Mango garden sermon သရက်ဥယျာဉ် တရားတော်

၂၂-၂-၂ဝ၁၅ နေ့က သတင်းတပုဒ် ဖတ်ရတယ်။ နေပြည်တော် သရက်ဇုန်မြေကွက်တွေကို အမှန်တကယ် သရက် စိုက်ပျိုးရေး လုပ်ချင်တဲ့သူတွေကို ခွဲဝေပေးခဲ့။ သရက်စိုက်ပျိုးရန် မြေသိမ်းယူခဲ့သူများ = သမတဦးသိန်းစိန်၊ ဦးဌေးဦး၊ ဦးအောင်သောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်၊ ဗိုလ်ချုပ်တင်ထွတ်၊ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့သမီး ဒေါ်သန္တာရွှေ၊ ရှေ့နေချုပ် ဦးဝင်းမောင်တဲ့။

အရင်ကဖတ်ဖူးတာရှိတယ်။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ရှိ ဇီဝက၏သရက်ဥယျာဉ်မှာ သီတင်းသုံးနေတော်မူစဉ်က သာမညဖလသုတ်ကို ဟောကြားခဲ့သည်။ မြတ်စွာဘုရားသည် နာလန္ဒမြို့၊ ပါဝါရိကသရက်ဥယျာဉ်မှာ သူကြွယ့်သား ကေဝဋအားအကြောင်းပြုပြီး၊ တန်ခိုးပြာဋိဟာတရား ဟောကြားခဲ့သည်။ မြတ်စွာဘုရားသည် ကောသတိုင်း မနသာကဋ ပုဏ္ဏားရွာမြောက်ဘက် အစိရဝတီမြစ်ကမ်းအနီး သရက်ဥယျာဉ်မှာ ဝါသေဌလူငယ်နှင့် ဘာရဒွါလူငယ်နှစ်ယောက်တို့အား အဆုံးအဖြတ်ပေးတရား ဟောကြားခဲ့သည်။

မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်က ရှင်ရာဟုလာ သီတင်းသုံးရာ သရက် ဥယျာဉ်တွင် သြဝါဒတရားပေးတော်မူသည်။

ချစ်သားရာဟုလာ အလုပ်တခုလုပ်တော့မယ်ဆိုရင် မလုပ်ခင်စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့တော့။ လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတပါးကို ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့တော့။ လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့တော့။ အပြောတခု ပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတပါးကို ထိခိုက်နိုင်မလား။ ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့တော့။ ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတပါး ထိခိုက်နိုင်မလား။ ပြောပြီး ပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့တော့။ အတွေးတခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့တော့။

မြန်မာနိုင်ငံ၊ နေပြည်တော်အနီးရှိသော သရက်ခြံကြီးများထဲတွင် မြတ်စွာဘုရား၏ သင်္ကန်းတော်ကိုရုံထားသည့် မည်သည့် ဆရာတော်တို့သည် လယ်မြေ့သနင်း သရက်စိုက်ပျိုးသူ ပြည့်ရှင်မင်းနဲ့ အပေါင်းပါများအား မည်သို့သော တရားတော်များ ဟောကြားကြမည်နည်း။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၅
၂၂-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး