Fake Medicines from China and India (2)

တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၂)

တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၁) ထဲမှာရေးခဲ့တဲ့ "ဂါနာနိုင်ငံကို တင်သွင်းနေတဲ့ တရုပ်နဲ့ အိန္ဒိယလုပ် ဆေးတွေ ဘယ်လောက်စိတ်ချရသလဲ" ဆိုတဲ့ စာတမ်းက ၁၃-၃-၂ဝ၁၃ နေ့မှာထွက်လာပြီးနောက် ၁၇-၃-၂ဝ၁၃ နေ့မှာ တရုပ်အစိုးရကနေ ဂါနာနိုင်ငံကို ဒီလိုဆေးအတုတွေအတွက် အကူအညီပေးပါမယ်လို့ ပြောလာရတယ်။ ဆေးအတုတွေ ဘယ်ကနေ ဘယ်လိုလာသလဲဆိုတာ ကူညီစစ်ဆေးပေးမှာဖြစ်ပါတယ်။ အိန္ဒိယကတော့ အဲလိုပြောတာမကြားသေးပါ။

တိုက်ဆိုင်တာတခုတွေ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအလံနဲ့ ဂါနာအလံဟာ အတော်ကိုဆင်းတူနေတာပါ။ ခံရတာတူ၊ မလံကခပ်တူတူပေမဲ့ တရုပ်ကနေ အရေးစိုက်တာ မတူပါ။

Oxytocin နဲ့ Ergometrine ထိုးဆေးတွေဟာ ကလေးမီးဖွားတဲ့အခါသုံးရတဲ့ အရေးကြီးဆေး အမျိုးအစား ဖြစ်ပါတယ်။ ကလေးမွေးဘို့ကြာနေသူကို သွင်းပေးရင် သားအိမ်ကို ညှစ်စေနိုင်ပြီး၊ ရိုးရိုးဖြစ်ဖြစ် ခွဲမွေးတာဖြစ်ဖြစ် မိခင်ကို ထိုးပေးရင် မွေးဖွါးပြီး သွေးသွန်တာကိုလည်း ကာကွယ်ပါမယ်။ ကလေးရော မိခင်အတွက်ပါ အသုံးဝင်လှတဲ့ဆေးတွေ ဖြစ်ပါတယ်။ Oxytocin ထိုးဆေးက တရုပ်ကလာပြီး၊ Ergometrine ထိုးဆေးက အိန္ဒိယ Ciron Drugs ကုမ္ပဏီကနေ လာတာပါ။

၎-၄-၂ဝ၁၃ (နယူးယော့တိုင်းမ်) သတင်းစာမှာ "A Toxic Pipeline အဆိပ်ပိုက်လိုင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ တရုပ်ပြည်ကနေ အဆိပ်နဲ့တူတဲ့ ဆေးဝါးတွေ ကမ္ဘာ့ဈေးကွက်ထဲကို ပိုက်လိုင်းနဲ့လာသလို ဝင်လာနေတယ်လို့ ပါရှိပါတယ်။ ၆-၅-၂ဝဝ၇ တုံးကလည်း ပနာမားနိုင်ငံမှာ လူပေါင်း ၁ဝဝ သေဆုံးခဲ့ရတဲ့ ဆေးရည်ဟာ တရုပ်ကလာတာဖြစ်ပါတယ်။

၃၁-၁ဝ-၂ဝဝ၇ နေ့မှာ ထုတ်တဲ့ IPN သတင်းထုတ်ပြန်ချက်မှာ Fake drugs kill over 700,000 people every year ဆေးအတုတွေကြောင့် နှစ်စဉ်လူပေါင်း ၇ သိန်းကျော် သေဆုံးနေရတယ်လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဆေးအမျိုးအစားတွေကတော့ တီဘီ နဲ့ ငှက်ဖျားဆေးတွေဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာ အထူးပြုဖေါ်ပြချက် (၃) ချက် ပါရှိပါတယ်။
(၁) အင်ဂိုလာ၊ ဘာရွန်ဒီ နဲ့ ကွန်ဂိုနိုင်ငံတွေကို သွင်းယူနေတဲ့ဆေး မှန်သမျှထဲက တဝက်ဟာ အဆင့်အတန်းနိမ့်ဆေးတွေ ဖြစ်တယ်။
(၂) လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်နိုင်ငံတွေကို သွင်းတဲ့ Artesunate ခေါ်တဲ့ ငှက်ဖျားဆေး ၃ ပုံ ၂ ပုံဟာ ဆေးအဆနည်းနေတယ်။
(၃) ဆေးအတု အများဆုံးဟာ တရုပ်နဲ့ အိန္ဒိယကနေလာတယ်။

အိမ်နီးချင်းများကျေးဇူး ဘယ်လောက်ကြီးပါသလဲ။

ဒေါက်တာတင့်ဆွေ
၎-၄-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး