New Year Habit နှစ်သစ်ကူးရောဂါ

နှစ်ကူးမှာဖြစ်ရင် ထူးတယ်လို့ယူလေ့ရှိတာ ထုံးစံပါ။ နှစ်ကူးတိုင်းမှာ ပျော်ကြ-ပြုံးကြတာ အစဉ်အလာပါဘဲ။ ပျော်စရာတွေ ဖန်တီးကြတယ်။ စုဝေးပြီး စားကြ-သောက်ကြမယ်။ မိတ်ဆွေ-သူငယ်ချင်းတွေက တနေရာရာ သွားပြီး လည်ကြ ပတ်ကြမယ်။ မိသားစုတွေလည်း ပြန်ဆုံနိုင်အောင် တင်ကြိုစီစဉ်ပြီး၊ စုစုဝေးဝေး၊ နွေးနွေးထွေးထွေး အဆိုးကိုမေ့ထားပြီး၊ အကောင်းကိုမျှော်၊ ဆုတွေအပြန်အလှန် တောင်းပေးကြတယ်။ နှစ်ဦးမှာ မင်္ဂလာယူစရာမှန်သမျှ ဆောင်ရွက်ကြတယ်။ ဒီအထိတော့ ကောင်းပါတယ်။

ပြက္ခဒိန်နှစ်သစ်ကူး၊ မြန်မာနှစ်သစ်ကူးမှ မဟုတ်ပါဘူး၊ နုတ်ဆက်ပွဲတို့၊ ကောက်သစ်ပွဲတို့၊ အောင်ပွဲတို့၊ မင်္ဂလာဆောင်-မွေးနေ့ကအစ ပျော်မယ်ဆိုပြီး၊ သောက်ကြ စားကြတာ ကျွန်တော်တို့လူမျိုး ပိုဆိုးသလားဘဲ။ အပျော်လွန်ရင် ငိုရတတ်တယ် မဟုတ်လား။ ဒါ့ကြောင့် ဒီလိုရက်တွေရောက်ရင် ကျန်းမာရေးသမားတွေ မျက်ခုံး လှုပ်ကြရတယ်။ ဘယ်သူ့ ချုပ်ပေးရတော့မလဲ ပြင်ထားပေတာ့။

ကျန်းမာရေးဌာနမှာ အလုပ်လုပ်သူတွေက သိပ္ပံသမားဟုတ်ကြပေမဲ့ အယူသည်းတာတော့ အလွန်ဘဲဗျ။ ဆေးရုံက စားပွဲကို လက်နဲ့ မခေါက်လေနဲ့၊ ဆရာဝန် မျက်မှောင်ကုတ်လိမ့်မယ်။ ခွဲခန်း-သားဖွါးခန်းမှာ ပစ္စည်းတခုခု လွတ်မကျလေနဲ့ ဆရာမတွေ မျက်စောင်း ခုတ်လိမ့်မယ်။ အဲလိုလုပ်ရင် လူနာ ကျတတ်တယ်လေ။ (လူနာအလာများတာကို ပြောတာနော်။) ကိုယ်တွေ့ပြောရရင် တိုက်နယ် ဆေးရုံတခုမှာ တာဝန်ကျတုံး နှစ်ဆန်း တစ်ရက်နေ့မှာ (ဒက်-ဘော်ဒီ) သုံးလောင်း ရောက်ခဲ့တဲ့နှစ်ကဆို တနှစ်ပါတ်လုံး (ပူးလစ်-ကေ့စ်) ရဲမှုတွေ လာလိုက်တာ မပြောပါနဲ့တော့။

ဟော ဒီနှစ်ဦးမှာ နှစ်ယောက် ချုပ်ပေးလိုက်ရပြီ။ ဒါ့ကြောင့် ခေါင်းမပေါက်ကြပါနဲ့ စေတနာပေါက်ကြပါလို့ ဆေးခန်း (ဘလော့ခ်) မှာ ကြောငြာဝင်ထားလိုက်တယ်။

နှစ်ကူးမှာ မူးကြတာဆိုတော့ မုံရွာဆေးရုံကို ပြန်သတိရတယ်။ ကြာပါပြီ။ ကျွန်တော့်ပဌမဆုံးတာဝန်ကျရာ။ ဆေးရုံ အငယ်တန်းဝန်ထမ်းတယောက် ရှိတယ်။ အရက်ကို သောက်သလား မမေးနဲ့။ ဝင်ငွေက နည်းပေမဲ့ ပျင်းပေ့ဆိုတာမှ။ သနားလို့ ဆရာဝန်တွေက ပိုက်ဆံပေးရင် သိပ်ကျေးဇူးမတင်ချင်ဘူး။ ဆရာမတွေက အရက်ပြန် နည်းနည်းပေးမှ။ ဆားခပ် သောက်တယ်ဆိုဘဲ။ ဆေးရုံက အရက်ပြန်ဆိုတာ (မီသိုင်း) ဆိုတဲ့ ဓါတ်ပါတယ်။ ဒီအတိုင်း သောက်မရဘူး၊ ပါရမီဖြည့်ချင်တဲ့ ဆရာဝန်တယောက်က နည်းပေးလမ်းပြထားတာလေ။ ဆားကို တခြားနည်းနဲ့ အသုံးချပုံလည်း ရှိသေးသဗျ။ အာခံတော်လှန်သူတွေ သုံးတာပါ။ ဓါတ်ဆီတိုင်ကီထဲ မသိအောင် ဆားတဆုပ် ထည့်လိုက်ရင် ကားက သွားမရတော့ဘူးပြောတယ်။

ခေတ်တခု ရှိခဲ့ပါတယ်။ အရက်ပြန်ဆိုတဲ့ မရှိမဖြစ် ဆေးရုံသုံးပစ္စည်းဟာ ဗမာပြည်မှာ ရှားပါလေရော။ (မဆလ) ခေတ်။ ဒီတော့ အရက်ဦးရေဆိုတာ ရှာသုံးရတယ်ဗျ။ ပြင်းမှပြင်း။ အဲဒါမရရင် တောအရက်၊ နံမှနံ။ အရက်ကမှ မရှိမဖြစ်ပစ္စည်း အစစ်။ (ဟောလီဝုဒ်) က ရုပ်ရှင်တွေမှာ ဒဏ်ရာရရင် ဇာတ်လိုက် လုပ်တဲ့လူက (ဝီစကီ) ပုလင်း လည်ပင်းက ကိုင်ပြီးသကာလ အနာပေါ်လောင်းချ၊ မျက်နှာက ရှုံ့မဲ့ပြပြီး၊ ကျန်တာကို အတိုင်းသား မော့ချတာမျိုးလေ။ (ဘရုစ်-ဝီလီစ်) ကို တန်းမြင်ကြမဟုတ်လား။ အရက်မှန်သမျှ ပိုးတွေကို သေစေတာတော့ အမှန်ပါ။

ခက်တာက ပိုးသာမက လူကိုလည်း ချက်ချင်းမဟုတ်တောင် မျှဉ်းသတ်သလို သတ်တဲ့အစွမ်းပါ ရှိနေတယ်။ အရက်ပြန် ဆားခပ်သောက်တဲ့လူ ကြာကြာမခံလိုက်ပါ။ ဦးရေသောက်သူများ အသက်တိုပါသည်။ မီးတောက် ကြိုက်သူများ မုဆိုးမ ထားခဲ့ရတတ်ပါသည်။ ဈေးပေါပေါ အရက် (ပက်) ချင့်သောက်သူများ ဖတဆိုးကလေးများ ပထွေးရပါလိမ့်မည်။
ရောဂါ မပေါ်မီ မူးပြီး ကျွဲခိုးပေါ်မည်။ တချို့က သီချင်းဟစ်မည်။ ခဏအကြာ ငိုချင်ငိုပါလိမ့်မည်။ တချို့က ဂျီတိုက်မည်။ သောက်ဖေါ် သောက်ဖက်ဖြစ်ဖြစ် သေးနာကလူဖြစ်ဖြစ်၊ မိန်းမကိုဖြစ်ဖြစ် ရန်ရှာမည်။ လက်ပါမည်၊ တုတ်ပါမည်၊ ဒါးပါမည်။ ဗမာပြည်မှာ လူဆိုရင် သေနပ် မကိုင်ရလို့ တော်သေးသည်။

အရက်စွဲကဟာ ကုလို့ရတဲ့ ရောဂါပါ။ တခုတော့ရှိတယ်။ ကုချင်တယ်လို့ကိုယ်တိုင်က ဆုံးဖြတ်ပါမှ ဖြစ်ပါမယ်။ ဒါကလည်း ရိုးရိုးသားသားချဘို့လိုတဲ့ အဆုံးအဖြတ်ဖြစ်မှ။ ဖြတ်ခန်းစတာနဲ့ အနည်းနဲ့အများ ခံစားရပါလိမ့်မယ်။ ခြေတုံ လက်တုံကနေ စိတ်ဂယောက်ဂယက် ဖြစ်နိုင်တယ်။ ဒါတွေအားလုံး ဆေးရုံတက်တက် မတက်တက် ကုလို့ရတာတွေမို့ စိုးရိမ်စရာမလိုပါ။ အရက်ဆိပ်ကို ဖြေတဲ့အဆင့်က အလွန်ဆုံး တပါတ်သာ ကြာတာပါ။ ဒီခေတ်မှာ အရက်ဖြတ်နည်းနဲ့ ကုစရာနေရာတွေက အရက်နဲ့ အရက်ဆိုင်လောက် မများပေမဲ့ ပေါနေပါပြီ။

သူငယ်ချင်းဆွေထဲမှာ ကျွန်တော်လို ဆရာသမားက လူနာများများရပါတယ်။ ဘာလို့လဲဆိုတော့ ခင်မင်သူ အချင်းချင်းကနေ ဆရာ အရက်နည်းနည်းလောက်သောက်တာ ရတယ်နော်ဆိုရင်၊ မသောက်ဘဲ မနေမဲ့ကောင်မှန်းလည်း သိတော့ နည်းနည်းတော့ ကိစ္စမရှိဘူး ပြောလေ့ရှိလို့ပါ။ အရက်ကို မျှဉ်းဖြတ်နည်းက ခေတ်စားပါတယ်။ စောင့်ကြည်ရင်းနဲ့ လိုအပ်သူများဆို စိတ်ငြိမ်ဆေး ကျွေးရသေးတယ်။ ကြည့်တယ်ဆိုတာ အရက်သမားရဲ့နှလုံး၊ အဆုပ်၊ အသည်း အလုပ်တွေကို လိုရင်လိုသလို စစ်ပေး-လုပ်ပေးတာပါ။ အသည်းကတော့ ထိတာပေါ့။ အသည်းဆိုတာ ကိုယ်ထဲဝင်တဲ့ မကောင်းတာမှန်သမျှကို ခြေရ-ဖျက်ရတဲ့တာဝန် ထမ်းရသူမို့ပါ။

နှစ်သစ်မှာ စိတ်ကောင်းနှလုံးကောင်း ထားကြသူများ အသည်းလည်း ကောင်းပါမှ ဆုတောင်းတွေ ပြည့်ပါလိမ့်မယ်။ စိတ်ကောင်း၊ နှလုံးကောင်း၊ အသည်းကောင်းပြီး၊ ဦးနှောက် ကောင်းကောင်းဆိုရင် လိုရာမှန်သမျှ တလုံးတဝ ပြည့်ဝရမယ်ပေါ့။

- Alcohol taxes and public health အရက်ခွန်နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2014/10/alcohol-taxes-and-public-health.html
- How to lessen the effects of Alcohol အရက်မူးတာ သက်သာအောင် http://doctortintswe.blogspot.com/2014/11/how-to-lessen-effects-of-alcohol.html
- Alcohol and Liver အရက်သောက်ကြတာကနေ အသည်းကိုဘယ်လိုဆိုးစေသလဲ http://doctortintswe.blogspot.com/2014/10/alcohol-and-liver.html
- Alcohol and pregnancy အရက်နဲ့ကိုယ်ဝန် http://doctortintswe.blogspot.com/2014/11/alcohol-and-pregnancy.html
- How to quit Alcohol အရက်ဘေးက ဝေးကြပါစေ http://doctortintswe.blogspot.com/2014/10/how-to-quit-alcohol.html
- Alcohol (2) အရက်ဋီကာချဲ့ခြင်း http://doctortintswe.blogspot.com/2014/10/alcohol-2.html
- Alcohol (1) အရက်ဋီကာ အတိုအထွာ http://doctortintswe.blogspot.com/2014/10/alcohol-1.html
- Alcohol withdrawal syndrome အရက်ဖြတ်လိုက်ရင် http://doctortintswe.blogspot.com/2014/10/alcohol-withdrawal-syndrome.html
- Alcoholic beverage သောက်စရာအရက် http://doctortintswe.blogspot.com/2014/10/alcoholic-beverage.html
- Alcoholism အရက်အတွက် ခက်နေသူတွေ http://doctortintswe.blogspot.com/2014/10/alcoholism.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး