TB Medicines Side Effects တီဘီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ

၁။ Moo Myin မန္တလေးပြည်သူ့ဆေးရုံကြီးက သမားတော့့် ကတော့ အသက် ၈၇ နှစ် အဘကြီးကို akurit တီဘီဆေး ၃ လုံးကိုတိုက်လိုက်တာ ချက်ချင်းသတိလစ်ပြီး သေပါရောဆရာရေ။ ဒီဆရာဝန်ကို တရားစွဲလို့ရပါသလား သိချင်ပါတယ်။

၂။ U Nan Dia Moo Myin ‌ပြောတဲ့ တီဘီ‌ဆေးကအဲသလိုမျိုး ချက်ချင်းသတိလစ်‌‌သေဆုံးတတ်ပါသလား။ တခြား အ‌ကြောင်း‌တွေ‌ရော ဖြစ်နိုင်သလား။

၃။ Khine Myai ကျနော့အဖေတုန်းက ၂ဝဝ၉-၂ဝ၁၁့ က သမားတော် ဒေါက်တာ့ နဲ့ပြတာ အဲဒီမှာ ကျနော့အဖေက TB ဆေး ၂ ကြိမ်လောက်သောက်ဖူးတယ်။ ဓါတ်မှန်ထဲမှာတော့ အမာရွတ်တွေ့တယ်။ သလိပ်ထဲမှာတော့ negative ပြနေတယ်။ သလိပ်ကလည်း negative ပဲ။ မှတ်မိသလောက်တော့ အမြန်စစ်တာ၂၄ နာရီအတွင်း အဖြေသိရတာ။ အဲဒါကို ကောင်းမွန်အထူးကုဆေးရုတက်ပြီး TB ဆေးကျွေးတယ်။ Streptomycin ထိုးဆေးက ၂ လ ထိုးရတယ်။ ဆေးစထိုးခါစမို့ ၄ ရက်လောက်စောင့်ကြည့်ခိုင်းတဲ့သဘောနဲ့တက်ခိုင်းတာ။ စားဆေး ကတော့ ၈ လ စားရတယ်။ အဲဒီလိုစားပြီး လူကတော့ပိန်လာတယ်။ အစားကလည်း တပတ်ကို အမဲသား ၂၅ သားလောက် စားတယ်။ ဆေးကုန်တော့လည်း သွားပြတာပဲ သမားတော်ဆီကို။ ဒါပေမဲ့ လူကတော့လုံးပါးပါးပြီး တအားပိန်ကျသွားပြီး ၂ဝ၁၂ တစ်လပိုင်းအကုန်လောက်မှာ ဆုံးသွားပါတယ်ဆရာ။ TB ဆေးစကြွေးမည့်အပတ်တုန်းကတော့ သွားပြခါနီး ၄ ရက် လောက်အလိုမှာ အဖေအသက်ရှုကြပ်ပါတယ်။ အဲဒီလိုကြပ်လို့ ဆေးကြွေးလိုက်တာလား။ သူပြောတာကတော့ အဆုပ်တခြမ်း မကောင်းတော့ဘူးဆိုပြီး သူနောက်ကလိုက်လာတဲ့ ဆေးကျောင်းဆင်းခါစ ဆရာဝန်ပေါက်စတွေကို ပြောတယ်။ ကျနော်အထင်တော့ အဖေဟာ TB ရှိမရှိတော့သေခြာမသိရပေမယ့် TB ဆေးစားပြီး အဲဒီဆေးရဲ့ side effect တွေကြောင့် ပိန်ပြီးသေရတာလို့ထင်ပါတယ်။ ဆရာရဲ့အမြင်နဲ့ ရှင်းပြပေးစေချင်ပါတယ်။ ခုဖြစ်နေတဲ့သူတွေကိုလည်း သတိထားမိအောင်လို့ပါ။ ကျနော့အဖေဟာဆုံးတဲ့အချိန်မှာ အသက် ၆၄ နှစ်ပါ။

၎။ Hi sayar
TB ဆေးသောက်ပြီး အသားတွေညိုလာလို့ပါ။ ပြန်ဖြူအောင် ဘယ်လိုလုပ်ရမလဲ သိပါရစေရှင်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။

တီဘီဆေးတွေမှာ တခြားဆေးတွေလိုပါပဲ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ နောက်တခုက MDR TB ဆေးယဉ်တီဘီ ဖြစ်တယ်။ အဲတာလည်း စာသပ်သပ်ရေးထားပါတယ်။ နောက်တချက်က ရုတ်တရက် သေဆုံးရတာမှာ သေဆုံးရခြင်း အကြောင်းရင်းကို စစ်ဆေးတာမလုပ်ပဲတော့ မှန်းပြောတာတွေက မှန်ချင်မှမှန်ပါမယ်။ မှန်တာလည်းရှိချင်ရှိမှာပေါ့။ သေချာတာတခုက တီဘီဆေးတွေကနေ (ရှော့ခ်) ခေါ်တဲ့ (အနာဖလက်တစ် ရှော့ခ်) မရပါ။ အဲလိုရစေတဲ့ဆေးထဲမှာ တီဘီထိုးဆေး Streptomycin ပါတယ်။ Penicillin ထိုးဆေးလိုဖြစ်တတ်တယ်။ တခါထိုးတာနဲ့ ဖြစ်တယ်။ အရေးပေါ် ဆေးကုသမှသာ အသက်ရှင်တယ်။ တခါထိုးလို့ အဲလိုမဖြစ်သူတွေမှာ နောက်ထိုးရင်မဖြစ်ပါ။ တီဘီကနေဆက်ဖြစ်တဲ့ အဆုပ်မကောင်းတာကနေလည်း အသက်ဆုံးပါးနိုင်ပါတယ်။

တီဘီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ
• အစာစားချင်စိတ်နည်းမယ်၊
• ပျို့မယ်၊ အန်မယ်၊
• ကိုယ်ပူမယ်၊ (၃ ရက်မကဖျားနိုင်တယ်)
• ဗိုက်အောင့်မယ်၊
• လက်ချောင်း-ခြေချောင်းတွေ နဲ့ ပါးစပ်နေရာတဝှိုက်မှာ ကျင်မယ်၊ ထုံမယ်၊
• အရေပြားမှာ အနီစက်တွေပေါ်မယ်၊
• သွေးထွက်လွယ်မယ်၊
• အဆစ်တွေနာမယ်၊
• ခေါင်းမူးမယ်၊
• မျက်စိကြည့်ရတာ မကောင်းဖြစ်မယ်၊
• နားထဲ အသံတွေမြည်နေမယ်၊ နားအကြားမကောင်းဖြစ်လာမယ်။
• ဆီး၊ တံတွေး နဲ့ မျက်ရည်တွေ ဝါမယ်။ ကိုယ်အတွင်းထဲက အရည်တွေလဲ ဝါနေမယ်၊
• နေရာင်ဒဏ်ကို မခံနိုင်ဖြစ်မယ်၊ Sunscreen သုံးပါ။
• Rifampin ဆေးနဲ့ ကိုယ်ဝန်တားဆေး တွဲသောက်ရင် ဒါမှမဟုတ် ကိုယ်ဝန်တား-အရေပြားအောက် ထားရတဲ့ဆေးချောင်း သုံးရင် ကိုယ်ဝန်တားစေတဲ့အစွမ်း နည်းစေမယ်။
• Rifampin ဆေးနဲ့ Methadone ဆေး တွဲသောက်ရင် ဆေးဖြတ်လက္ခဏာတွေ ပိုများစေတယ်။
• TB ဆေးသောက်နေရင် အရက်မသောက်ရပါ။

Streptomycin, Ethambutol, Pyrazinamide, Rifampin နဲ့ Isoniazid (INH) ဆေးတွေကို အများဆုံးသုံးတယ်။
• Streptomycin ထိုးဆေးက Ototoxicity နားကိုထိခိုက်စေနိုင်တယ်။ အသက်ကြီးသူတွေနဲ့ ကျောက်ကပ် သိပ်မကောင်းရင် သိတာမယ်။ နားထဲမှာ အသံတဝီဝီ မြည်နေမယ်။ ဆီးနည်းမယ်။ ဆီးထဲမှာ အနယ်ပါတတ်တယ်။ အရေပြား အနီစက်တွေ ထွက်နိုင်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။
• Ethambutol ကနေ မျက်စိကို ဒုက္ခပေးနိုင်တယ်။ Optic neuritis ခေါ်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။ အဖျားပိုင်းနေတဲ့ အာရုံကြောတွေထိခိုက်လို့ ထုံတာ-ကျင်တာဖြစ်မယ်။
• Pyrazinamide ကနေလဲ အသည်းကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ အဆစ်နဲ့ ကြွက်သားတွေနာမယ်။ ဆိုးလှတာတော့ မဟုတ်ပါ။ ဂေါက်ရောဂါ ရှိရင်တော့ ပိုဆိုးနိုင်တယ်။
• Rifampin ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။
• Isoniazid ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။

World TB Day Graphics 2014 ကမ္ဘာ့တီဘီနေ့ ၂ဝ၁၄ တုံးက ယူအက်စ် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေး (CDC) ရဲ့ဝဘ်ဆိုက်မှာတင်ထားတဲ့ စာရင်းဇယားတွေထဲက တီဘီကုသရာမှာ ဆိုးတဲ့ဘေးထွက်ဆိုးကျိုးများကို ထုတ်နုတ် တင်ပြပါမယ်။
• စိတ်ကျခြင်း-စိတ်ရောဂါရခြင်း = ၁၉%
• နားအကြားထိခိုက်ခြင်း = ၁၃%
• အသည်းရောင်ခြင်း = ၁၃%
• ကျောက်ကပ်အလုပ်ထိခိုက်ခြင်း = ၁၁%
• လှုတ်ရှားမှုမလုပ်နိုင်ခြင်း = ၈%
• အမြင်အားနည်းခြင်း = ၇%
• တက်ခြင်း = ၁%

တီဘီဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာသောက်တာ စိတ်ချရပါတယ်။ တီဘီဆေးတွေသောက်နေသူတိုင်း ဗီတာမင် ဘီ အုပ်စုလိုတယ်။ ဘီ-၆ မပါလို့မရပါ။ အစားအသောက် လုံလောက်-မျှတအောင်စားရမယ်။ လေသန့်တာကောင်းတယ်။ ကိုယ်လက်လှုတ်ရှားမှုကောင်းတယ်။ ဆေးလိပ်ဖြတ်ရမယ်။ သက်သာလာတဲ့ ကိုယ်အလေးချိန်တက်လာမယ်။

အရေးအကြီးဆုံးအချက်ကိုပြောပါမယ်။ ဆေးဝါးဗေဒအရသာ စုံစေ့အောင်ရေးရတာပါ။ ဘေးထွက်ဆိုးကျိုးတွေရှိပေမဲ့ တီဘီဆေးတွေကို စနစ်တကျသောက်ရပါမယ်။ ပျောက်ပါတယ်။ ဆေးသောက်တာမမှန်လို့၊ ဆေးအဆနည်းလို့၊ ဆေးသောက်ရက်မကုန်လို့ ဖြစ်နိုင်တဲ့ ဆေးယဉ်တီဘီဖြစ်သွားရင် အတော်ကြီးကိုခက်ပါလိမ့်မယ်။

ကျွန်တော့် မျက်မြင်သုတေသနအရ တီဘီဆေးသောက်နေသူ တနေ့တခြား ဝဖြိုးလာပြီး၊ အသားညိုလာတယ်။ အဲတာ ကောင်းတဲ့အလားအလာဖြစ်တယ်။ ဆေးပတ်လည်ပြီး ဆေးဖြတ်လို့ရတာနဲ့ အသားအရေ အရင်လိုပဲ စိုပြေလာပါတယ်။

Hi sayar လို့ရေးတာတော့ စဉ်းစားစေချင်တယ်။ ဖေ့စ်ဘွတ်ပေါ်မှာ လူတိုင်းဟာ ကိုယ်နဲ့ ရွယ်တူတွေမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး