Nuclear Medicine အနုမြူဆေးပညာ

(၁) သမီးနာမည်က့ သမီးပါရှင့်။ အသက်က ၂၄ နှစ်ပါ။ ရန်ကုန်မြို့မှာနေပါတယ်ရှင့်။ Hyperthiroid ရောဂါအတွက် ၂ဝ၁၁ ခုနှစ် ၁ဝ လပိုင်းက စပြီး Carbimazole နဲ့ Propranolol ကို ယခုနှစ် ၉ လပိုင်း ၂ဝ၁၄ ထိ သောက်ခဲ့ရပါတယ်။
သမီး နိုင်ငံခြားသွားဖို့ စီစဉ်ထားတဲ့အတွက် မြန်မာနိုင်ငံမှာ ဆေးထပ်ပြဖို့ အချိန်သိပ်မကျန်တော့လို့ ဆရာဝန်နဲ့တိုင်ပင်ပြီး Radio Iodide 131 ဆေးရည်ကို ၁ဝ ပမာဏသောက်ခဲ့ရပါတယ်။ ဆေးသောက်ပြီး propranolol ကို ဆက်သောက်ခိုင်းပါတယ်။ Radio Iodide 131 သောက်ထားတဲ့လူနာက ကင်ဆာရောဂါဖြစ်နိုင်ခြေများတယ်ဆိုတာ ဟုက်ပါသလားရှင့်။ အဲဒီဆေး သောက်ထားပြီး နောက်ထပ် medical checkup ဘာမှမလုပ်ပဲ ပစ်ထားရင် ဘာဖြစ်တက်လဲရှင့်။ သမီးက အရမ်းပိန်ပါတယ်။ ပေါင်ချိန် 85- 91 ဝန်းကျင်ပဲရှိတာပါ။ ဆေးတွေမစားခင်ကတည်းက ပေါင်ချိန်အဲလောက်ပဲရှိတာပါ။ ဆေးတွေမစားခင်ကဆို လူကအစားအသောက် အရမ်းစားနိုင်ပါတယ်။ အစားအသောက် အရမ်းနည်းသွားပါတယ်ရှင့်။ ဘာဆက်လုပ်သင့်လဲရှင့်။

(၂) ကျမ သွိုင်းရွိုက်ဟော်မုန်းအထွက် လွန်ကဲတဲ့ရောဂါကို Radioactive iodine နဲ့ကုတာနဲ့ပတ်သက်ပြီး သိချင်တာလေးရှိလို့ မေးပါရစေရှင့်။ ဆရာ့ရဲ့ စာမှာ ဒီရောဂါကို Radioactive iodine နဲ့ကုသတာဟာ ခွဲစိတ်စရာမလိုတဲ့ အဆင့်ဖြစ်တယ်လို့ ဖတ်ရပါတယ်။ ခုကျမက Refugee အနေနဲ့ (့) မှာပါ။ ကျမ မိတ်ဆွေတစ်ယောက်လည်း ဒီရောဂါ ဖြစ်နေတာကို ဒီမှာ Radioactive iodine နဲ့ ကုသပေးမယ် ဆိုပြီး အဆင့်ဆင့်လုပ်လာတာ မတ်လ ၂၉ ရက်မှာ Radioactive လုပ်တော့မှာပါ။ အသက်က ၃၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသားလူနာပါ။ အဲ့ဒီမှာ သူတို့က ဆောင်ရန် ရှောင်ရန်များကို A4 စာရွက်နဲ့ ၄-၅ ရွက် ပေးလိုက်ပါတယ်။ တတ်သလောက် မှတ်သလောက် ဖတ်ကြည့်တော့ ကုသမှု မတိုင်ခင် ၂ ပါတ်ကတည်းက ဆောင်ရ-ရှောင်ရမဲ့ အစားစာတွေ ရေးထားပါတယ်။ ကုသမှုပြီး ၄ ရက်တွင်းမှာ အနေအထိုင် အစားအသောက် သီးသန့်နေထိုင်ဖို့စားသောက်ဖို့ နဲ့ အသုံးအဆောင်များကိုပါ သီးသန့်ထားဖို့တွေ တွေ့ရပါတယ်။ ကုသမှုပြီး ဆေးရုံမှအပြန် ဒရိုင်ဘာနဲ့ထိုင်ရမဲ့ အနေအထား၊ အဲ့ဒီ ၄ ရက်တွင်းမှာ ဘယ်သူနဲ့မှ မတွေ့ရန်၊ တစ်အိမ်ထဲ နေထိုင်သူမှာ တစ်ခုခုဖြစ်ရင် ချက်ချင်းအကြောင်းကြားရန်တို့ကို ရေးထားပါတယ်။ ဖတ်ကြည့်ပြီး သိရသလောက်ဆို တော်တော် အန္တရယ်များတာကို တွေ့ရပါတယ်။ ဒီလောက် အရေးကြီးတဲ့အရာကို ဒီလို ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးထားပါတယ်ဆိုတဲ့ နိုင်ငံကြီးတစ်နိုင်ငံမှာ ဘာသာပြန်ပြီး မရေးပေးတာကို ကျမစဉ်းစားလို့မရပါဘူး။ ဒါကြောင့် ဒီ Radioactive ကုသတာနဲ့ပတ်သက်ပြီး သက်ရောက်မှုများကို ဖြေကြားပေးစေချင်ပါတယ်ရှင့်။

Nuclear medicine (နူကလီယာ-မယ်ဒီဆင်) အနုမြူသုံး ဆေးပညာမှာ -
(၁) Diagnostic use ရောဂါရှာဖွေတာ၊ ဥပမာ X-ray ဓါတ်မှန်ရိုက်တာ၊ Computed X-ray tomography (CT) ဆိုတဲ့ Medical imaging ပုံဖေါ်ပြီး ရောဂါရှာဖွေတာ၊ ရောဂါအခြေအနေကို စစ်ဆေးတာမှာ သုံးတယ်။ Thyroid (သိုင်းရွိုက်)၊ အရိုး၊ နှလုံး၊ အသဲနဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေကို စမ်းသပ်ရာမှာ သုံးတယ်။ မြန်တယ်၊ တိကျတယ်။
(၂) Therapeutic use အနုမြူဆေးသုံး ဆေးကုတာမှာလဲ သုံးတယ်။ ဥပမာ လည်ပင်းကြီး ဟော်မုန်းများ ရောဂါ၊ ကင်ဆာ ဖြစ်လို့ ဓါတ်ကင်တာ။

ကမ္ဘာမှာ အဲလို ဆေးရုံပေါင်း တသောင်းကျော်ရှိတယ်။ ၉ဝ% က ရောဂါရှာဖွေတာအတွက် ဖြစ်တယ်။ သုံးတဲ့ အနုမြူ-ပစ္စည်းကို Radioisotope (ရေဒီယို-အိုင်ဆိုတုပ်) ခေါ်တယ်။ ရေဒီယို-သတ္တိကြွ ရောင်ခြည် ထုတ်ပေးတယ်။ အများဆုံး သုံးတာက Technetium-99 ဖြစ်တယ်။

Hyperthyroidism လည်ပင်းကြီး ဟော်မုန်းများ ရောဂါကို Graves' disease ရောဂါလို့လဲ ခေါ်တယ်။ ဒီရောဂါအတွက် သုံးတဲ့ Radioisotope of iodine ကို Iodine-131, I-131 နဲ့ Radioiodine ခေါ်တယ်။

I-131 ဆေးကုသူတိုင်း ရှောင်စရာတွေရှိတယ်။ ဆေးရုံတခုနဲ့တခုတော့ မတူတတ်ဘူး။
• I-131 ပါတဲ့ဆေးကို မျိုချလိုက်ရင် အစာလမ်းကြောင်းကနေ သွေးထဲ ရောက်လာမယ်။ လည်ပင်းကြီးနေရာမှာ လာစုနေပြီး (ဆဲလ်) တွေကို ပျက်စီးစေမယ်။
• ဆေးမသောက်မီ ကိုယ်ဝန် မရှိစေပါနဲ့။ ၂၄ နာရီအတွင်း ကိုယ်ဝန် ရှိနေ-မနေ စစ်ပါ။
• ဆေးမသောက်ခင် အရင်ရက်မှာ ညသန်းခေါင်ကျော်ရင် မစား၊ မသောက်ဘဲ နေရတယ်။
• တခြား Anti-thyroid medications လည်ပင်းကြီးနဲ့ ဆိုင်တဲ့ ဆေးတွေလဲ ၃ ရက်အတွင်း မသောက်ခဲ့ရဘူး။
• ဆေးသောက်ထားသူထဲကနေ ချွေး၊ ဆီးစတာတွေထဲကနေ စွန့်ထုတ်နေမယ်။ သွားရည်၊ မွေးလမ်းအရည် နဲ့ ဝမ်းထဲကနေလဲ နည်းနည်းပါးပါး ပါသွားမယ်။
• ဆေးကုနေသူသုံးနေတဲ့ ရေချိုးခန်း၊ အိမ်သာ၊ အိပ်ယာခင်း၊ အသုံးအဆောင်တွေ သန့်ရှင်းရေး ပိုလုပ်ရမယ်။
• ရေအိမ်သာ သီးသန့် ဖြစ်သင့်တယ်။ အညစ်အကြေး စွန့်ပြီးရင် ရေ ၂ ခါဆွဲပါ။
• သန့်စေဘို့ Bind-It Decontaminant နဲ့ I-Bind ဆေး ၂ မျိုးသုံးနိုင်တယ်။
• ပဌမ ၂ ရက်ကနေ ၄ ရက်က အရေးအကြီးဆုံး ဖြစ်တယ်။
• တခြားလူတွေနဲ့ ရက်ကြာကြာ ကင်းကင်း ဝေးဝေးနေသင့်တယ်။ ဖက်လှဲတကင်း မနေသင့်ဘူး။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေ။
• လက်ကို ရေနဲ့ မကြာခဏဆေးပါ။
• ရေ-အရည် သောက်တာ မနည်းစေပါနဲ့။
• ပန်းကန်ခွက်ယောက် တခါသုံး သုံးတာ ကောင်းတယ်။ မဟုတ်ရင် ဆေးကြောရာမှာ သီးသန့်ဖြစ်အောင် လုပ်ပါ။
• အိပ်ရင် တယောက်ထဲအိပ်ပါ။
• အဝတ်အစားတွေ အိမ်မှာတင် သီးသန့်ဖွတ်လျှော်ပါ။
• ကိုယ်တိုင် ထမင်းမချက်ပါနဲ့။
• ဘာကိုမှာ လက်နဲ့ကြာကြာ ထိကိုင်-ပွေ့ဖက်တာ မလုပ်ပါနဲ့။
• ကလေးငယ် မွေးထားရင် ကလေးကို သူများ အထိန်းခိုင်းရမယ်။ ကလေးကို နို့မတိုက်ပါနဲ့။
• သူများကလေးတွေကို ပွေ့ဖက်တာလဲ ရှောင်သင့်တယ်။
• ကောင်းတာက ၁ မီတာ ၂ မီတာ အကွာမှာသာ နေသင့်တယ်။
• လိင်ဆက်ဆံတာ ၁ လတာ ရှောင်ရမယ်။ နည်းနည်းသာပေးရသူဆိုရင် ဒိထက် ရက်တိုနိုင်တယ်။
• အမျိုးသမီးဆိုရင် နောက်ထပ် ၆ လ၊ ၁ နှစ် ကိုယ်ဝန် မယူပါနဲ့။
• Radioiodine I-131 ဆေးက Capsule ဆေးတောင့် နဲ့ Liquid အရည် ရှိတယ်။
• ဆေးသောက်တာ ၁ ခါ နဲ့ရတယ်။ တချို့ကို ၂ ခါပေးတယ်။
• ဆေးသောက်ပြီး ၁ လ ကနေ ၃ လအထိနေမှ အကျိုးသက်ရောက်တာ သိသာတယ်။ အများဆုံး ၆ လ။
• ဆေးသောက်လိုက်ရင် လည်ပင်းနေရာက နဲနဲနာနိုင်တယ်။ လည်ချောင်းနာသလိုမျိုး။ အနာသက်သာဆေး ဆရာဝန်က ပေးချင်ပေးမယ်။
• တချို့လူနာတွေမှာ လည်ပင်းကြီး ဟော်မုန်း အစားထိုးဆေး သောက်နေဘို့ တသက်တာ လိုနိုင်တယ်။
• လေဆိပ်တွေမှာ Radiation detectors တွေနဲ့ စစ်ဆေးတယ်။ အနုမြူဆေးနဲ့ ဆေးကုထားသူတွေ ၉၅ ရက် အတွင်း လေယာဉ် မစီးသင့်ဘူး။ ခရီးသွားစရာရှိရင် ဆရာဝန်ဆေးလက်မှတ် ယူသွားပါ။
• တချို့နိုင်ငံတွေမယ် ရုံးအဝင်မှာ စစ်ဆေးတတ်တယ်။
• I-131 ကို Thyroid cancer လည်ပင်းကြီး ကင်ဆာကို ကုရာမှာလဲ သုံးနိုင်တယ်။

- Toxic Goitre Q and A လည်ပင်းကြီး ဟော်မုန်းများခြင်း http://dts-medicaleducation.blogspot.com/2010/05/q-and-toxic-goitre.html
- Hypoparathyroidism လည်ပင်ကြီး ခွဲပြီးနောက် (၂) http://dts-medicaleducation.blogspot.com/2011/01/hypoparathyroidism.html
- Hypothyroidism လည်ပင်းကြီး ခွဲပြီးနောက် (၁) http://dts-medicaleducation.blogspot.com/2010/09/hypothyroidism.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး