည်တွေကျပြီး ငိုမယ်။ ငိုင်နေမယ်။ စိတ်တိုနေမယ်။

ဘယ်လိုကုသမလဲ
Thyroid hormone ဟောမုန်းဆေးပေးရမယ်။ တသက်လုံးလိုမယ်။ ကံဆိုးတဲ့အထဲမှာ ကံကောင်းတယ်လို့ အောက်မေ့ပါ။ ကလေးငယ်ငယ်လေးနဲ့သိလို့ ကလေးအထူးကု ဆရာဝန်ကိုလဲ ကျေးဇူးတင်သင့်တယ်။ နည်းနေတဲ့ ဟော်မုန်းကို ဆေးဖေါ်ပြီးသားရှိတာ ကံကောင်းပြန်တယ်။ ဆေးပေးနေရင် အထက်မှာ ရေးခဲ့တာတွေကို ကလေးဟာ အနည်းဆုံးကိုသာ ခံစားရပြီး တခြားကလေးတွေလိုဘဲ ကြီးထွားသန်မာ၊ အရွယ်ရောက်၊ ပညာတွေလဲ သင်ယူတတ်မြောက်ပါလိမ့်မယ်။

ကလေးငယ်လေးတွေမှာ လည်ပင်းကြီးဟော်မုန်းနည်းရောဂါက ကလေး ၃ဝဝဝ နဲ့ ၄ဝဝဝ မှာ တယောက်ဖြစ်တယ်။

(၁) Congenital Hypothyroidism မွေးရာပါလည်ပင်းကြီးဟော်မုန်းနည်းရောဂါဟာ အဲဒီရောဂါရှိသူတွေရဲ့ ၉ဝ% ရှိတယ်။

(၂) မွေးရာပါမဟုတ်တဲ့ အကြောင်းတခုက Hashimoto’s thyroiditis ဖြစ်တယ်။ ခုခံစနစ် ကမောက်ကမ ဖြစ်တဲ့ရောဂါ ဖြစ်တယ်။  Transient Form ခဏဘဲဖြစ်တဲ့ အမျိုးအစားခေါ်တယ်။ ၁ဝ% ရှိတယ်။ မိခင်မှာ ကိုယ်ဝန်ဆောင်တုံးက Graves' Disease (hyperthyroidism) ရှိနေခဲ့လိုဖြစ်ရတယ်။ ရောဂါရှိတဲ့ မိခင်က ဆေးကုနေရင် ကလေးအတွက် စိုးရိမ်စရာမလိုပါ။ ဒီအမျိုးအစား ကလေးမှာဖြစ်ရင် အချိန်ကြာတာနဲ့ ကောင်းသွားတယ်။

(၃) Acquired Hypothyroidism နောက်မှဖြစ်လာတာမျိုးဖြစ်တယ်။ Hashimoto's disease လို့ ခေါ်တယ်။ ပလေး အရွယ်ရောက်ချိန်မှာ ပေါ်တာများပြီး၊ မိန်ကလေးတွေမှာပိုဖြစ်ကြတယ်။

ဒီရောဂါ မွေးရာပါဖြစ်ရင် ဘာမှ မသိသာသေးပါ။ မွေးပြီး ၃ ရက်လောက်နဲ့သိနိုင်ရင်ဆော့ အကောင်းဆုံးဖြစ်တယ်။ ကလေးတိုင်းကို မွေးပြီးမကြာခင် သွေးဖေါက်စမ်းသပ်စစ်ဆေးတာမျိုးကို ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာသာ လုပ်နိုင်တယ်။ PKU စမ်းသပ်နည်းလုပ်ပြီး ဒီရောဂါ စစ်တယ်။ Phenylketonuria (PKU) အပြင် Galactosemia ရောဂါနဲ့ Congenital hypothyroidism မွေးရာပါ လည်ပင်းကြီးဟော်မုန်းနည်းရောဂါတွေကို သိနိုင်မယ်။  T4 hormone တမျိုးတည်းနဲ့ ဒါမှမဟုတ် TSH hormone ပါ များနေမယ်။ ခြေထောက်နဲ့ ဒူးကို ဓါတ်မှန်ရိုက်ကြည့်ရင် ဖွံဖြိုးမှု နည်းနေတာ တွေ့နိုင်တယ်။ Thyroid gland လည်ပင်းကြီး အကျိတ်ကို (စကင်) လုပ်ရင်လဲ တွေ့မယ်။ သူ့နေရာမှာရှိရဲ့လား၊ အသွင်ပုံပန်း မှန်ရဲ့လား၊ လုံးဝကိုမရှိဘူးလား သိမယ်။

ဆေးမကုဘဲထားရင် ငယ်ထိပ်ကြီးမယ်၊ မွေးကာစ အသားဝါနေတာကြာမယ်၊ ချက်စူနေမယ်၊ ကြီးသွားပေါက်တာ နောက်ကျမယ်၊ ငိုသံ အသံသြမယ်၊ လျှာကြီးပြီး အပြင်ထွက်မယ်၊ စကားပြော နောက်ကျမယ်၊ ဆံပင်ခြောက်သွေ့နေမယ်၊ လက်သည်း ခြေသည်း မာကြောမယ်၊ အရေပြားခြောက်မယ်၊ မျက်နှာဖေါမယ်၊ အအေးမခံနိုင်ဘူး၊ ခြေလက်အေးနေမယ်၊ ဝမ်းချုပ်မယ်၊ အစာစားချင်စိတ် နည်းမယ်၊ အစာမျိုချရတာ ခက်မယ်၊ စိတ်ဓါတ် ကျမယ်၊ လိင်ပိုင်းဆိုင်ရာဖွံထွားမှု နောက်ကျနိုင်တယ် (တချို့မှာစောတယ်)၊ အားယုတ်မယ်၊ မေ့တတ်မယ်၊ ဖွံထွားမှုကို သက်ရောက်ခံရမယ်၊ ကြွက်သားတွေ အားနည်းမယ်၊ အဆစ်တွေ နာမယ်၊ စိတ်-ဥာဏ်ဖွံထွားမှု နှေးကွေးမယ်၊ စိတ်မူပြောင်းလဲတာ ဖြစ်မယ်၊ ကိုယ်အလေးချိန် တက်မယ်၊ စာသင်ယူတတ်မြောက်တာ နောက်ကျမယ်၊ လည်ပင်းကြီးမယ်။

ဘယ်ကနေ ဘာကြောင့်ဖြစ်ဖြစ် ကုသနည်းက အတူတူဘဲ။ လည်ပင်းကြီး ဟော်မုန်းဆေးကို နေ့တိုင်းသောက်စေမယ်။ 25 and 50 mcg/day ကနေစပေးတယ်။ ၄ ပါတ်ဆိုရင် ပုံမှန်အဆင့် ရလာမယ်။ ကလေးဟာ ဆရာဝန်နဲ့ မပြတ်ပြနေရသူ ဖြစ်တယ်။ Armour, Synthroid, Thyrolar, Levoxyl စတဲ့ ဆေးနာမယ်တွေနဲ့လာတယ်။ Levothyroxine ဆေးဟာ thyroxine (T4) ဖြစ်တယ်။ Synthroid နာမည်နဲ့ ဆေးလာတယ်။ Unithroid, Levoxyl, Levo-T's နာမည်သစ်တွေလည်း တိုးလာတယ်။

ဆေးကို တသက်လုံးသောက်နေရမယ်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ သူ့မွေးချင်းတွေထက် နောက်ကျနေပေမဲ့ ဟော်မုန်း မှန်လာတာနဲ့ အမီလိုက်နိုင်မယ်။ ကြာရင် သူလိုကိုယ်လိုကလေး ဖြစ်လာပါမယ်။ အဲလိုမျိုး ကလေးတယောက် မွေးဘူးတဲ့ မိခင်ကနေ နောက်ကေလးမွေးရင် ၂၅% အဲလိုကလေးမျိုးဘဲ မွေးနိုင်တယ်။

Total T4, free T4, or free T4 index High levels = Hyperthyroidism လည်ပင်းကြီး ဟော်မုန်းများရောဂါ ဖြစ်နိုင်တယ်။
Total T4, free T4, or free T4 index Low levels = Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ ဖြစ်နိုင်တယ်။
TSH High levels = Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၈-၁-၂ဝ၁၈
၂၃-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး