Too posh to push ဗိုက်ခွဲမွေးတာ တကယ်လိုသလား

မေးချင်တာလေး မေးပါရစေ။ အခုခေတ် O G တိုင်းဟာ ရိုးရိုးမွေးမပေးချင်ကြဘူး။ အဲဒါ ဘာလို့လဲ။ ခွဲစိတ်ခ လိုချင်လို့လား။ ဒါမှမဟုတ် အချိန်ကုန်မခံချင်တာလား။ သူတို့မှာ စေတနာဆိုတာမရှိပဲ အသပြာနောက်ကိုပဲ လိုက်နေကြတာလား သိချင်တယ်။ နိုင်ငံခြားမှာက လိုအပ်မှပဲခွဲတယ်။ မြန်မာနိုင်ငံမှာက OG တိုင်းကခွဲတယ်။

ကျွန်တော် OG မဟုတ်ပါ။ စေတနာဆိုတာ စိတ္တဇနာမ်ဖြစ်လို့ ဆုပ်ကိုင်ပြလို့မရတာမို့ ရှိ-မရှိ ပြောဘို့ ခက်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း ခွဲမွေးဘို့ကို လိုတာထက်ပိုလုပ်နေကြတယ်။

ဗြိတိန်မှာ အစိုးရကနေ အမျိုးသမီးတွေကို ကျန်းမာရေး အခမဲ့လုပ်ပေးပါတယ်။ အပြောင်းအလဲတချို့လုပ်လိုက်တာမို့ ကလေးကို ဗိုက်ခွဲပြီးမွေးကြတာ ပိုများလာစရာအကြောင်း ရှိနေတယ်လို့ ၄-၁၁-၂ဝ၁၁ ကလာတဲ့သတင်းအရသိရတယ်။ လောလောဆယ်မှာတော့ ပြင်ပဆေးခန်းတွေမှာ ဗိုက်ခွဲမွေးဘို့ ပိုက်ဆံမတတ်နိုင်ရင်တော့ ရက်ရွေးဗိုက်ခွဲမွေးပေးတာမျိုး လုပ်ပေးပါတယ်။ ဒါကလဲ တကယ်ဘဲ ခွဲမွေးမှဖြစ်မယ်ဆိုတာ သေခြာမှလုပ်ပေးပါတယ်။ အရေးပေါ် မခွဲမဖြစ်ခွဲ မွေးတာတော့ ရှိပါတယ်။

ကလေး ၂ ယောက်ကို မခွဲမဖြစ်လို့ ဗိုက်ခွဲမွေးထားရတဲ့ မိခင် Pauline Hull ကပြောတာက အမျိုးသမီးတယောက်အတွက် မိခင်ဘဝကို ဘယ်တော့ကူးပြောင်းတော့မယ်ဆိုတဲ့ အချိန်မွေးခွန်းဖြစ်ပါတယ်။ ကျမအတွက်ကတော့ မွေးဖွါးရတဲ့ ဒုက္ခ ဆိုတာထက် ကျမကလေးကို မြင်ချင်တဲ့စိတ်ပါဘဲ။ လန်ဒန်တောင်ပိုင်းက Surrey မှာရှိတဲ့ သူမအိပ်ကနေ Elective Cesarean ဆိုတဲ့ (ဝက်ဘ်ဆိုက်) လုပ်ထားတယ်။ သူပြောတာက သားဖွါးဆရာမတွေဟာ အန္တရာယ်နဲ့ ပတ်သက်ရင် ဗိုက်ခွဲမွေးတာကို ပိုပြောကြပြီး၊ (ဗဂျိုင်းနား) က ရိုးရိုးမွေးတာကိုတော့ လျှော့ပြောတတ်ကြတယ်။

ယေဘုယျပြောရရင် ဗိုက်ခွဲမွေးတာဟာ စိတ်ချရတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် စီစီစဉ်စဉ်လုပ်ရရင် ပိုတောင်မှာ စိတ်ချနိုင်ပါတယ်။ လမ်းညွှန်ချက်တွေကို အခါအားလျှော်စွာ ပြန်သုံးသပ်ပြီး အသစ်တွေလုပ်နေတာပါ။ အခုလုပ်ရတာက ဘယ်က ဖိအားပေးလို့မှ မဟုတ်ပါ။ ဒါပေမဲ့ ရှေ့နေတွေရော ဆရာဝန်တွေကပါ လက်ရှိဗြိတိန်ကျန်းမာရေး စောင့်ရှောက်မှုက အမျိုးသမီးတွေကို ကလေးမွေးတဲ့အရေးမှာ ကာယကံရှင်သဘော ပြောခွင့်ရတာ နည်းနေတယ်တဲ့။

အခုအပြောင်းအလဲဟာ ရံပုံငွေနည်းလှတဲ့ ကျန်းမာရေးဌာနအတွက်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်ပါလိမ့်မယ်။ ခန့်မှန်းချက်အရ ဗိုက်ခွဲမွေးပေးရတာဟာ ရိုးရိုးမွေးပေးရတာထက် ပေါင် ၈ဝဝ ပိုကုန်ကျပါတယ်။ မွေးလမ်းကနေ မွေးရာကနေ နောက်ဆက်တွဲ တခုခုဖြစ်သွားလို့ ဥပမာ ဆီးမလုံတာမျိုးအတွက် ကုသပေးရတဲ့စရိတ် မပါသေးဘူး။ အစီရင်ခံစာထဲမှာ တချက်ပါသေးတယ်။ တကယ်လို့ ဗိုက်ခွဲပေးရတဲ့ ရာခိုင်နှုန်း တမှတ်ကျတယ်ဆိုရင် ကျန်းမာရေးဌာနအတွက် ပေါင် ၅့၆ ဘီလျန် သက်သာတာဖြစ်တယ်။

(ယူကေ) မှာ အမျိုးသမီး ၂၅% ဟာ ဗိုက်ခွဲမွေးကြတယ်။ အမေရိကားမှာ ၃ဝ% ရှိတယ်။ နှစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ဗိုက်ခွဲမွေးရတာ တိုးလာနေတယ်။ ဆရာဝန်တွေက ရှင်းပြတာကတော့ တောင်းဆိုလို့ ခွဲပေးရတာမို့ များလာတာ မဟုတ်ပါ။ မိခင်လောင်းတွေက ကိုယ်အလေးချိန်များလွန်လို့၊ ဆီးချိုရောဂါလဲရှိတာ များလာကြလို့ပါ။

ဗိုက်ခွဲမွေးရသူ ၁ဝ% ဟာ ရက်ရွေးပြီး ခွဲပေးရတာဖြစ်တယ်။ ၁၅%က အရေးပေါ်ခွဲပေးရတာဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နေ ဖြစ်သင့်တယ်ယူဆတာက ချမ်းသာတဲ့တိုင်းပြည်တွေမှာ ဗိုက်ခွဲမွေးနှုန်း ၁၅% လောက်ဖြစ်တယ်။ ဗြိတိန်မှာ ၁၅% လောက်က အပြင်ဆေးခန်းတွေမှာ ခွဲမွေးပြီး ရာခိုင်နှုန်းမြင့်မားတယ်။ နာမည်ကြီးသူတွေလာမွေးတတ်တဲ့ ပို့တလင်း ဆေးရုံမှာဆိုရင် ၃၅-၄ဝ% အထိခွဲမွေးတယ်။

ပညာရှင်တွေက ပြန်ချေပတာက အခုလမ်းညွှန်သစ်ကြောင့် ဗြိတိန်မှာ ကိုယ်ဝန်ဆောင်တွေကို ပြုစုစောင့်ရှောက်တာကို ချက်ချင်းလက်ငင်း ပြောင်းသွားမယ်မဟုတ်ပါ။ ရာနှုန်းနည်းနည်းလောက်ဘဲ ဗိုက်ခွဲမွေးချင်ကြတာပါ။

မိခင်ရောကလေးပါ ကျန်းမာရင် မွေးလမ်းကနေ ကလေးဖွါးရတာဟာ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိတော့ ကလေးရဲ့အဆုပ်ကနေ မွေးတာနဲ့အဆက်ရှူစေအောင် အကူအညီပေးရာကျပါတယ်။ ခွဲမွေးရတာလည်း စိတ်ချနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သတိတော့ထားရမှာပေါ့။ ပိုးဝင်တာ၊ သွေးယိုတာ နဲ့ နောင်ကလေးရဘို့ဆိုတာတွေ ခေါင်းထဲထားရတယ်။

အထောက်အကူ လူ-ပစ္စည်း-ငွေကြေး မပြည့်စုံတဲ့အခြေအနေမှာ မွေးပေးရရင်လဲ အကောင်းဆုံး စောင့်ရှောက်မှုကိုသာ အဓိကထားရမယ်။ စပါယ်ရှယ် လုပ်ချင်တာမျိုးတွေကိုတော့ ဘေးချိတ်ထားသင့်ပါတယ်။ ခွဲကိုမွေးချင်လွန်းသူတွေကတော့ လမ်းညွှန်သစ်ဟာ နောက်တောင်ကျသေးတယ်လို့ ပြောမှာပါ။

ယူအက်စ်မှာလည်း အဲလိုလုပ်တယ်။ စားသုံးသူအစီရင်ခံစာတွေက ထောက်ပြကြတယ်။ ဆေးရုံတွေကနေ မလိုအပ်တဲ့ ဗိုက်ခွဲမွေးပေးတာလုပ်နေကြပါသတဲ့။ ပြည်နယ် ၂၂ ခုမှာ လေ့လာမှု လုပ်ခဲ့တယ်။ အန္တရာယ်နည်းကိုယ်ဝန်ကိုခွဲမွေးနှုန်း အလွန်များနေတယ်။ ဆေးရုံ ၃ ခုမှာ ၂ ခုလောက်မှာ အဲဒီအမှတ် ရကြတယ်။ တကယ်ဆိုရင် ကိုယ်ဝန်ဆောင် အားလုံးထဲမှာ ၅၅% လောက်မှာ အန္တရာယ်နည်း ကိုယ်ဝန်အဆင့်ရှိပါတယ်။ ယူအက်စ်မှာရှိတဲ့ ဆေးရုံပေါင်း ၁၅ဝဝ ကို ၂ဝဝ၉ နဲ့ ၂ဝ၁၂ ကြားကာလတွက် လေ့လာထားတာ ဖြစ်ပါတယ်။ ဗိုက်ခွဲမွေးတာဟာ အသက်ကယ်ရာကျတာတော့ အမှန်ပါ။ ဒါပေမယ့် မိခင်အတွက်ရော ကလေးအတွက်ပါ အကောင်းဆုံးရွေးချယ်မှုလို့တော့ မပြောနိုင်ပါ။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ၂ဝ၁ဝ မှာ အစီရင်ခံစာတခုထုတ်ထားပါတယ်။ အပိုဆောင်းနဲ့ မလိုအပ်တဲ့ ဗိုက်ခွဲမွေးပေးခြင်း ကမ္ဘာလုံးဆိုင်ရာ အရေအတွက်နဲ့ ကုန်ကျစရိတ်လို့ ခေါင်းစဉ်ပေးထားပါတယ်။ နိုင်ငံပေါင်း ၅၄ ခုမှာ ဗိုက်ခွဲမွေးနှုန်း ၁ဝ% ထက်နည်းကြပြီး ၆၉ နိုင်ငံမှာ ၁၅% အထက်မှာရှိတယ်။ ၁၄ နိုင်ငံမှာ ၁ဝ-၁၅% ရှိကြတယ်။ ၂ဝဝ၈ ခုနှစ်တုံးက ၃့၁၈ သန်းဗိုက်ခွဲမွေးပေးဘို့လိုအပ်ခဲ့တယ်။ ၆့၂ သန်းမှာ မလိုအပ်ပဲခွဲမွေးပေးခဲ့တယ်။ ခန့်မှန်းခြေ ယူအက်စ်ဒ်ါလာ ၂့၃၂ ဘီလီယန် အပိုကုန်ခဲ့တာဖြစ်တယ်။ လိုအပ်လို့ခွဲဘို့က တကမ္ဘာလုံးမှာ ၄၃၂ သန်း ဖြစ်တယ်။

(မဒေါ်နာ) တို့ (ဗစ်တိုရီယာ ဘက်ခမ်) တို့လဲပါတယ်။ ဒီလိုလူမျိုးတွေလာမွေးရာကနေ အရပ်စကားတခု ပေါ်လာတယ်။ Too posh to push အလှမပျက်ချင်၊ ဗိုက်မညှစ်ချင်ကြသူတွေ။ အမျိုးသမီးတဦး ဗိုက်ခွဲမွေးရတာဟာ ပန်းခြံထဲ လမ်းလျှောက်သလို သဘောထားပါ။ ဒါပေမယ့် သိသင့်သိထိုက်တာ မှန်သမျှတော့ ကြိုသိထားဘို့လိုပါတယ်။

Dr. တင့်ဆွေ
၂ဝ-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး