Native land ပျော်ရာမှာမနေရ

ချင်းတောင်ပုံကြည်ကိုကြည့်ပြီး လှတယ်၊ သာယာတယ်၊ ရောက်ဖူးချင်တယ်လို့ ပြောကြတယ်။

ကျွန်တော် ပုလဲမြို့နယ်ဆရာဝန်လုပ်စဉ်က ဝက်ကျရွာမှာ တိုက်နယ်ဆေးရုံ ဖွင့်ပွဲကို တိုင်းအဆင့်က လူကြီးတွေ လာကြတယ်။ ဧည့်သည်တွေက ဒီရွာကလေးက အေးချမ်း စိုစိမ်းပြီး သိပ်သယာတာပဲ။ နေရရင် ဘယ်လောက် ကောင်းမလဲ စသဖြင့် ချီးမွမ်းကြတယ်။ ကျန်းမာရေးတိုင်းမှူးက ပြောပြပါတယ်။ အေးကွာ သူတို့ကို ဒီနေရာမှာ တိုက်နယ်ဆရာဝန်အနေနဲ့ပို့ရင် ဘယ်နှစ်ရက် နေနိုင်မလဲတဲ့။

ဝက်ကျရွာဟာ ပုလဲနယ်ထဲမှာ တောင်ပေါ်မှာရှိတယ်။ သစ်တောတွေထူထပ်ပြီး စိုစိမ်းနေတယ်။ ရာသီဥတုက သင့်တင့်ပြီး နေရထိုင်ရတာလည်း အေးဆေးတယ်။ လူတွေကလည်း ရိုးအေးကြတဲ့ ယောသားတွေ။ ဒါပေမဲ့ စားစရာရှားတယ်။ အလုပ်အကိုင်ရှားတယ်။ သွားရေးလာရေးက လှည်းတောင်သွားမရလို့ ဆင်ရှိမှသွားနိုင်တယ်။ ကားမဝင်နိုင်ဘူး။

ချင်းတောင်မှာ သဘာဝရာသီဥတုနဲ့ရေမြေကတော့ ပြောစရာမလိုအောင် လှပအေးချမ်းပါရဲ့။ ကနေ့ ဒုတိယနိုင်ငံတွေ၊ တတိယနိုင်ငံတွေကို ထွက်သွားကြရတဲ့ချင်းလူမျိုးပေါင်း သိန်းဂဏန်း မနည်းတော့ပါ။ ကိုယ့်မြေကိုယ့်ရေကို ခွါချင်ကြတာတော့ မဟုတ်လောက်ပါ။ အလုပ်အကိုင်၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတွေ အင်မတန် နောက်ကျလို့သာ ထွက်ကြရတာဖြစ်တယ်။

ပျော်ရာမှာ မနေ၊ တော်ရာမှာနေရတယ်လို့ ခပ်လွယ်လွယ်တင်စားတာ မမှန်ပါ။ ပျော်ရာမှာ တော်အောင်မလုပ်နိုင်တဲ့ အခြေအနေကို မြင်သင့်ကြပါတယ်။ ကျွန်တော့်ကိုလည်း အဲလိုမှတ်ချက်ပေးခံရတတ်ပါတယ်။ တိုင်းပြည်ကထွက်နေရတာ တော်ရာလို့ မထင်ပါ။ ပျော်ရာမှာ မတော်တာတွေကို ပြင်ချင်လို့ပါ။

ကျွန်တော်တို့တတွေ ပြန်လာနိုင်ချိန်အထိ မြန်မာပြည်ကြီးရဲ့ တောင်ပေါ်မြေပြန့်အနှံ့မှာ အလှအပတွေ ဆက်ရှိစေပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၅
၁၉-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး