Jail proof jacket သတင်းထောက်သတင်း

ငယ်ငယ်တုံးက ဇာတိဖြစ်တဲ့ ပုလဲမြို့နယ်မှာ သူပုန်တွေကပေါတယ်။ အဲဒီ ၃-၄ နှစ်သားကတည်းက သူပုန်ဆိုတာ နားရည်ဝနေခဲ့တယ်။ ချင်းတွင်းမြစ် အနောက်ဖက်မှာ သူပုန်တွေ အရောင်မျိုးစုံစိုးခဲ့တဲ့နေရာ။ မင်းရွာမှာရှိတဲ့ ကျွန်တော့်မိဘများအိမ်က အိမ်ကြီးရခိုင်ဆိုတော့ အစိုးရလာလည်း အိမ်မှာစခန်းချတယ်။ သူပုန်လာလည်း အိမ်မှာစတည်းချတယ်။

မုံရွာကို ပြောင်းနေကြတော့ အိမ်ကိုလာလည်နေကျ ရွာကလူကြီးတယောက် ထောင်ကျသွားတယ်။ သူပုန် အားပေးလို့တဲ့။ ရွာမှာက သူပုန်ကဆက်ကြေးတောင်းရင် ဘယ်နေသာမှာလည်း။ အသက်မသေချင်ရင်၊ ရွာကို မီးရှို့မခံချင်ရင်၊ တောင်းတဲ့ ဆက်ကြေး ပေးကြရတယ်။ အဲဒီလူကြီးက ဆက်ကြေးသွားပေးရတဲ့တာဝန်ကျလို့ပါ။

မြန်မာပြည်က တိုက်ပွဲတွေဖြစ်နေတဲ့နေရာကို သတင်းထောက်တွေသွားတဲ့သတင်းက တကယ့်သတင်းဖြစ်နေတယ်။ သူတို့ တင်ဆက်တဲ့သတင်းတွေကတော့ တယောက်တမျိုး။ တယောက်တမျိုးဆိုတာ မတိကျပါ။ တဘက်တမျိုး။ တချို့ကတော့ မသွားခင်ကတည်းက သတင်းရေးထားပြီးသားဖြစ်ပုံရတယ်။ ကျန်တဲ့သတင်းထောက်တွေအဖို့တော့ ကျွန်တော့်ရွာ ထောင်ကျတဲ့လူကြီးအဖြစ်မရောက်အောင် ရေးကြရပုံကြတယ်။

Bulletproof vest ကျည်ကာအင်္ကျီနဲ့သတင်းထောက်တွေပုံတော့ မျက်စိရှန်လို့လားမပြောတတ်ပါ မတွေ့သေးဘူး။ Jail proof jacket ထောင်ကာအင်္ကျီဝတ်ထားကြဘို့ အကြံပေးပါရစေ။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး