Pulse လက်ကောက်ဝတ် သွေးခုန်နှုန်း

အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။ ပုံအတွက်လည်း ကန်တော့ပါ။

ဆရာဝန်တွေထက် ဆရာမတွေက အရေးကြီးတယ်လို့ ကျွန်မငယ်ငယ်ထဲက ဒီလို မြင်ပါတယ်။ ကျွန်မကို ကုသတဲ့ ဆရာဝန်တွေကိုတော့ တောင်းပန်ပါတယ်။ မေ့မေ့လောက် pulse သွေးခုန်နှုန်းစမ်းတာတော်တဲ့သူ တယောက်မှ ကျွန်မ မမြင်သေးဘူးလို့ တင်ထားတာဖတ်ရပါတယ်။ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ ဖွင့်လှစ်ခြင်း အခမ်းအနားမှာတဲ့။

ဆရာ မင်္ဂလာပါ။ Pulse rate နဲ့ Heart rate မှာ Normal အားဖြင့် Heart rate က များတယ်လို့သိထားပါတယ်ဆရာ။ Heart ရဲ့ Pump လုပ်မှုကြောင့် သွေးခုန်တယ်ဆိုတာဖြစ်လာပါလျှက် ဘာလို့ Pulse rate က Heart rate ထက် နည်းနေရပါလဲ ရှင်းပြပေးပါအုံးဆရာ။

Pulse ဆိုတာ လက်ကောက်ဝတ်ကနေစမ်းလို့သိနိုင်တဲ့ နှလုံးခုန်နှုန်းဖြစ်တယ်။ နှလုံးကို နားကြပ်နဲ့နားထောင်တာနဲ့ အတူလို့ပြောနိုင်တယ်။ ကျွန်တော်တို့ဆေးကျောင်းသားမှာသင်ရတော့ လူနာရဲ့လက်ကောက်ဝတ်နေရာ လက်မအထက်မှာ ကိုယ့်လက်ချောင်း သုံးချောင်းနဲ့စမ်းခိုင်းတယ်။ လူနာ့လက်ကို အနေတော်ထားစေရတယ်။ သွေးလွှတ်ကြောပေါ်မှာ လူနာ့လက်မနားက ကိုယ့်လက်ချောင်းနဲ့ ဖိအားလေးနည်းနည်းပေးထားပြီး ကျန် လက်ချောင်း နှစ်ချောင်းနဲ့စမ်းပြီး တမိနစ်မှာဘယ်လောက်လဲစမ်းရတယ်။ ခုနောက်ပိုင်း လက်ချောင်း နှစ်ချောင်းသာ သုံးစေတာလည်း တွေ့တယ်။

တကယ်တော့ လက်ကောက်ဝတ်နေရာမှာသာမကပါ။ စမ်းနိုင်တဲ့နေရာတွေ အများကြီးရှိတာကို ပုံနဲ့ပြထားပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာတော့ လည်ပင်းမှာစမ်းတယ်။

နှလုံးဆိုတာ ကြွက်သားနဲ့လုပ်ထားတဲ့ စုပ်ထုတ်စက်ဖြစ်တယ်။ သွေးတွေကို စီးလျှောက်စေဘို့ရာ နှလုံးကြွက်သားတွေ ညှစ်လိုက်ရင် နှလုံးခုန်တာဖြစ်စေတယ်။ လျှပ်စစ်လှိုင်းတွေက နှလုံးကြွက်သားတွေက ညှစ်ပေးတယ်။ ပျမ်းမျှ တမိနစ်မှာ ၆ဝ ကနေ ၈ဝ ကြိမ်နှုန်းရှိတယ်။ အသက်ကြီးသူတွေမှာ ၆ဝ ကနေ ၁ဝဝ ရှိနိုင်တယ်။ အမျိုးသမီးတွေက ပိုများတယ်။ အသက်ငယ်လွန်းတဲ့ ကလေးတွေမှာ များတယ်။ မွေးကာကလေးဟာ တမိနစ်မှာ ၁၂ဝ အနည်းဆုံးရှိတယ်။

နှလုံးခုန်တာ တမိနစ်မှာ ၁ဝဝ ကျော်လာရင် Tachycardia လို့ခေါ်တယ်။ ၆ဝ ထက်နည်းတာကို bradycardia ခေါ်တယ်။ အားကစားသမားတွေ ၆ဝ သာရှိနေတာကို Athletic bradycardia ခေါ်တယ်။ ကောင်းပါတယ်။

Pulse ဆိုတာ သွေးလွှတ်ကြောတွေ ကျယ်လာ၊ ညှစ်ရာကနေဖြစ်တယ်။ နှလုံးဘယ်ဘက်ခြမ်းကနေ တွန်းပို့လာတဲ့ သွေးတွေကို ဆက်ပြီးစီးလျှောက်စေတယ်။ အဲလိုဖြစ်တာကို လူ့ကိုယ်ခန္ဓာရဲ့ Radial လက်ကောက်ဝတ်နေရာ၊ Carotid လည်ပင်းနေရာတွေမှာ အများဆုံးစမ်းရတယ်။ ကလေးငယ်တွေဆိုရင် Brachial လက်မောင်းမှာစမ်းရတယ်။ PMI (point of maximal impulse) အများဆုံးစမ်းနိုင်တာကတော့ ရင်ပတ် ဘယ်ဖက်ခြမ်း Sternum ရင်ညွန့်ရိုးအဆုံးနဲ့ ၂ လက္မ အကွာနေရာမှာ စမ်းနိုင်တယ်။ Apical pulse ခေါ်တယ်။ ပိန်တဲ့သူတွေမှာ စမ်းရလွယ်တယ်။ လူတိုင်းကို Stethoscope နားကြပ်နဲ့သာ စမ်းရတယ်။

ကလေးတွေရဲ့နှလုံးခုန်နှုန်း
မွေးကာစ = 125 beats/min (70 to 190 beats/min)
တနှစ်အောက် = 120 beats/min (80 to 160 beats/min)
၃-၄ နှစ်အရွယ် = 110 beats/min (80 to 130 beats/min)
ကျောင်းမသွာမီအရွယ် = 100 beats/min (80 to 120 beats/min)
၆ နှစ်အရွယ် = 100 beats/min (75 to 115 beats/min)
၈ နှစ်အရွယ် = 90 beats/min (70 to 110 beats/min)
၁ဝ နှစ်အရွယ် = 90 beats/min (70 to 110 beats/min)
၁၂ နှစ်သမီး = 90 beats/min (70 to 110 beats/min)
၁၂ နှစ်သား = 85 beats/min (65 to 105 beats/min)
၁၄ နှစ်သမီး = 85 beats/min (65 to 105 beats/min)
၁၄ နှစ်သား = 80 beats/min (60 to 100 beats/min)
၁၆ နှစ်သမီး = 80 beats/min (60 to 100 beats/min)
၁၆ နှစ်သား = 75 beats/min (55 to 95 beats/min)
၁၈ နှစ်သမီး = 75 beats/min (55 to 95 beats/min)
၁၈ နှစ်သား = 70 beats/min (50 to 90 beats/min)

Heart beat နဲ့ Pulse တူပါသလား
အများဆုံးကတော့ တူတယ်။ မတူတာကို Pulse deficit ခေါ်တယ်။ Apical pulse က ၇ဝ ရှိတယ်ဆိုပါစို့ Radial pulse က ၆ဝ-၅ဝ ရှိနေမယ်။ အဲတာဆိုရောဂါဖြစ်တယ်။ Pulse deficit ဆိုတာ အဖျားအနား သွေးလွှတ်ကြောမှာ နှလုံးက တကယ် ခုန်နေတာကို စမ်းမရပဲ ကျန်နေလို့ နှလုံးခုန်သံထက် နည်းနေတာဖြစ်တယ်။ Atrial fibrillation ရောဂါမှာတွေ့တယ်။ Pulse deficit ဆိုတာ နှလုံးခုန်နှုန်း မတူတာကိုခေါ်တယ်။ Pulse deficit = (နှလုံးခုန်နှုန်း - ပါ့လ်စ်ခုန်နှုန်း)

ဖြစ်စေနိုင်တဲ့ရောဂါ (၃) မျိုးရှိတယ်။
၁။ Atrial fibrillation (အေထရီယယ်လ်ဖစ်ဘရီလေးရှင်း)
၂။ Very early diastolic ventricular ectopic beats (ဒိုင်ယာစတိုးလစ် ဗင်ထရီကူလာ အက်တိုးပစ် ဘိဒ်) အစောပိုင်း၊
၃။ Pacemaker (ပေ့စ်မိတ်ကာ) နှလုံးထိန်းစက်တပ်ထားရသူ။

ဖြစ်စဉ်ကတော့ နှလုံးအောက်ခန်းတွေက ညှစ်အားနည်းနေလို့ဖြစ်တယ်။ အေအိုတာအဆို့ရှင်ကို ပွင့်စေလောက်အောင် အားမရှိလို့။ တချိန်တည်းမှာ မိုင်ထရယ်အဆို့ရှင်ကိုတော့ ပိတ်နိုင်အားရှိတယ်။ အေအိုတာအဆို့ရှင်ကို ပွင့်စေလောက်အောင် ဖိအား 60-80 mmHg အနည်းဆုံး လိုအပ်တယ်။ မိုင်ထရယ်အဆို့ရှင်ကိုပိတ်နိုင်ဘို့က 8-14mmHg သာလိုတယ်။ အဲလို ဖြစ်နေသူတွေမှာ Pacemaker မကောင်းတာဆိုရင် အသစ်လဲပါ။ တခြားဟာကို နှလုံးအထူးကု ဆရာဝန်ကနေ အကြံပေးပါမယ်။

Pulse pressure ပါ့လ်စ် ပရက်ရှာ https://doctortintswe.blogspot.com/2015/06/pulse-pressure.html

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၄
၂၃-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး