Mother’s words of wisdom အမေ့စကား

Post = ရာသီလာခြင်း အရိုးစွဲအယူအဆများ

မှန်ပါတယ်ဆရာရယ်။ သမီး ၁၄ နှစ်မှာရာသီလာတော့ အဒေါ်အပျိုကြီးက ယောက်ျားလေးနားမထိုင်ရဘူး။ အတူတူထိုင်ရင် ဗိုက်ကြီးတတ်တယ်လို့ပြောပြီး ဆုံးမတာကို သမီးအမှန်ထယ်ခဲ့တယ်။

ဆရာကတော့ အဒေါ်ကိုအပြစ်မမြင်ပါ။ လူကြီးတွေဆုံးမတာက တိုက်ရိုက်မပြောတာမျိုးတွေလည်းရှိတယ် မဟုတ်လား။ (အိုချင်းထားလို့ အိုးချင်းထိ) ဆိုတဲ့ ဆုံးမစကားရှိတယ်။ ညကြီးမင်းကြီး အပြင်မထွက်စေချင်ရင် သူရဲရှိတယ်လို့ ပြောတာက တသက်လုံးကြောက်စိတ်ဝင်မနေရင် အကျိုးရှိစေတယ်။

သိပ္ပံ Formula လိုတော့ ဒါနဲ့ဒါပေါင်းရင် ဒါရတယ်ဆိုသလိုတော့ မပြနိုင်ပါ။ ဒါပေမယ့် လူကြီးသူမ ဆရာဆရာမတွေရဲ့ အဆုံးအမဟာ Taboo ခေါ်တဲ့ အယူအဆစွဲအမှားတွေနဲ့ မတူပါ။

PG ခေါ်တဲ့ သတ်မှတ်မှုဟာ ဥပဒေအရလိုအပ်ချက်တခု ဖြစ်တယ်မဟုတ်ပါလား။ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေကို ဒီအသက်အရွယ်မှာသာ ကြည့်ခွင့်ပြုတယ်ဆိုတဲ့ အဆင့်သတ်မှတ်ချက်ဖြစ်တယ်။
G = General audiences မည်သူမဆို အားလုံးပရိတ်သတ်အတွက်။
PG = Parental guidance suggested မိဘလမ်းညွှန်မှုလိုအပ်ကြောင်း အကြံပြုသည်။
PG-13 = Parents strongly cautioned မိဘလမ်းညွှန်မှုလိုအပ်ကြောင်း အလေးအနက် သတိပေးသည်။
R = Restricted ကန့်သတ်။
NC-17 = No one 17 and under admitted ၁၇ နှစ်နှင့် ၁၇ အောက် မည်သူမဆို (မကြည့်ရ)။

ကလေးတိုင်းက စမတ်ဖြစ်ကြတယ်လို့ ခံယူထားရမယ်။ ကလေးတိုင်းဟာ သဘာဝအားဖြင့် မွေးလာကတည်းက လောကကြီးကို သင်ယူဘို့ရာ မိခင်ဝမ်းကနေထွက်လာကြတယ်။ မိဘတွေဟာ သူတို့ရဲ့သဘာဝ ဆရာဆရာမတွေ ဖြစ်ကြတယ်။ မိဘတွေကလည်း ပါးနပ်ရမယ်။ စကားလုံးအသုံး၊ အသံအနိမ့်အမြင့်၊ ဘယ်အခါမှာ ဘာသင်ပေးရမလည်း သိတတ်ရမယ်။ မိဘလုပ်ရကာစမှာ ကိုယ်ပိုင်အတွေ့အကြုံနည်းကြသေးတော့ သားသမီးအကြီးဆုံးတွေက အသင့်တော်ဆုံးအဆုံးအမ မရတတ်ကြဘူး။

မိဘတိုင်းက သင်ယူလေ့လာဘို့လိုတယ်။ မိဘအဆုံးအမစကားတွေဟာ ပုံသေနည်းတွေမဟုတ်ပါ။ ဗျူဟာလို့ခေါ်တယ်။ လှည့်ပတ်ပြောရတယ်။ အသားလိုလို့ အရိုးတောင်းတာရှိတယ်။ ပြောင်းပြန်ပြောရတာလည်း ရှိတတ်တယ်။ အားကျအောင် ပြောရတတ်တယ်။ ခြောက်လှန့်သလိုလည်း လုပ်မှသင့်တယ်။ ကလေးတယောက် ရိုင်းရိုင်းစိုင်းစိုင်းတွေ့ရင် ဘယ်သူ့ သားသမီးလည်း အမေးခံရတတ်တယ်။

ဆုံးမစကားရဲ့ ရည်ရွယ်ချက်က မလုပ်စေချင်တာကို မလုပ်ဘို့နဲ့ လုပ်စေချင်တာကို လုပ်စေဘို့ဖြစ်တယ်။ သားအမိတွေ ဓါတ်ခွဲခန်းထဲမှာ စကားပြောနေကြတာမဟုတ်ပါ။ ကြီးလာရင် ငယ်ငယ်တုံးကအမေပြောခဲ့တာကို မုသားလို့ မမြင်ကြပါ။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး