Laogai (Laukkal) လောက်ကိုင်ကို ဘာကြောင့်ထိုးကျွေးလည်း

(ကျွန်တော်ရေးတာမဟုတ်ပါ။ Aung Hein ရေးတင်ထားတဲ့ အချုပ်အချာအာဏာကို အထိပါးမခံ မြန်မာ့မြေကို တလက္မ အထိမခံဆိုသူများအတွက် ဖြစ်ပါတယ်ကို ယူထားသာဖြစ်ပါတယ်။)

လောက်ကိုင်ကို ဘာကြောင့်ထိုးကျွေးလဲဆိုတာ မြေပုံကြည့်ရင် သဘောပေါက်မှာပါ။ အစိမ်းရောင်က ကိုးကန့် လိမ္မော်ရောင်က ဝအထူးဒေသ။ ဖုန်ကြားရှင်၊ တရုတ်နဲ့ မြန်မာအာဏာရှင်တို့ရဲ့ ထိုးဇာတ်လေးထဲမှာ မျောပါသူတွေက အများသား။

လောက်ကိုင်တိုက်ပွဲမစမီ တရက်အလိုမှာ စီအစဉ်မရှိဘဲ ဝအထူးဒေသ ပန်ဆန်းကို အလုပ်တခုနဲ့ ရောက်သွားပါတယ်။ လားရှိုး-တန့်ယန်းလမ်းကနေ သံလွင်မြစ်တံတားကျော်ပြီး မကြာခင် မြန်မာစစ်တပ်ဂိတ်ကိုရောက်တယ်။ ဘာမှ သိပ်မစစ်ဘူး။ အလှူငွေထည့်ပါဆိုလို့ ငါးထောင်ပေးခဲ့တယ်။ ခဏဆက်သွားတော့ မြန်မာရဲဂိတ်ရောက်တယ်။ ပြတ်ပြတ်ဘဲ ငါးထောင်ပေးပါတဲ့ ဘယ်ရမလဲ ပေးလိုက်တာပေါ့။

နဲနဲဆက်သွားတော့ ဝလုံခြုံရေးဂိတ်။ ကားပေါ်က တယောက်မကျန် အောက်ဆင်းခိုင်းတယ်။ ဂိတ်နောက်မှာ ဘန်ကာထဲက စက်သေနတ်ကြီးက အသင့်ချိန်ထားတယ်။ ဝလိုမေးတယ် ဘယ်ဖြေတတ်မှာလဲ။ တရုတ်လိုမေးတယ်။ အတူပါသူတွေက ဖြေပေးတယ်။ မရဘူး မဝင်ရဘူးတဲ့။ တော်သေးတယ် ပန်းဆန်းက ဖုန်းဆက်ပြီး ကားနံပါတ်ပေးထားလို့ အရာရှိ တယောက်လာပြီး ဝင်ခွင့်ပေးလိုက်တယ်။ နယ်စပ်ဝင်ကထဲက MPT Oredoo ဘာမှမရတော့ဘူး တရုတ်ဖုန်းရတယ်။ Telenol တချက်တချက်ရတယ်။ ဒါပေမယ့် Oversea charge ပေးရမယ်။

ဝနယ်ထဲဝင်ကာစ မြေလမ်းကြီး ဖုန်တထောင်းထောင်းနဲ့။ ဆက်သွားတော့ ကျောက်လမ်း။ ပြီးတော့ ကွန်ကရိလမ်း။ ပြီးတော့ နိုင်လွန်ကတ္တရာလမ်း။ တောင်ပေါ်လမ်းတွေက နေပြည်တော်လမ်းထင် ပိုကျယ် ပိုကောင်းနေတယ်။ မေးကြည့်တော့ တရုတ်ကလာဖောက်တာတဲ့။

နေရာတိုင်းမှာ လျပ်စစ်မီးနဲ့ မေးကြည့်တော့ စစ်သားအငယ်တွေက ရေအားလျှပ်စစ် ကိုယ်ပိုင်ထုတ်တာတဲ့။ နောက်တော့ အဲဒီ ရေအားလျပ်စစ်နေရာကို ဖြတ်သွားတယ်။ သိပ်လဲမကြီးဘူး။ တကယ်အလုပ်လုပ်ပုံလဲမရဘူး။ သူ့တို့အရာရှိတွေကို ထပ်မေးတော့ ရီပြီး တရုတ်ပြည်က လိုသလောက်ပေးတယ်တဲ့။

လမ်းဘေးတလျောက် ရော်ဘာခြံတွေ မျက်စိတဆုံး အပင်တွေကြီးပြီ။ အသေအချာ ကြည့်တော့ တပင်မှ အစေး ခြစ်မထားဘူး။ လက်ဘက်ခြံတွေလဲရှိတယ်။ အားလုံးဖေါ်ရှိုးတွေ။

ပန်ဆန်းမရောက်မီ မြင်ကွင်းထဲမှာ ဘာမှမသုံးတဲ့ ကွန်ကရိကွင်းကျယ်ကြီးတွေ တွေ့တယ်။ တိုက်လေယာဉ်တွေ ကောင်းကောင်း ဆင်းလို့ရတယ်။ ဘာအတွက်လဲမေးတော့ ပုခုန်းတွန့်ပြတယ်။

တောင်တွေကို ဧရာမစက်ကြီးတွေနဲ့ ဖြိုပြီး Tipper ကားအကြီးစားတွေနဲ့ မြေကြီးတွေတင်ပြီး တရုတ်ပြည်ဘက် တတန်းကြီး မောင်းထွက်နေတယ်။ ဘာပါလို့လဲ မေးတော့ ခဲသတ္တုလို့ပြောတယ်။ ခဲလောက်နဲ့ မြေရိုင်းတွေကို သယ်ရတာ ကိုက်သလား Geologists တွေတော့သိမှာ။ နောက် ကျွန်းသစ်တင်တဲ့ကားတွေ သစ်လုံးမဟုတ်ဘူး။ လေးထောင့် ပါးပုတ်ထားပြီးသား။ လမ်းဘေးမှာ တန်းစီရပ်ထားတာ အစီး ၄၂ နောက်ပိုင်း ဆက်မရေဖြစ်တော့ဘူး။

ပန်ဆန်းရောက်ပြီ။ မြန်မာရဲ၊ စစ်သား၊ ရဲစခန်း၊ စစ်တပ်။ လဝက၊ ထွေအုပ်ရုံ၊း အခွန်ဦးစီး၊ ဆေးရုံ၊ ကျောင်၊း ဘာမှမတွေ့။ မြန်မာပြည်လို့ ပြောနိုင်တဲ့ အထောက်အထားတခုမှမရှိ။ တရုတ်စာဆိုင်းဘုတ်၊ တရုတ်စကား၊ တရုတ်ငွေ၊ တရုတ် TV လိုင်း၊ မေးကြည့်တော့ မြန်မာမှတ်ပုံတင်မသုံး ဝကိုယ်ပိုင်မှတ်ပုံတင်တဲ့။ လူငယ်အားလုံး စစ်ဝတ်စုံနဲ့ Pistol ခါးချိတ်လို့် ဝတ်စုံ၊ လက်နက်အားလုံး သစ်သစ်လွင်လွင်ပဲ။ ရာထူးအဆင့် တံဆိပ်မရှိဘူး။

မြို့ထဲမှာ ကားအများစုက Lexus 570 တွေ Hummer တွေများတယ် စက်သေနတ်တင်ထားတဲ့ 4x4 pickup တွေလဲ တွေ့တယ်။ ဓာတ်ဆီထည့်တုံး ဘေးကဆိုင်းဘုတ်ကိုကြည့်ပြီး တရုတ်စာတတ်သူတွေ ရီနေလို့ မေးကြည့်တော့ ကျည်ဆန်၊ ယမ်း၊ လက်ပစ်ဗုံး၊ မိုင်း၊ လက္ကားရောင်းတာတဲ့။

နှစ်ညအိပ်နေခဲ့တယ်။ မြန်မာ့အချုပ်အချာအာဏာကို တစိမှမတွေ့ခဲ့ဘူး။ ထပ်သိချင်လို Googling လုပ်တော့ ဝအထူး အုပ်ချုပ်ခွင့်ရဒေသက 17,000 sq. km. တဲ့ Singapore က 718 sq. km. Singapore ထက် ၂၃ ဆပိုကျယ်ပြီး၊ ဘာသယံဇာတတွေ ရှိနေမှန်းမသိတဲ့ နယ်မြေတခုကို တရုတ်က သေနတ်တချက်မဖောက်ဘဲ ယူသွားပါပြီ။

ကိုးကန့်ကို မီးမောင်းစွတ်ထိုးထားတော့ ဝအထူးဒေသ လက်ပံတောင်းတောင်နဲ့ တခြားသယံဖာတတွေ၊ စစ်ရေး၊ စီးပွားရေးအရ အရမ်းအရေးပါတဲ့ အန္ဒိယသမုဒ္ဒရာထွက်ပေါက် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြန်မာပြည်ကို ခါးဖြတ်တဲ့ ရေနံဓာတ်ငွေ့ပိုက်လိုင်း၊ ဒါတွေအားလုံး မှေးမှိန်သွားရပြီပေါ့။

အပိုဆုအနေနဲ့ စစ်အုပ်ချုပ်ရေးနယ်မြေတခု စပေါ်လာပြီ။ ရွေးကောက်ပွဲမတိုင်မီ ဘယ်နှစ်ခုထပ်ဖေါ်ဦးမှာလဲ။ အားလုံးရဲ့ Master Mind က China ပါ အာဏာရှင်တွေကတော့ ကိုယ်ကျိုးစီးပွားပေါ့။ အားလုံးမြင်ကြဘို့ ဘက်တဘက်ထဲမှာ ရပ်ကြဘို့ အရေးတကြီးလိုနေပါပြီ။     ။

ကျွန်တော့်သုံးသပ်ချက်
• သတင်းတိုင်းကို ဒေါင်စုံအောင်လေ့လာသင့်တယ်။ အရာတိုင်းမှာ သမိုင်းရှိတယ်။ မျက်စိတဆုံးမကြည့်နိုင်ရင် အညာခံရမယ်။
• ဝနယ်မြေ၊ ကိုးကန့်နယ်မြေနဲ့ တရုပ်နယ်စပ်ကပ်နေတဲ့နေရာဒေသတွေကို လူအများစုက မသိကြပါ။ အပ်ကျတာကအစ သိတယ်လို့ နိုင်ငံရေးလုပ်သူတွေအပေါ်မှာ ကြွားလုံးထုတ်ခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေးက ဒီအခြေအနေနဲ့ အဖြစ်အပျက်တွေ မသိမရှိပါ။ ၁၉၈၉ အပစ်ရပ်စဲရေး (တနည်း) လက်နက်နဲ့ ငြိမ်းချမ်းရေးလဲတယ်ဆိုတာရဲ့ အောက်မှာနဲ့ နောက်မှာ ဒါတွေ ဒီလိုဖြစ်လာတာပါ။
• ဒါပေမဲ့ ဘိန်းနဲ့ မူးယစ်လုပ်ငန်းကတော့ အပစ်မရပ်လဲ တနည်းနည်းနဲ့ ရှင်သန်နေမှာဖြစ်တယ်။
• တရုပ်နိုင်ငံဟာ မြန်မာ့ စစ်အာဏာရှင်စနစ်နဲ့ ဘိန်းခင်းတွေကနေ ကောင်းကောင်းကြီး အမြတ်ထုနေတာတော့ ထင်ရှားလွန်းလှပါတယ်။
• ဒါပေမဲ့ ခုချိန်မှာ (၁) တရုပ်မုန်းတီးရေး။ ကိုးကန့် မုန်းတီးရေး၊ ဝ မုန်းတီးရေးတွေ အောာ်တာနဲ့ (၂) ကိုးကန့်တိုက်ပွဲကို တရုပ်နဲ့ပေးစားနည်း နှစ်ခုလုံးနဲ့တော့ မြန်မာပြည်ဟာ ရှုံးပြီးရင်းရှုံးနေရအုံးမှာသာဖြစ်ပါတယ်။ စစ်တပ်မုန်းတီးရေးလည်း မလုပ်သင့်ပါ။ စစ်အာဏာရှင်စနစ်ကိုတော့ မုန်းတာသမက ဖြုတ်ချကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး