Beauty Questions (1) လှချင်ရက် စက်စက်ယို (၁)

၁။ မင်္ဂလာပါဆရာ။ မှိုပိုးဝင်ပြီးမိန်းမကိုယ်ယားယံခြင်းမှာ ဆရာပြောတဲ့ဆေးတွေသုံးခဲ့လို့ သက်သာ ပျောက်ကင်းခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။ အခုလဲ ကျွန်မသမီးလေးအတွက်မေးချင်လို့ပါရှင့်။ အသက် ၉လနဲ့ ၈ရက်ပါ။ အလှူပွဲရှိလို့ ကလေးကိုပါးအို့နီချယ်ရမယ်ဆိုလို့ပါဆရာ။ ကလေးအသားအရေထိခိုက်မှာ ကြောက်လို့ မိတ်ကပ် အသုံးအဆောင် ပစ္စည်းတွေသုံးလို့ ရ၊ မရသိချင်လို့ပါဆရာ ။ ဆရာကျန်းမာ ချမ်းသာပါစေရှင့်။

၂။ ဆရာရှင့် အမျိုးသမီးတွေအတွက် တကယ်လှပကျန်းမာတဲ့ဆေးရော တကယ်ရှိပါသလားရှင့်။ ဥပမာ မင်းသမီးအများစု နာမည်ကြီးနေတဲ့ မိတ်ကပ်ထက်ထက်လိုမျိုးပေါ့။ အဲ့လိုအမျိုးသားကြီးက မိန်းကလေးရှုံးလောက်တဲ့ အသားအရေမျိုး ဖြစ်လာတာ ဘယ်လိုဟိုမုန်းဆေးကြောင့်လဲ။ အဲ့ဒါတွေကရော ဈေးကွက်မှာမရှိပဲ သူတို့ကို ခွဲစိတ်တဲ့ ဆရာဝန်တွေသာ ထုတ်တဲ့ဆေးလား ဆရာ။

တီဗွီနဲ့ရုပ်ရှင်တွေထဲမှာ မြင်မြင်သမျှဟာ သည်အတိုင်းမဟုတ်ပါ။ သူတို့အားလုံးဟာ ပြုပြင်ထားတာတွေချည်းသာ ဖြစ်ပါတယ်။ အခုစာမှာ ရေးတာတွေကို ခွဲစိတ်ဒါးမလိုပဲ အလှပြုပြင်နည်းတွေလို့ခေါ်ပါတယ်။ နည်းတွေအားလုံးက မျက်နှာအတွက် ဖြစ်တယ်။ ဟော်လိဝုဒ် အလှအပဝဘ်ဆိုက်မှာ ဒီလိုရေးထားတာပါ။

မျက်လုံးဘေးနဲ့ ပါးစပ်ဘေးတွေမှာ ဖြစ်လာတဲ့ အရေးအကြောင်းတွေ၊ Age spots အသက်ရလို့ဖြစ်ရတဲ့ အစက်အပျောက်တွေ၊ အရေပြားတွဲကျတာတွေ ဖြစ်လာတာ မြင်နေရမယ်။ နာရီတို့ ပြက္ခဒိန်တို့ကို နောက်ပြန် လှည့်လို့ လှန်လို့ရတယ်။ ဇာတာနှစ်ကို ခြစ်ပြစ်လို့မရပါ။ ဒါပေမဲ့ ခွဲစိတ်ဓါး မသုံးဘဲ နုပျိုတယ် ထင်ရအောင် လုပ်နိုင်တာတွေ ရှိပါတယ်။

နဖူးရေတွေ တွန့်နေတာကို Botox နဲ့ Dysport injections ထိုးဆေးနဲ့ လုပ်နိုင်တယ်။ ယာယီသဘောသာ ဖြစ်ပါတယ်။ ဒီဆေးတွေထဲမှာ Botulism bacteria ဗက်တီးရီးယားရဲ့ အဆိပ်ကိုသုံးထားတယ်။ နည်းနည်းလေး ထိုးပေးတာသာ ဖြစ်တယ်။ ဆေးထိုးရတာလဲ နာတယ်လို့ မဟုတ်ပါ။ ထိုးရတာလဲ သိပ်မကြာပါ။ ၃-၇ ရက်ကြာမှ ဆေးတန်ခိုး အကျိုးသိရတယ်။ အရေပြား အတွန့်တွေ အရေးအကြောင်းတွေက ပိုချောလာမယ်။ နဲနဲ ကြာလာရင်တော့ အရင်လိုဘဲ ပြန်ဖြစ်မယ်။ တောက်လျှောက် ကောင်းနေချင်ရင် ၄-၆ လ တခါတော့ ထိုးရတယ်။

ဓါတုအခွံခွါနည်းမှာ အက်စစ်ရည်ကိုသုံးတယ်။ Glycolic acid, Lactic acid, Salicylic acid, Phenol or Trichloroacetic acid TCAတွေကို သုံးတယ်။ အရေပြားအပေါ်ယံက မလိုတာတွေကို ခွါထုတ်ပေးမယ်။ ၁၅ မိနစ်သာကြာပါမယ်။ နဲနဲ အနေရခက်တာ လောက်သာ ခံရမယ်။ ရက်နဲနဲကြာတော့ အရေပြား အပေါ်ယံလွှာလေး ကွာကျသွားမယ်။ ပိုပြီးချောမွေ့တဲ့၊ ငယ်ရုပ်ဆင်တဲ့၊ အရောင်နုတဲ့ အရေပြားကို မြင်လာရမယ်။ ဆက်လုပ်ပေးနေရင် အသက်ရလို့ဖြစ်ရတဲ့ အစက်အပျောက်တွေ၊ မျက်လုံးနဲ့ ပါးစပ်ဘေးက အရေးအကြောင်းတွေ၊ ဝက်ခြံ-အမာရွတ်တွေ၊ တခြား အရေးအကြောင်းတွေကို သက်သာစေမယ်။ ပုံမှာပါတာက အပြော့စားနည်းဖြစ်တယ်။ ၂-၃ ပါတ်နေမှ သိသာမယ်။ ခပ်နက်နက်လုပ်နည်းက လုပ်ပြီးစမှာ ဖေါင်းနေတာ၊ ကွာကျတာတွေ ဖြစ်စေပေမဲ့ ရလဒ်ကို မြင်ရတာ ပိုမြန်တယ်။ အလတ်စားလဲရှိတယ်။ ၆ လ တနှစ်တခါ လုပ်နိုင်တယ်။

ဒီနည်းကလဲ အရေပြား အပေါ်ယံလွှာလေးကို ဖယ်ရှားပေးတာဘဲ။ နေလောက်တာ အတော်ခံထားရတာမျိုး လုပ်နိုင်တယ်။ သွေးနဲနဲထွက်စေနိုင်တယ်။ တပါတ်လောက်စောင့်မှ ပိုလှတာမြင်ရမယ်။ Power peel လို့လဲခေါ်တယ်။ ပုံဆောင်ခဲ သေးသေးလေးတွေသုံးတယ်။ အစဉ်းအကြောင်း သေးသေးလေးတွေ၊ ဝက်ခြံအမာရွတ် အသေးစားတွေကိုလဲ လှစေမယ်။ အရေပြား အပေါ်ယံကနေ ဖယ်ထုတ်လိုက်တာတွေကို စုပ်ယူပေးတယ်။ ချက်ချင်းတော့ နေလောင်ထိထားသလို ပန်းနုရောင် ဖြစ်နေပြီး တင်းကြပ်ကြပ်နေမယ်။ ၂၄ နာရီနေရင် ပုံမှန်ဖြစ်လာမယ်။ ၂-၃ လတခါ ၁ဝ ခါအထိ လုပ်ကြတာလဲ ရှိတယ်။

• အပူလှိုင်းနည်း
အရေပြားတွဲကျနေရင် ဒီနည်းသုံးနိုင်တယ်။ ကရိယာနဲ့ ရေဒီယိုလှိုင်းကို သုံးတယ်။ အပူဓါတ်ကြောင့် ကိုလာဂျင်ပိုထွက်လာစေပြီး အရေပြား တင်းလာမယ်။ နဲနဲနာတာတော့ ခံရမယ် ရလဒ် ကောင်းတယ်။ မျက်ခွံကျနေတာကို အပူလှိုင်းနဲ့ကုပေးထားတယ်။ ချက်ချင်း တိုးတက်လာတယ်။ ၄-၆ လ စောင့်မှ ကောင်းကောင်း သိသာတယ်။

• Fraxel လေဆာနည်း။ အရေပြားရဲ့ အပေါ်ယံလွှာကို မထိခိုက်စေဘဲ အောက်နားကို သက်ရောက်စေမယ်။ Collagen ကိုလာဂျင်ပိုထွက်လာစေအောင် လုပ်ပေးမယ်။ အရေးအကြောင်းတွေ သက်သာမယ်။ အရေပြား တင်းမာလာစေမယ်။ နဲနဲတော့ နာမယ်။ ထုံဆေးသုံးတယ်။ အရေပြား တင်းအားနဲ့ ထိကိုင်ရတာ ကောင်းစေဘို့ရာအတွက် သုံးတယ်။ အလုပ်မပျက်ဘူး။ လတွေခြာပြီး ၄-၅ ခါလုပ်ပါ။ ကိုယ်ဝန်ဆောင်ရင် ဖြစ်တတ်တဲ့ တင်းတိတ်ကို ဒီနည်းနဲ့လုပ်တာ ကောင်းတယ်။

• Diode Laser ဒိုင်အုတ်လေဆာနည်း
သိပ်ဆိုးတဲ့ ဝက်ခြံပေါက်ရင် ဒိုင်အုတ်-လေဆာနည်း နဲ့ ကုနိုင်တယ်။ အဆီထွက်ပေးတဲ့ ဆဲလ်တွေကို ဖျက်ဆီးပေးတယ်။ Fraxel လေဆာနည်းလိုဘဲ အရေပြားရဲ့ အပေါ်ယံလွှာကို မထိခိုက်စေဘဲ အောက်နားကို သက်ရောက်စေမယ်။ ခဏတော့ နီပြီး နဲနဲရောင်နေအုံးမယ်။ မကြာမကြာ လုပ်ပေးရတယ်။ သိသိသာသာ ကောင်းလာတာ တွေ့မှာပါ။

လေဆာနည်းတွေလိုဘဲ အရေပြားရဲ့ အပေါ်ယံလွှာကို မထိခိုက်စေဘဲ အောက်နား Dermis ဒါးမစ်စ်လွှာကို သက်ရောက်စေမယ်။ အလင်းရောင်-လှိုင်းတိုကို သုံးတယ်။ မလိုတဲ့ ဆဲလ်တွေကို အပူပေးပြီးဖျက်ဆီးပေးတယ်။ အသစ်ပေါက်လာစေမယ်။ လေဆာနဲ့မတူတာက အရေပြား မကောင်းနေတာ တမျိုးမကအတွက် သုံးနိုင်တယ်။ နာတာလဲ နည်းတယ်။

Rosacea မျက်နှာနီမြန်းနေတာကို သက်သာစေမယ်။ မျက်ဝန်းဘေးက သွေးကြောလေးတွေကနေ ဖြစ်စေတဲ့ အရောင်နု အဝိုင်းတွေကိုလဲ လုပ်ပေးနိုင်တယ်။ ထပ်ထပ်လုပ်ရတယ်။ Pigmentation အရောင်ရင့်နေတာ၊ အသက်ရလို့ ဖြစ်ရတဲ့ အစက်အပျောက်တွေကိုလဲ လုပ်နိုင်တယ်။ ကိုလာဂျင်ကို ထုတ်လာအောင် လုပ်ပေးတာမို့ အရေးအကြောင်းတွေလဲ သက်သာစေမယ်။ မျက်နှာ အရေးအကြောင်းတွေ၊ အတွန့်တွေကို သက်သာအောင် လုပ်ပေးတယ်။ ဒါတွေအောက်က တစ်ရှူးတွေကို များစေအာင်လုပ်တာ ဖြည့်ပေးတာဖြစ်တယ်။ ဖြစ်တဲ့နေရာက် အေသအခြာ ထိုးပေရတယ်။ Collagen ကိုလာဂျင်ကို ထိုးတာပါ။ နောက်ပြီး Hyaluronic acid, Calcium hydroxyapatite, Poly-L-lactic acid, Polymethylmethacrylate beads တွေကိုလဲသုံးတယ်။ ဗိုက်တို့ ပေါင်တို့က ကိုယ့်အဆီကိုယူပြီး ထိုးပေးနည်းလဲ လုပ်သေးတယ်။

အနည်းဆုံး ၉ လ အထိခံတယ်။ Collagen injections ထိုးရင် ၃-၇ လ တခါလုပ်သင့်တယ်။ Fat cells ထိုးတာက တခါထဲနဲ့ပြီးနိုင်တယ်။ Polymethylmethacrylate နဲ့ PMMA တွေထိုးရင်လဲ ရာသက်ပန် ကောင်းစေနိုင်တယ်။

ခုခေတ်မှာ ဖြည့်ပေးနည်းက ပိုပြီး ရှုတ်ထွေးတာကို သုံးနိုင်လာတယ်။ Fine lines အရေးအကြောင်းတွေ အတွန့်တွေကို သက်သာစေတယ်။ ပုံမှာ ပါးခွက်နေတဲ့ အမျိုးသမီးတဦးကို ဖြည့်ပေးနည်းနဲ့ ပိုလှလာအောင် လုပ်ပေးထားတယ်။ ပင်ပန်းနွမ်းနယ်နေသလို ထင်ရစေတဲ့ မျက်လုံးဘေးက အနက်ဝိုင်းဖြစ်နေတာကို ဖြည့်ပေးနည်းနဲ့ ဖယ်ရှားပေးထားတယ်။

ဆေးကုနည်းမှန်သမျှ ခြောက်ပြစ်ကင်းဆိုတာ မရှိပါ။ အနည်းနဲ့အများ သတိထားစရာတွေ ရှိပါတယ်။ ကံမသင့်သူတွေက ဆေးမတည့်တာ အလာဂျီဖြစ်စေနိုင်တယ်။ Chemical peels နဲ့ Microdermabrasion နည်းတွေက အမာရွတ် ထင်နေနိုင်တယ်။ အကျိုးနဲ့ အပြစ်တွေ ချင့်ချိန်ပါ။ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ။ အကောင်းတကာ့ အကောင်းဆုံးနည်းကို ရွေးပါ။ ပိုလှကြပါစေ။

ဒီစာမှာ အမေရိကအလှဗေဒကိုကိုးကားထားတယ်။ မြန်မာပြည်ကလှချင်သူတွေကို အကြံပေးပါရစေ။ အသက် ၁၆ နှစ် အောက် ဘာအလှအပအသုံးအဆောင်မှ မလိုအပ်ပါ။ နှစ်ပေါင်းရာထောင် သက်သေခံပြီးဖြစ်တဲ့ သနပ်ခါးအစစ် (အတုံး-အခဲ-အမှုံ့-အရည် မဟုတ်) သာ သင့်ပါမယ်။ လူ့ဘာဝအခြေခံမတူကြပါ။ တယောက်မှာ အဆင်ပြေလို့ ကိုယ့်မှာ အဆင်းမပြေတာ ရှိတတ်တယ်။ မျက်နှာလိုနေရာ တခုခုဖြစ်သွားရင် တခြားနေရာတွေထက် စိုးရိမ်ရတယ်။ နေလောင်ခံတာ၊ ယားယံတာ၊ ခြောက်သွေ့တာတွေအတွက် လူအများသုံး နှစ်ရှည်လများ သက်သေခံပြီးသားကိုသာ ရွေးသင့်တယ်။ ကြော်ငြာကောင်းတိုင်းမယုံသင့်။ နာမည်ကြီးဆိုတိုင်း မယုံပါနဲ့။ မြန်မာပြည်မှာ လူနှစ်ယောက်လောက်က ပြောရင် နာမည်ကြီးလို့ပြောပြီး မေးနေကြတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး