Father’s Day အဖေနေ့ သို့မဟုတ် အဖေပြောတာမှန်တယ်

၂ဝ-၆-၂ဝ၁၅ နေ့ညမှာ ဖရင်းတယောက်ဆီက Happy father's day to you မက်ဆေ့ခ်ျဝင်လာတယ်။ ကိုယ့်ရေးထားခဲ့တဲ့ ဇွန်လအကြောင်းကို ပြန်ဖွင့်တော့ အဖေနေ့ကို ယူအက်စ်၊ ယူကေ၊ မက်ဆီကို၊ ဗယ်နီဇွဲလား၊ နယ်သာလန်၊ အိုင်ယာလန်၊ ကနေဒါနိုင်ငံတွေမှာ ကျင်းပကြတယ်လို့ သိရတယ်။ ယူအက်စ်အေမှာ ဇွန်လ တတိယတနင်္ဂနွေနေ့မှာ ကျင်းပလို့ ၂ဝ၁၅ တုန်းက ၂၁ ရက်၊ ၂ဝ၁၆ မှာ ၁၉ ရက်၊ ဒီနှစ် ၂ဝ၁၇ မှာ ၁၈ ရက်နဲ့ နောက်နှစ် ၂ဝ၁၈ မှာ ၁၇ ရက်နေ့တွေမှာဖြစ်ပါတယ်။

ကျွန်တော် ကိုယ့်အဖေကို ပြန်အမှတ်ရတယ်။ ကျွန်တော့်ဖခင် ဦးဘချိုဟာ မုံရွာမြို့မှာ ၂ဝဝ၃ ခုနှစ် စက်တင်္ဘာလ ၂၈ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ အမေက အရင်ဆုံးတယ်။ အမေဆုံးတာကို လေးလလောက်နေမှသာ သိခွင့်ရခဲ့တယ်။ အဖေဆုံးတဲ့သတင်းကို ညတွင်းချင်းသိပါတယ်။ မုံရွာနဲ့ မန္တလေးမှာရှိတဲ့ အမျိုးတွေကနေ ယူအက်စ်အေရောက်နေတဲ့ တူတယောက်ဆီကို သတင်းပို့။ တူတော်မောင်ကနေ နယူးဒေလီမှာနေတဲ့ ကျွန်တော့်ဆီ သတင်းပို့လို့သိရတာပါ။

ပြည်တွင်းနေ မိဘဆွေမျိုးတွေ ကွယ်လွန်တာကို သိခွင့်ရတာ ကြာခြင်း မြန်ခြင်းဟာ စစ်အစိုးရကနေ လူထုအပေါ် ခြည်တုပ်ထားတဲ့ သံကြိုးကွင်း အတင်းအလျှော့အပေါ်မှာ မူတည်တယ်လို့ ကောက်ချက်ချလို့ရတယ်။

ကျွန်တော့်အဖေက ကျွန်တော်နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင်လုပ်တာကို သဘောမကျပါ။ ကျွန်တော် ၁၉၉ဝ ရွေးကောက်ပွဲမှာ အရွေးခံရအပြီးနောက် ဂန္ဓီခန်းမအစည်းအဝေးပြီးကတည်းက အိမ်မှာနေရတယ်မရှိပါ။ နိုင်ငံရေးတွေထွက်ရတယ်။ အဲဒီနှစ် သြဂုတ်လလောက်တည်းက ခြေရာဖျောက်ခရီးတွေ ထွက်ရတော့တယ်။ မုံရွာရောက်ရင်လည်း အမေအဖေအိမ်မှာ  တည်းချင်မှသာ တည်းခိုပါတယ်။ မချစ်တော့လို့ မဟုတ်။ စစ်ထောက်လှမ်းရေးအလုပ်ကို သိနေလို့ပါ။

၁၉၉ဝ နိုဝင်္ဘာလထဲ မုံရွာမှာ နောက်ဆုံးညအိပ်တော့ မိဘအိမ်မှာ မအိပ်နိုင်ပါ။ အဲဒီကတည်းက အဖေ၊ အမေတို့နဲ့ မတွေ့ရတော့တာပါပဲ။ မိတ်ဆွေတယောက်အိမ်မှာအိပ်ပြီး မနက်လင်းတာနဲ့ ပုလဲကိုပြန်ပါတယ်။ ပြန်ရောက်တဲ့ည ရုပ်မြင်သံကြားသတင်းလာချိန်မှာ ကျွန်တော့်ထုံးစံအတိုင်း ညစာစားနေပါတယ်။ စားလို့မှမပြီးခင်မှာ ထောက်လှမ်းရေးနဲ့ ရပ်ရွာလူကြီးတွေနဲ့ ရဲတွေ ကျွန်တော့်ကိုလာဝိုင်းထားပြီးဖမ်းကြပါတယ်။ လွတ်အောင်ရှောင်နိုင်ခဲ့လို့ အခုချိန်အထိ အသက်ရှင်ပါတယ်။

ကျွန်တော်လို အဖေ့စကားနားမထောင်နိုင်ခဲ့ကြပဲ နိုင်ငံရေးလုပ်ကြရသူတွေ အများကြီးရှိမှာပါ။ ကိုယ့်အဖေကျေးဇူး မမေ့ကြစေလိုပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၆-၂ဝ၁၅
၅-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး