Thyroid Cancer သိုင်းရွိုက်ကင်ဆာ

၁။ သိုင်းရိုက်ကင်ဆာဖြစ်ထားတဲ့ အမရဲ့ ဆေးအဖြေတွေပါ။ အခုနူကလီးယားဆေးစားထားပါတယ်။ ၃ စက်သောက်ရတယ်။ အဖြေရလဒ်ကိုတော့ ဆေးရုံကဖြေမပေးပါဘူး။ စကန်ဖတ်တာ အဖြေကောင်းလားသိချင်ပါတယ်။ ပထမပုံ ၃ ပုံကဆေးစားပြီး ၃ ရက်မြောက်မှာရိုက်ထားတဲ့ပုံပါ။ နောက် ၄ ပုံက ဆေးမစားခင်ကပုံပါ။ ဖြေကြားပေးပါ။ နူကလီးယားနဲ့ ပါတ်သတ်တဲ့ ဆောင်ရန်ရှောင်ရန်လေးလဲ သိချင်ပါတယ်။ ဘလော့မှာဝင်ဖတ်တာ စာတွေလိမ်နေလို့ပါ။ ကျေးဇူးတင်ပါတယ်။

အသက် မသိ။ မေးနည်းစည်းကမ်းပို့လိုက်။

တောင်းပန်ပါတယ်။ သမီးအမ အသက်က ၃၈၊ ကလေးနှစ်ယောက်အမေပါ။ သိုင်းရိုက်နှစ်ခုလုံး ထုတ်ထားပါတယ်။ အဖြေက ကင်ဆာပါ။ အခုနူကလီးယားဆေးစားထားပါတယ်။ ဆောင်ရန်ရှောင်ရန်လေးသိချင်ပါတယ်။  ၃ လလောက် ကလေးနဲ့မတွေ့ရဘူး ပြောပါတယ်။ ၃ လလောက်ခွဲနေပြီးရင် သူနေတဲ့အိမ်မှာ မိသားစုတွေပြန်နေလို့ရလား ကလေးအတွက် အန္တရာယ်ရှိနိုင်သေးလားသိချင်ပါတယ်။

၂။ ကျမအသက် ၄၄ နှစ်ပါ။ လက်ရှိအိမ်ထောင်နှင့် သားသမီးနှစ်ယောက်ရှိပါတယ်။ ရာသီသွေးလည်း မဆုံးသေးပါ။ လည်ပင်းမှာ အကျိတ်ထွက်လို့ ခွဲစိတ်မှုနှစ်ကြိမ်ခံယူပြီးပါပြီ။ အခုအဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေဌာန ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူနေပါတယ်။ မနက်စော Thyrox ဆေးတလုံး အစာနဲ့ တနာရီခြားပြီး သောက်ရပါတယ်။ လိုအပ်တဲ့ဆေးစစ်ချက်တွေနဲ့ Thyroid Scan ရိုက်ရပါတယ်။ အဖြေက Functioning remnant thyroid tissue in right lobe ဆိုပြီးဖြစ်ပါတယ်။ မသိလို့မေးပါရစေဆရာ right ဘက်မှာ အကျိတ်ဖြစ်စေတဲ့ ကင်ဆာဆဲလ်တွေ ကျန်သေးတာလားရှင်။ thyroid နှစ်ဖက်လုံးထုတ်ထားတာလည်း ကင်ဆာဖြစ်နိုင်ခြေ ရှိသေးပါသလားရှင်။ ရောင်ခြည်ဆေးသောက်ရတဲ့ပမာဏက Iodide 131(15)m Ci THERAPV No.(7/15) ဖြစ်ပါတယ်ရှင်။ တသက်လုံးကတော့ Thyrox ဆေးကတော့နေ့စဉ်သောက်ရမယ်လို့ပြောပါတယ်။ အခုထပ်ပြီး သွေးစစ်ရထာတဲ့အဖြေက Normal serum T3, T4, and THS levels. Euthyroid ဖြစ်ပါတယ်။ နောက်ခြောက်လကြာရင် သွေးတမျိုး ထပ်စစ်မယ်ပြောပါတယ်။ လည်ပင်းကို မကြာခဏစမ်းပေးပါ အကျိတ်တွေ့ရင် ပြန်လာပါလို့ ပြောပါတယ်။ ကျမရဲ့ ဆေးစစ်ချက်အဖြေများနှင့် ရောဂါအခြေအနေနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။

သိုင်းရွိုက်ကင်ဆာ ခေါ် လည်ပင်းကြီးအကျိတ်ကင်ဆာဆိုတာ အသက်၊ ကျား-မနဲ့ ဓါတ်ရောင်ခြည်သင့်တာတွေနဲ့ ဆက်စပ်နေတယ်။ Medullary thyroid cancer အမျိုးအစားကတော့ မိဘဆီကနေရတဲ့ မျိုးဗီဇပြောင်းလို့ဖြစ်ရတယ်။

အမျိုးအစား (၄) မျိုးရှိတယ်။
၁။ Papillary thyroid cancer ပက်ပီလာရီအများဆုံးဖြစ်တယ်။
၂။ Follicular thyroid cancer ဖေါ်လီကူလာ၊
၃။ Medullary thyroid cancer မဒါလာရီနဲ့
၎။ Anaplastic thyroid cancer အနာပလပ်စတစ်။

အသက် ၂၅ နဲ့ ၆၅ ကြားအဖြစ်များတယ်။ အမျိုးသမီးအဖြစ်များတယ်။ ရိုးရိုးလည်ပင်းကြီးကနေ ကင်ဆာ ပြောင်းတာတာလည်း ရှိတတ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တတ်တယ်။ အာရှတိုက်မှာ ပိုဖြစ်တယ်။

လည်ပင်းမှာ မြင်လို့ စမ်းလို့ရတဲ့အကျိတ်ကနေစတယ်။ အသက်ရှူရခက်တတ်တယ်။ မျိုချရတာခက်တတ်တယ်။ အသံသြလာတတ်တယ်။

• Laryngoscopy ကရိယာနဲ့စစ်ဆေးရတယ်။
• Blood hormone studies သွေးထဲကဟော်မုန်းစစ်ဆေးရတယ်။ များနေနိုင်သလို နည်းနေနိုင်သေးတယ်။
• Calcium ကယ်လ်စီယမ် နည်းတာ များတာရှိနေနိုင်တယ်။
• Ultrasound exam အာလ်ထွာဆောင်းရိုက်မယ်။
• CT scan (CAT scan) ရိုကမယ်။
• Fine-needle aspiration biopsy အပ်နဲ့စုပ်ယူပြီး အသားစထုတ်ယူစစ်ဆေးမယ်။
• Surgical biopsy ခွဲပြီး အသားစထုတ်ယူစစ်ဆေးမယ်။
• Chest x-ray ရင်ပတ်ဓါတ်မှန်ရိုက်မယ်။

အနားရှိတစ်ရှူးတွေဆီ၊ သွေးကနေတခြားနေရာတွေနဲ့ သွေးပြန်ရည်ကနေတဆင့် ဘေးကိုပြန့်တယ်။ အဆင့်တွေ ခွဲထားတယ်။ ဆရာဝန်တွေသာလိုမှာမို့ မရေးတော့ပါ။

ကုသနည်း အမျိုးမျိုးရှိတယ်။
၁။ Surgery ခွဲစိတ်နည်း
၂။ Radiation therapy ဓါတ်ရောင်ခြည်ပေးနည်း
၃။ Radioactive iodine therapy အနုမြူဆေးပေးနည်း၊
၎။ Chemotherapy ကင်ဆာဆေးပေးနည်း
၅။ Thyroid hormone therapy ဟော်မုန်းပေးနည်း
၆။ Targeted therapy ပြစ်မှတ်ထားကုသနည်း

Surgery ခွဲစိတ်နည်းကို အများဆုံးလုပ်ရတယ်။ Lobectomy, Near-total thyroidectomy, Total thyroidectomy နဲ့ Lymphadenectomy နည်းတွေလုပ်နိုင်တယ်။

Targeted therapy ပြစ်မှတ်ထားကုသနည်းမှာ Tyrosine kinase inhibitor ဆေးကိုသုံးတယ်။ Vandetanib နဲ့ Sorafenib ဆေးတွေဖြစ်တယ်။

Nuclear Medicine အနုမြူဆေးပညာ http://doctortintswe.blogspot.com/2014/12/nuclear-medicine.html ကို သပ်သပ်ရေးထားပါတယ်။ အဲတာမှာ ဆောင်ရန်ရှောင်ရန်တွေ တိတိကျကျပါတယ်။ စနစ်တကျ ကုသဘို့ကလွဲရင် ဆောင်စရာ ရှောင်စရာမရှိပါ။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၅
၁၂-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး