My Friends သူငယ်ချင်းတွေ

ဒေါက်တာ့ က သမီးအဖေပါဆရာ။ အဖေက အသက် ၆၂ နှစ်မှာ လေဖြတ်သွားတာပါ။ လမ်းလျှောက်နိုင်ပေမယ့် စကားလုံးတွေတော့ ကောင်းကောင်းမပြောနိုင်ပါဘူး။ ဆရာ့စာတွေ ပြောပြတော့ အဖေက ဆရာ့ကို ကောင်းကောင်း မှတ်မိပါတယ်။

ကနေ့တော့ မန္တလေးနေတဲ့ဆရာဝန်အတွဲတခုက လေဖြတ်နေတဲ့ သူငယ်ချင်းဆီ အလည်ရောက်ကြတဲ့ပုံလေးတင်တာ တွေ့တယ်။ ဒါနဲ့ စာအဟောင်းလေးပြန်သတိရစေတယ်။ စာအဟောင်းနောက်မှာ အသစ်ဖြစ်တာတွေလည်း ရှိလာတယ်။

• သူငယ်ချင်း မင်း အဲဒီနိုင်ငံသွား အလုပ်လုပ်နေတာ သိရတယ်။ အေးကွာ ငါလဲ ဒီနိုင်ငံမှာ ကြာပြီဘဲကွ။
• သူငယ်ချင်း မင့်မှာလဲ မြေးတွေရပြီဆို။ အေးလေ ကလေးတွေတုံးကလဲ မင်းတယောက်ဆို ငါတယောက်။ မြေးတွေလဲ အတူလောက်နေမှာပေါ့။
• သူငယ်ချင်း မင်းမျက်စိတွေ မကောင်းတော့ဘူးဆို။ ငါလဲ ငါ့အိမ်ကလေးကို မမြင်နိုင်တာ ကြာလှပြီကွာ။
• သူငယ်ချင်း မင်းလေဖြတ်နေတယ်လို့ ကြားရတယ်။ မင်းဦးစီးဆောက်ပေးခဲ့တဲ့ ငါ့ဆေးခန်းလေးလဲ မလှုပ်နိုင်မယှက်နိုင် ဘဝတူပါဘဲကွာ။
• သူငယ်ချင်း မင်းဆုံးသွားတဲ့သတင်း ချက်ချင်းကြားတယ်။ ငါမရှိတုံး မင်းကြည့်ပေးခဲ့တဲ့ ငါ့အမေဆုံးတော့ ငါက လေးလလောက်နေမှ သိရတယ်ကွ။
• သူငယ်ချင်း မင့်သတင်း တစွန်းတစမှ ငါမကြားရပါလား။ အေးပေါ့ကွာ ငါ့ကိုလဲ သိတဲ့သူကသာ သိကြတယ် မဟုတ်လား။
• သူငယ်ချင်း မင့်သတင်းတွေ ငါနဲနဲကြားတယ်။ အောင်မြင်နေတာ အရမ်းဘဲတဲ့။ မင့်အကြောင်းကို မဲ့ရွဲ့ပြောကြတာလဲ ငါကြားတာဘဲကွ။ အဲလိုဘဲ ငါလဲ ချီးမွမ်းခံရတာရော ကဲ့ရဲ့တာပါ ခံရတယ်ကွ။
• သူငယ်ချင်း မင့် ငါ့ဆီအရောက်လာတွေ့တာ ဘယ်လိုဝမ်းသာလဲ မပြောတတ်ဘူး။ မင့်အိမ်ထောင်ရေး ကံမကောင်းဘူးဆိုလို့ စိတ်မကောင်းဘူးကွာ။ ငါ့နိုင်ငံရေး ကံမကောင်းသေးတာအတွက်တော့ မင်း နေ့တိုင်း ဆုတောင်းပေးရမယ်နော်။
• သူငယ်ချင်း မင်းနဲ့ပြန်တွေ့ရတာ မင့်အကို မကျန်းမာလို့နော်။ အေးကွာ တိုင်းပြည်ကြီး မကျန်းမာတော့ ငါ့မှာ သူငယ်ချင်းတွေ အများကြီးရတယ်ကွ။
• သူငယ်ချင်း မင်း ငါစာရေးတိုင်း လိုက်လုပ်တာ ငါကျေးဇူးတင်တယ်။ မင်းက ငါ့လို နိုင်ငံရေးပါတီထဲ မဝင်တာငါသိတယ်။ အတူတူပါဘဲကွာ ငါ့ပါတီတခုထဲအတွက် ငါလုပ်နေတာ မဟုတ်ဘူးကွ။

ဒေါက်တာတင့်ဆွေ
၁ဝ-၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး