မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, January 14, 2017

Tubal ligation အမျိုးသမီး သားသမီး မရတော့အောင်လုပ်ခြင်း

ကျွန်တော့် အမျိုးသမီးက အသက် (၃၂)ပါဆရာ။ ကလေး (၂) ယောက် ကို ခွဲမွေးခဲ့ဖူးတယ်။ နောက်ထပ်ကလေးမမွေးချင်တော့ပါ။ ခွဲစိတ်ရမှာ ကြောက်လို့ပါ။ (၃) လတားဆေးထိုးနေရပါတယ်။ နောက်ထပ်နှစ်တွေ အများကြီးထိုးနေရအုံးမယ်။ ဆရာဝန်က သားကြောဖြတ်ဖို့ အကြံပြုပါတယ်။ ခွဲစိတ်ရမှာကြောက်တဲ့လူဆိုတော့ ကြောက်နေတယ်။ ဘယ်လောက်အတိုင်းအတာထိခွဲရမှာလဲ။ ကလေးမွေးသည့်အတိုင်းပဲလား။ ဘယ်လောက်ထိ ခွဲစိတ်ချိန်ကြာမှာလဲ။ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။

အမျိုးသမီးကို ရာသက်ပန် သားသမီးမရအောင်လုပ်နည်း ၂ နည်းရှိတယ်။ အများဆုံးသုံး အများလည်းသိတဲ့နည်းကတော့ သားအိမ်ပြွန်ကို ခြည်ဖြတ်နည်းပါ။ သားအိမ်ပြွန်ထဲကို (စပရင်) လိုတခု ထည့်ပေးနည်းက နောက်တမျိုးပါ။ မြန်မာအမျိုးသမီးတွေ လက်လှမ်းမီကြမဲ့ ပဌမနည်းကိုပဲရေးပါမယ်။

အမျိုးသမီးများဟာ အရွယ်ရောက်ချိန်ကစပြီး သွေးမဆုံးခင် အချိန်အထိ လစဉ်-လတိုင်း မ-မျိုးဥအိမ်ကနေ မ-မျိုးဥ တလုံး ထွက်ပေးနေတယ်။ တကယ်လို့ ကျားသုက်ပိုးဝင်လာမယ်ဆိုရင် သားအိမ်ပြွန်ခေါ်တဲ့ ချိုနဲ့လည်းတူတဲ့ နှစ်ချောင်းလည်းရှိတဲ့ အခေါင်းပါပြွန်ရဲ့ အပြင်ထိပ်ပေါက်နေ မျိုးဥက သားအိမ်ထဲဝင်လာလိမ့်မယ်။ ပြွန်ထဲမှာ ဖူးစာဆုံ ပေါင်းစပ်ရာကနေ သန္ဓေတည် ကိုယ်ဝန်ဆောင်ရတယ်။ သူတို့တတွေ မတွေ့-မဆုံ-မပေါင်းစပ် နိုင်အောင် ပြွန်လမ်းကို အသေပိတ်လိုက်တဲ့နည်းက Tubal Ligation ဖြစ်ပါတယ်။

ဒီနည်းမှာလည်း ခွဲနည်း ၂ နည်းရှိတယ်။ Laparoscope ပစ္စည်းကရိယာနဲ့ အပြင်လူနာ အနေနဲ့၊ ထုံဆေးနဲ့ လုပ်လို့ ရတယ်။ တိုင်းပြည်အများအပြားမှာတော့ ဆေးရုံခဏတင်၊ ခါးထုံဆေးနဲ့ ခွဲပေးတတ်တယ်။ မကြာပါဘူး။ ခွဲပြီး ၇ ရက်မှာ ချုပ်ရိုးဖြေတာ မစောင့်ချင်ရင် စောစောအိမ်ပြန်လွှတ်မှာပါ။ ကလေးမွေးပြီး၊ ၂ ပါတ်အတွင်းခွဲရင် ဆရာဝန်အတွက် ပိုလွယ်တယ်။ သားအိမ်က မြင့်နေသေးတာမို့ အောက်အတွင်းထဲအထိနှိုက်စရာ မလိုဘူး။ ဘယ်နည်းနဲ့ခွဲခွဲ ခွဲစိတ်တဲ့ နေရာက နာတာသက်သာတာနဲ့ အိမ်ထောင်နဲ့အတူ ပြန်နေလို့ရတယ်။ ဗိုက်ခွဲမွေးရင်းလည်း လုပ်ပေးလို့ရတယ်။

၉၉့၅% ထိရောက်တယ်တယ်။ ဒီအထဲမှာ သားအိမ်ပြင်ပ သန္ဓေတည်တာတော့ ကံမကောင်းရင် ဖြစ်နိုင်တယ်။ အတော်တော့ ရှားပါတယ်။ အဲလို ချည်-ဖြတ်ပြီးမှ ပြန်လိုချင်ပြန်လို့ နောက်ထပ် ခွဲစိတ်ပြုပြင်ရသူတွေမှာ အဲလိုဖြစ်တာ ပိုများတတ်တယ်။ ရှားတာလေးတွေလည်း ရှိသေးတယ်။ ရာသီဖြစ်စဉ်ေ ပြာင်းသွားလို့ လာတဲ့အချိန်မှာ နာတာ၊ ကြားရက် ဆင်းတာ၊ မလာဘဲ နေတာ။ ဒါလဲ ဖြစ်တဲ့သူ မများလှပါဘူး။

အားကောင်းချက်တွေ အရင်သိရအောင်။ ရာသက်ပန် ကလေးမရတော့ပါ။ ချက်ချင်း ထိရောက်တယ်။ မလိုချင်တော့တဲ့ ကလေးရမှာ ကြောင့်ကျမှု ကင်းသွားမယ်။ ကုန်ကျစရိတ် မများပါ။ မ-မျိုးဥအိမ်ကင်ဆာဖြစ်တာ နည်းတာကို တွေ့လာရတယ်။ သားကြောဖြတ်ထားသူ အမျိုးသမီးမှာ ဆက်ဆံစိတ်မျိုး ဘာမှထူးခြားပြောင်းလဲစရာမရှိပါ။ တချို့ဆိုရင် ကိုယ်ဝန်ရမှာမျိုး စိုးရိမ်စိတ် မရှိတော့တာမို့ ပိုလို့တောင် စိတ်ဖြစ်ပေါ်လာသေးပါတယ်။ အဲ့ ခင်ပွန်းအပေါ် သစ္စာ စောင့်ရပါလိမ့်မယ်။

အားနည်းချက်တွေလည်း သိထားပါ။ ခွဲစိတ်တာခံရမယ်။ ယောက်ျားတွေကို လုပ်ရတာထက် နည်းနည်း ရှုတ်ထွေးတယ်။ ပြန်ဆက်ချင်ရင် ပိုခက်တယ်။ ဆုံးဖြတ်ချက်ကို ခိုင်မာပြီးမှ လုပ်သင့်တယ်။ ဒါတောင် ယောက်ျားတွေကို လုပ်ကြတာထက် အဆ ၄ဝ အမျိုးသမီးတွေမှာ လုပ်နေကြပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပါ။

တကမ္ဘာလုံးမှာ အမျိုးသမီး ၃၃% က ဒီနည်းလုပ်ထားကြပါတယ်။ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာကြ ရာနှုန်းပိုများတယ်။ မြန်မာပြည်မှာ ဥပဒေအရ Sterilization board ကနေကျမှ လုပ်ခွင့်ရှိတယ်။ လူဦးရေများတဲ့ တိုင်းပြည်တွေမှာ အလကား လုပ်ပေးတယ်။ အားပေးတယ်။ တချို့ဆီမှာ အတင်းအဓမ္မ အလုပ်ခိုင်းတယ်။

Dr. တင့်ဆွေ
၁၈-၈-၂ဝ၁ဝ
၁၄-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.