Perpetual circle သံသရာနဲ့ ပဲစေ့

ကွန်မင့်တခု = သံသရာကိုယုံရင် သံသရာလည်နေမှာဘဲ။

ကျွန်တော်ကတော့ အဲတာကို သဘောမတူပါ။ ဆောရီး။

ကွန်မင့်တခု = ဘာကို သဘောမတူတာလဲခင်ဗျာ။

ဟုတ်။ သံသရာကို ယုံတဲ့သူသာ လည်မယ်ဆိုတာပါခင်ဗျား။

ကွန်မင့်တခု = ဟုတ်တယ်လေ။ မယုံရင်မလည်ပါဘူး။

ဆောရီး ရှင်းနေရရင်လည်း အဆင်မပြေလောက်ပါ။

ကွန်မင့်တခု = အော် စိတ်မရှိပါနဲ့။ ဆောရီးလဲ ကျနော့ကိုဆိုစရာမလိုပါဘူး။ ရှင်းပြဖို့လဲမမျှော်လင့်ပါဘူး။ ကျနော်ကလဲ ဘုပြောချင်လို့ ဒီလိုပြောတာထင်မှာလဲစိုးမိပါတယ်။ မဟုတ်ပါဘူး။ ကျနော်ကမယုံဘူးလေ။ ဒီတော့ မဖြစ်ဘူးပေါ့။ ယုံတဲ့သူက သူ့သဘောဘဲလေ။ ဖြစ်တာမဖြစ်တာလဲ ယုံတဲ့သူမယုံတဲ့သူသဘောဘဲမှုတ်လား။ ဒါကို မယုံပါနဲ့လို့ ကျနော်က သူ့ကို သွားအမိန့်ပေးလို့ မရဘူးလေ။

ဘာသာအယူ အမြင်မတူသူချင်းတွေ အပြန်အလှန်ပြောကြတာဟာ အကျိုးထက် ဆန့်ကျင်တာဖြစ်သွားတတ်ပါတယ်။ ဘယ်ဘာသာဝင်မဆိုနဲ့ ဘယ်ဘာသာမှမယူသူ အားလုံးတနေ့မှာ သေဆုံးကြရတယ်။ ဒီအထိတော့ မငြင်းကြပါ။ ကောင်းတာပြုရင် ကောင်းတာဖြစ်တယ်လို့ ပြောလာရင် ငြင်းကြတော့မယ်။ ကံတရားကိုယုံသူနဲ့ ဘုရားသခင်အလိုကျ လက်ခံသူ မတူကြတော့ပါ။ အဲတာတွေအားလုံးကို မယုံသူလည်းရှိတယ်။ မယုံပေမဲ့ ဖြစ်စရာရှိတာဆက်ဖြစ်တယ်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
သံသရာဟူသော ဝေါဟာရသည် သံသာရ ဟူသော ပါဠိမှ ဆင်းသက်လာသော ပါဠိသက်ဝေါဟာရတရပ် ဖြစ်ပေသည်။ ယင်းကို ပုဒ်ခွဲသော် သံတပုဒ် သာရတပုဒ်ဖြစ်ရာ၊ သံ = အဆက်မပြတ်တရစပ်၊ သာရ = ဖြစ်ခြင်းဟု အနက်အဓိပ္ပါယ် ရရှိသောကြောင့့်

အောင်မြင်သော သရက်မျိုးစေ့ရှိနေလျှင် သရက်ပင်ပေါက်နိုင်မည် မလွဲဖြစ်သကဲ့သို့ ကမ္မပထမြောက်သော ကုသိုလ်ကံ။ အကုသိုလ်ကံမျိုးစေ့ တည်နေလာလျှင် ခန္ဓာပင် ဆက်လက်ပေါက်ပွားမည်မှာ လွှဲရှောင်မရသော နိယာမဖြစ်ရာ၊ ကုသိုလ်ကံမျိုးစေ့ တည်နေက ကောင်းမြတ်သော ရုပ်နာမ်ခန္ဓာ။ အကုသိုလ်ကံမျိုးစေ့ တည်နေက မကောင်းသော ရုပ်နာမ်ခန္ဓာ ဆက်လက်ဖြစ်တော့မည် ဧကန်ဖြစ်လေသည်။့

ဘာသာရေးမတူသူတွေကိုလည်း သိပ္ပံကို ကိုးကားပါရစေ။ ဇီဝဗေဒမှာ Life cycle သက်ရှိစက်ဝိုင်းဆိုတာရှိတယ်။ သံသရာဖြစ်စဉ်ပါပဲ။ မနက်က ကျွန်တော်စားခဲ့တဲ့ ပဲစေ့လေးဟာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပဲစေ့ကောင်းလေးအဖြစ် ရပ်တည်ခဲ့လို့သာ အခုလိုဖြစ်လာတာပါ။ မောင်ပဲစေ့လေးမှာ ဘဝဆိုတာ သေရင်ပြီးပြီဆိုတဲ့အယူဝါဒ ရှိကောင်းရှိခဲ့မှာပါ။ သူ့အဆိုသာမှန်ရင်တော့ ကနေ့ကမ္ဘာကြီးမှာ ပဲရယ်လို့ရှိမှာ မဟုတ်တော့ပါ။ ၂ဝ၁၆ ခုနှစ်ကို ကုလသမဂ္ဂကနေ ပဲမျိုးစုံနှစ်လို့ သတ်မှတ်ထားပါတယ်။

ပထဝီသင်တုံးက ကမ္ဘာကြီးက လည်နေလှည့်နေတယ်လို့သင်တာကို လက်မခံဘူးဆိုတဲ့ကျောင်းသားရှိတယ်။ သူမယုံလည်း ကမ္ဘာကြီးကတော့ ရပ်မသွားပါ။

မှတ်ချက်။ အရင်က ဒီစာကိုတင်တော့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) ထဲက သံသရာအကြောင်းကို ကိုးကားရာမှာ အွန်လိုင်းကနေ ကော်ပီလုပ်ခဲ့တာ သေချာမစစ်မိပါ။ ကနေ့ ၂-၁-၂ဝ၁၇ နေ့မှာ ပြန်တင်တော့ ကျွန်တော့်စာတွေကို စေတနာနဲ့ စစ်ပေးနေတဲ့ ဖရင်းတယောက်က တစ်တွေဖြစ်နေတာကို ထောက်ပြပေးတယ်။ အဲတော့မှ မူရင်း မြန်မာ့စွယ်စုံကျမ်းနဲ့တိုက်တော့မှ လွဲနေတာကို တွေ့ပါတော့တယ်။ တစ်တွေ မဟုတ်ပါ။ ဆောရီး။ ကျေးဇူး။

ဘဝသံသရာ (ရေး မန္တလေး ဦးဘသိန်း၊ ဆို ဦးသုခ) https://www.youtube.com/watch?v=LzUpRHXL5DI

ဒေါက်တာတင့်ဆွေ
၂-၁-၂ဝ၁၆
၂-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး