Amphetamines ရာမဇာတ်လမ်းတပုဒ်

ဆရာရှင့် ကျွန်မနာမည့့် လို့ခေါ်ပါတယ်ရှင့်။ ရန်ကုန်မြို့ မှာနေပါသည်။ ဆရာ့ရဲ့ ဘလော့ကို အခုဖတ်ရှုခွင့် ရခြင်းဟာ ကျွန်မအတွက်တော့ မျှော်လင့်ချက်အလင်းတန်းတခုကို ရုတ်တရက်တွေ့မြင်လိုက်ရသကဲ့သို့ ခံစားရပါတယ်ရှင့်။ ဒါပေမယ့် ကျွန်မရဲ့ မိုက်မဲမိခဲ့သမျှတွေဟာ အခုအချိန်မှာ နောင်တတွေနဲ့အတူ မျက်ရည်တွေနဲ့အတူ နောက်ကျခဲ့ရပြီ။ အချိန်နှောင်းခဲ့ရပြီလား မသိတော့ပါဘူးဆရာရှင့်။ ကျွန်မဟာ အခုဆိုရင် ကိုယ်ဝန်လွယ်ထားတာ ခုနှစ်လကျော် ရှစ်လနီးပါး ရှိပါပြီရှင့်။ ဒါပေမယ့် ကျွန်မပာ မူးယစ်ဆေးရဲ့သားကောင်ဖြစ်ခဲ့ပါတယ်။ ရာမလို့ခေါ်တဲ့ စိတ်ကြွဆေးပြားများကို ကိုယ်ဝန် စလွယ်ထားစဉ်ကတည်းက နေ့စဉ်နေ့တိုင်းမဟုတ်ပေမဲ့ တစ်လလုံးလျှင် ခုနှစ်ရက်မှ ဆယ်ရက်ခန့် သုံးစွဲရှူရှိုက်မိပါသည်။ ကျွန်မရဲ့ မိုက်မဲမှု အသိပညာလေ့လာလိုက်စားမှူ ဗဟုသုတလျော့နဲမှုများကြောင့် ကိုယ်ဝန်ဆောင် ဒီလိုမူးယစ်ဆေးဝါး သုံးစွဲတာ သန္ဓေသားကို ဘာဆိုးကျိုးမှ သွားမပေးနိုင်လောက်ဘူးလို့ ထင်ခဲ့မိပါတယ်။ အတော်ဆုံးဆိုတဲ့ အိုဂျီနဲ့ အပ်ပေးထားတဲ့ တောက်လျောက်မှာလည်း မိခင်ကျန်းမာရေးရော ကလေးကျန်းမာရေး ဖွံ့ဖြိုးမှုအခြေအနေတွေပါ ဖွံဖြိုးတိုးတက် ကောင်းမွန်ခဲ့တော့ လွယ်လွယ်လေးတွေးပြီး ပေါ့ပေါ့လေးနေခဲ့မိပါတယ်ဆရာ။ သွေးတွေစစ်တော့လည်း ကိုလက်စထရော နည်းနည်းလေးများနေတာကလွဲလို့ ကျန်တဲ့ဆေးစစ်ချက်တွေအားလုံး အိုကေဆိုတော့ သတိမမူပဲ နေခဲ့မိပါတယ်။

အခုမွေးခါနီးလာတော့မှပဲ စိတ်ဖိအားတွေနဲ့အတူ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေ ပြည့်နှက်နေခဲ့ပါပြီ။ ကိုယ့်မိသားစုကိုလည်း ဒီအကြောင်းအရာဆိုးကြီးကို ချမပြချင်တော့ပါဘူးဆရာ။ ကိုယ်တိုင်လည်း ကြောက်ရွံနာကျည်းစွာနဲ့ အပြီးသတ်ရုန်းထွက်ခဲ့ပါပြီ။ ကယ်ပါဦးဆရာ့ ကျွန်မလို အဖြစ်ဆိုးမျိုးနဲ့ အမျိုးသမီးတွေ ဒီလောကထဲမှာ ဒီအသိုင်းအဝိုင်းထဲမှာ အများကြီးရှိနေပါတယ်။ အဲဒါကြောင့် ဘယ်လိုဆိုးကျိုးတွေဖြစ်မလဲ။ ဘယ်လို ကြိုတင် ပြင်ဆင်မှုမျိုးတွေ ပြင်ဆင်ထားရမလဲ။ ဆရာ့ဆေးပညာအတွေ့အကြုံကောင်းတွေနဲ့ ဖေးမပေးပါဆရာရယ်။

ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲဆိုတာကို ကျွန်မ ရင်နင့်စွာနဲ့ ဆရာ့အဖြေကို စောင့်မျော်နေပါ့မယ်။ ဒီအကြောင်းအရာ ဗဟုသုတနဲ့ပတ်သတ်ပြီး ကျွန်မတို့ တိုင်းပြည်မှာ တော်တော်လေးကို ဗဟုသုတနည်းကြသလောက် အဲလိုဖြစ်ပျက်နေတဲ့ လူတန်းစား တော်တော်များများရှိနေပြီဆိုတာ ကိုယ်တွေ့ပါဆရာ။ မျှဝေပြီး ကယ်တင်ပါဦးဆရာ။ အခုအချိန်မှာ ကျွန်မ ဘာမှမတတ်နိုင်တော့ဘူးလားဆရာ့။ ကျွန်မ ဘာလုပ်ရမလဲဆရာ့။ ကျွန်မ နောင်တတွေ အရှုံးတရားတွေနဲ့ ငိုနေရပါပြီဆရာ။ ဆရာ့ကို ရိုသေစွာကျေးဇူးတင် ဦးထိပ်ထားလျက့့်

ရာဘ (ယာဘ) လို့ခေါ်တဲ့ Amphetamines (အင်ဖက်တမင်း) မူးယစ်ဆေးကို ကိုယ်ဝန်ဆောင်မှာသုံးစွဲရင် သန္ဓေသားကို ထိခိုက်နိုင်တယ်။ FDA သတ်မှတ်ချက်အရ (စီ) အဆင့်ဖြစ်တယ်။ ဆိုလိုတာက တိရစ္ဆာန်တွေမှာ မွေးရာပါချို့ယွင်းချက် ဖြစ်တယ်။ လူတွေကိုတော့ တိတိကျကျဖြစ်မယ်လို့ ကောက်ချက်မရှိသေးပါ။ အစီရင်ခံစာတွေအရ ကိုယ်ဝန်ဆောင်မှာ ယာဘ သုံးသူတွေမှာ စောမွေးတယ်၊ ကလေးအလေးချိန်နည်းမယ်၊ ဖွံထွားမှုနည်းတယ်၊ နှလုံးချို့ယွင်းချက်ရှိတယ်၊ မွေးပြီးသွေးဆင်းတာလဲ ဖြစ်တယ်။ ဆေးကအလွန်စွဲတယ်။ ဆေးစွဲနေသူက ရုတ်တရက်ဖြတ်ရင် ဆေးဖြတ်လက္ခဏာတွေ ခံရလို့ ချက်ချင်း ဖြတ်နည်းကို သုံးလေ့မရှိပါ။

မွေးပြီးလို့ကလေးနို့တိုက်ရင်လဲ နို့ထဲကိုဆေးရောက်တယ်။ နို့စို့ကလေးကို စိတ်ကျရောဂါ၊ အအိပ်ခက်တာနဲ့ ADHD ခေါ် ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါတွေရလာစေနိုင်တယ်။ အားနည်းတာနဲ့ စိတ်တိုတာလဲဖြစ်တယ်။ အစီရင်ခံစာ တခုထဲမှာ ကလေးကိုယ်အလေးချိန်သာမက အရပ်နဲ့ ခေါင်းအတိုင်းအတာနည်းတာတွေ့ရတယ်။ လေ့လာမှုတခုမှာ (အင်ဖက်တမင်း) သုံးစွဲတဲ့ မိခင်ကမွေးတဲ့ ကလေး ၆၅ ယောက်ကို ၁၉၇၆-၇၇ အတွင်းက လုပ်ထားတယ်။ ကလေးတွေ အသက် ၁၊ ၄ နဲ့ ၈ နှစ်မှာပြန်လေ့လာတယ်။ ၁ဝ နှစ်မှာ ကောက်ချက်တွေဆွဲတယ်။ အများအားဖြင့် ပုံမှန် ဥာဏ်ရည်ရှိတယ်။ ၁ဝ နှစ်သားတွေထဲက ၁ဝ% ကတော့ အတန်းတတန်းနိမ့်တာမှာသာ စာသင်ကြရတယ်။ ၄ နှစ်သားတွေထဲက ၃၅% ဟာ ကြမ်းတမ်းစိတ်ရှိနေတယ်။ ၈ နှစ်မှာ အဲလိုဖြစ်နေတာ ၂၃% ရှိတယ်။ အသက် ၄-၈ နှစ်အတွင်းမှာ ထိန်းညှိတတ်မှု အားနည်းကြတယ်။ အရပ်ပုပြီး ပိန်ကြတယ်။

ယူအက်စ်မှာ ကိုကိန်းနဲ့ အမ်ဖက်တမင်းတွေဟာ ကိုယ်ဝန်နဲ့ဆက်စပ်ကြတာကိုအများဆုံးတွေ့ရတယ်။ မွေးလာတဲ့ ကလေးကို ကိုကိန်းဘေဘီ၊ ခရက်ဘေဘီနဲ့ စပိဘေဘီလို့ခေါ်တယ်။ အမူအယာအားနည်းခြင်းနဲ့ လေ့လာမှုအားနည်းခြင်း ၂ မျိုး ဖြစ်လာကြတယ်။ ကလေးတိုင်းမှာ အဲလိုဖြစ်လာမယ်လို့တော့ ဆိုလိုတာမဟုတ်ပါ။ ကိုယ်ဝန်အတွက်နဲ့ မွေးကင်းစ ကလေးအတွက် အန္တရာယ်တွေ ရှိနိုင်တာကိုပြောတာဖြစ်တယ်။

ဒီဆေး၂ မျိုးလုံးကနေဖြစ်လာစေနိုင်တာတွေက အတော်ကိုဆင်တူကြတယ်။ ဘာလို့လည်းဆိုတော့ ဒီမူးဟစ်ဆေးတွေမှာ ဆေးဝါးဗေဒအလိုအရ ဗဟိုအာရုံကြောစနစ်ကိုနိုးဆွစေလို့ဖြစ်တယ်။ သူတို့ကနေထွက်စေတဲ့ ဓါတ်ပေါင်းတွေကတော့ မတူကြပါ။ အဲတာတွေကနေ ဖွံ့ဖြိုးနေဆဲ အာရုံကြောစနစ်ကို သက်ရောက်ကြတယ်။ ဒုတိယအချက်ကတော့ ရင့်သန်မှု အားနည်းခြင်းနဲ့ ဖွံ့ဖြိုးမှုနှေးကွေးခြင်းကိုဖြစ်စေတယ်။ တတိယအချက်ကတော့ ကလေးမွေးပြီးနောက် ဆေးရှူတာကနေ တဆင့်ခံ ဆေးငွေ့က ကလေးဆီရောက်မယ်။ နောက်တချက်ကတော့ မိခင်ရဲ့ကိုယ်ပိုင်ထူးခြားချက်တွေဖြစ်တဲ့ အရက်၊ ဆေးလိပ်၊ ပညာရေးနဲ့ စိတ်ကျန်းမာရေးတွေ အပေါ်မှာမူတည်တယ်။ ပဉ္စမအချက်က ကလေးအပေါ်မှာ သူ့မိခင်ရဲ့ အမူအယာကနေ ဘယ်လိုသက်ရောက်သလည်းဆိုတာ ဖြစ်တယ်။ ဥပမာ ကလေးကိုလိုသလောက် ဂရုမစိုက်နိုင်တာ။

သိပ်အစိုးရိမ်မကြီးစေလိုတာလည်း ရှိပါတယ်။ အဲလိုမိခင်တိုင်းကနေ မူမမှန်ကလေးမွေးလာမယ်လို့ တိတိပပပြောမရပါ။ မွေးလာတိုင်းလည်း မူးယစ်ဆေးကြောင့်လို့ ရာနှုန်းပြည့်ပြောဘို့ဆေးပညာအရမပြောနိုင်ပါ။ တခြားစဉ်းစားရမှာတွေလည်း ရှိတယ်။ မျိုးဗီဇ၊ သဘာဝဝန်းကျင်၊ လိင်ကတဆင့်ကူးစက်ရောဂါ စတာတွေ။

မေးတဲ့သူက ကျကျနနရေးပြတာကို ဖတ်ရသူတွေက သင်္ခန်းစာယူနိုင်ကြလို့ အဲဒီကုသိုလ်ကိုပါ ခံစားနိုင်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး