Concussion (2) ဒေါက်တာသန်းထွန်းနှင့်တွေ့ဆုံခြင်း

ချင်းတွင်းမြစ်ကို မုံရွာ-ညောင်ပင်ကြီးဆိပ်ကနေ တဖက်ကမ်းကူးရတာက အတွေ့အကြုံတမျိုးပါ။ မြစ်ကူးတံတာမပေါ်ခင် ကျွန်တော်တို့ခေတ်မှာ သုံးကြတာရတာကတော့ ကားပါ တင်ကူးလို့ရတဲ့ ဇက်နဲ့ပေါ့။ စက်လှေရော လူလှော်တဲ့လှေရော ရှိတယ်။ ရာသီအလိုက် ရေတက်တာ ကျတာရှိလို့ တခါနဲ့တခါ တချိန်နဲ့တချိန် မတူဘူး။ ရေသိပ်ကျနေရင် သောင်ပြင်ကြီးဖြတ်ပြီး၊ သုံးဆင့်သွားတန် သွားရတတ်သေးတယ်။ ခရီးသွားခရီးပြန်တွေဆိုတာကလည်း အမျိုးအစား၊ အတန်းအစားတွေကလဲ စုံမှစုံ။ သုံးရာသီ ပြည့်အောင် ထိုင်ကြည့်နေရင် စာရေးတတ်တဲ့သူတွေအတွက် ရေးစရာတွေ ပုံနေမယ်။

အောက်သားတွေက သံလျင်ကူးတို့အကြောင်း ရုပ်ပြကာတွန်းစာအုပ်တွေရေးချိန်မှာ ချင်းတွင်းသားကာတွန်းဆရာ မထွန်းကားခဲ့ဘူးနဲ့တူပါရဲ့၊ ချင်းတွင်းက ရင်ခုန်စရာဇာတ်လမ်းတွေ၊ ရီစရာ-မောစရာတွေ မဖတ်ခဲ့ရဘူး။ မုံရွာမှာလည်း စံရွှေမြင့်တွေ ရှိတာပါ။ သီတာသင်္ဘောပေါ်က ဆေးရောင်းတဲ့လူတွေနဲ့မခြား မုံရွာကူးတို့က ဆေးအရောင်းဆရာများ ကလည်း ကြော်ငြာရာမှာ ထူးခြားတာတွေရှိတာပါဘဲ။ တော်တော်လေးစားရင် မော်တော်လေးများသွားသလိုဆိုတာမျိုး လျက်ဆားရောင်းသူဆီက ကြားနိုင်တယ်။

အောက်သားတွေထက် ပိုတာရှိသေး။ သစ်ပုလွေသားကိုင်းမှာ သနပ်ခါးရွက်တွေထိုးစိုက်ပြီး မော်တော်ပေါ်မှာပါတယ်။ မသိသူဝယ်သွားကြပေါ့။ ပုံတောင်-ပုံညာက ယောသားတွေလည်းလာမယ်။ ဂန့်ဂေါထည်တွေနဲ့တွေ့ရမယ်။ ဆားလင်းကြီးဖက်က ထန်းပင်မြစ်ကောင်းကောင်းတွေ၊ ပုလဲ၊ ယင်းမာပင်က ကုလားပဲနဲ့ ဂျုံတင်တဲ့ ကားတွေက အပြန်မှာ ဆန်တင်ခဲ့ကြတယ်။ မန္တလေးကုန်၊ အတက်ချင်းတွင်းကုန်နဲ့ မိုးလေးကုန်ခေါ်တဲ့ ကုလားပြည်ထွက်ပစ္စည်းတွေ၊ ရေးပြလို့တောင် စုံမှာမဟုတ်ဘူး။

ဟိုတချိန်ကပေါ့၊ မန္ကလေး (ဝသ) က သမိုင်းမေဂျာ ကျောင်းသူ ကျောင်းသားတွေ ဖိုးဝင်းတောင်ဖက် ခရီးထွက် ကြဘူးတယ်။ (ဝသ) ဆိုတာ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို ခေါ်ခဲ့တာပါ။ မုံရွာကနေ ဆွဲမော်တော်ကြီးနဲ့ ကူးကြရတာပေါ့။ ဆိပ်ကမ်းလဲကပ်ရော မော်တော်ပေါ်ကဆိုင်းဘုတ် ပြုတ်ကျပြီး၊ ကျောင်းသူတယောက် ခေါင်းခိုက်မိပါလေရော။ အဲ့ ကျောင်းသူက ဘုတလင်သူ။ သူ့အဆက်က ဆေး-မန်းက မုံရွာသား။ (အဆက်) ဆိုတာ သမီးရည်းစား။ ဘန်းစကားဆိုတာ တခေတ်နဲ့တခေတ် မတူးဘူး မဟုတ်လား။ အခု ဘာခေါ်ကြလဲမသိပါ။ ဆေး-မန်းဆိုတော့ သိကြမှာပေါ့။

ဆေးကျောင်းသားလေးခင်ဗျာ စိတ်ပူရှာလို့ ဘာလုပ်ရမှန်းသိပ်မသိ၊ နောက်ဆုံး ခေါင်တက်အကူအညီတောင်းသဗျ။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းအိမ်သွား တံခါးခေါက်တယ်။ အမှန်က တံခါးခေါက်ရတာတော့ မဟုတ်yg။ ကွန်သာယာအိမ်တံခါးမှာ ကြေးခြူခပ်ကြီးကြီး တပ်ထားတာမို့ ဆွဲလှုပ်ရတယ်။ မောင်ကျောင်းသားကို ပါမောက္ခက နှစ်သိမ့်ရှာပါတယ်။ မိုဘိုင်းဖုန်းကလည်းမပေါ်သေးတော့ ဆရာလည်း သိမယ်မထင်ဘူး။

ဆေးပညာအပိုင်းတော့ နှစ်ပုဒ်ရေးထားတယ်။ ခေါင်းခိုက်မိဟာ ယောက်ျားတွေမှာ ပိုဖြစ်တတ်တယ်။ ယာဉ်မောင်းရတာလည်း ပိုများ၊ အားကစားလုပ်တာတို့၊ ရန်ဖြစ်တာတို့၊ အလုပ်ထွက်လုပ်ရတာလည်း မိန်းမတွေထက် များတာကိုး။ ယောက်ျားတွေ သနားဘို့မကောင်းပါလား။

(ဟဲလ်မက်) ကို ဆိုင်ကယ်စီးတာတခုထဲ မဟုတ်ဘဲ၊ တီဗွီထဲမှာ မြင်ဘူးသမျှ နေရာတိုင်းကို လိုက်တုပြီး ဆောင်းတာ ကောင်းပါတယ်။ ခရစ်ကက်ရိုက်တာ၊ ရေခဲပြင်ဟော်ကီကစားတာ၊ ဘေ့စ်ဘောကစားတာတွေ ကျွန်တော်တို့တိုင်းပြည်မှာ မရှိသေးတာ ရွှေဗမာများကံကောင်းတယ်။ ကုန်ကျစရိတ်များလှတဲ့ အားကစားတွေ။ လက်စွဲတော်စက်ဘီးစီးရာနဲ့ အလုပ်ခွင်တွေမှာတော့ (ဟဲလ်မက်) ဆောင်းကြဘို့ အကြံပေးလိုက်ချင်တယ်။ အဲ အရက်သောက်လည်း ဆောင်းထားကြပါ။

ညောင်ပင်ကြီးကူးတို့ စီးရာမှာ (ဟဲလ်မက်) မဆောင်းခဲ့တဲ့ သမိုင်းကျောင်းသူဟာ ကံကောင်းခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့ကို ဖွါးဖွါး၊ ကျွန်တော့်ကို ဖိုးဖိုးလို့ အခေါ်ခံနေရချိန်အထိ အသက်ရှည်ဆဲပါ။ Concussion ခေါ်တဲ့ သာမန် ဦးနှောက် ထိခိုက်မှုသာဖြစ်ခဲ့လို့ပါ။ အော့့် ဒီစာရေးထားတာ ခြောက်နှစ်များတောင်ရှိသွားပါပကော။

Dr. တင့်ဆွေ
၁၁-၁-၂ဝဝ၉
၂၉-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး