Hello November ဟယ်လို နိုဝင်္ဘာ


ဖေ့စ်ဘွတ်ကနေ Happy Halloween ဆိုပြီး နှုတ်ခွန်းဆက်တယ်။ Halloween (Hallowe'en) ဟယ်လိုးဝင်းဆိုတာ အနောက်နိုင်ငံတွေမှာ ကျင်းပတဲ့ နှစ်စဉ်ပွဲတခုဖြစ်တယ်။ All Hallows' Eve ခရစ်ယန်အယူအဆ အဖိတ်နေ့ ဖြစ်တယ်။ လွယ်လွယ်ပြောရရင် သရဲပွဲ။ အောက်တိုဘာ (၃၁) ရက်နေ့မှာ ကလေးတွေ ပျော်စရာလုပ်ကြတဲ့ပွဲ ဖြစ်တယ်။ သူရဲလိုကြောက်စရာကောင်းတဲ့ အဝတ်အစား အသုံးအဆောင်တွေဝတ်ပြီး ခြောက်လှန့်ကြပါတယ်။ တချို့က ၃ ရက်ကြာ လုပ်တယ်။

မြန်မာပြည်မှာတော့ အောက်တိုဘာကုန်လို့ နိုဝင်္ဘာလထဲဝင်တာနဲ့ ရာသီဥတုသာယာ ခြေခင်းလက်ခင်းလည်း သာလှတယ်။

ကျွန်တော်တို့ ဆေးကျောင်းစတက်ရတာ၊ ၁၉၆၅ နိုဝင်္ဘာလဆန်းတစ်ရက်နေ့ဆိုတာ မမေ့ပါ။ ၇ နှစ်ကြာ စာသင်အပြီးမှာ ဟောက်ဆာဂျင်ခေါ်တဲ့ အလုပ်သင်ဆရာဝန်လုပ်ရတာလည်း ၁၉၇၂ နိုဝင်္ဘာလထဲမှာပဲ။ ဆေးမန်းက သူငယ်ချင်းတမြုံ မေမြို့စစ်ဆးရုံမှာတာဝန်ပေးခံကြရတယ်။ မေမြို့ဆိုတာက နွေမှာတောင်အေးလို့ နိုဝင်္ဘာဘာလဆိုတော့ မန္တလေးသားများ ချမ်းသလားမမေးနဲ့။ ကျွန်တော်တို့အကုန် စစ်ဆေးရုံထဲက အိုဟောင်းနေတဲ့ တိုက်တလုံးမှာ စုရုံးနေကြရတယ်။ ရေချိုးခန်းမှာ အပူပေးစရာက ပျက်နေတော့ ရေချိုးဘို့ဆိုတာ စစ်ဆေးရုံထဲမှာ အရပ်သားဆရာဝန်တွေကြား တပင်ရွှေထီး စစ်သားစုဆောင်းရေးလုပ်တဲ့အထဲ ပါခဲလှတယ်။

စစ်ဆေးရုံမှာ အရပ်သားတွေခင်မြာ စစ်ဗိုလ်စစ်သားတွေကြားမှာ အထာမကျကြပါ။ အဲလိုပဲ အရပ်သားတွေကြားမှာလဲ စစ်ဗိုလ်စစ်သားတွေ အထာကျမှာမဟုတ်ပါ။ ကိုယ်ချင်းစာကြည့်ပါတယ်။ ကျွန်တော်တို့ အထာမကျတာက ဟောက်ဆာဂျင်လုပ်ရတာ တနှစ်တိတိသာကြာလို့ ကံကောင်းတယ်။ စစ်ဗိုလ်တွေအုပ်ချုပ်နေတာ နှစ်လေးငါးဆယ်ကြာ အထာကမကျတော့ အရပ်သူအရပ်သားတွေဟာ ကံဇာတာကို တနှစ်တခါ ရေနံချေးသာသုတ်နေကြရတယ်။ နှစ် ၅ဝ ကြာပြီဗျာ။

သူတို့ကတော့ ကိုယ်ချင်းမစာ အခုနိုဝင်္ဘာမှာ ညီညွတ်စွာ မဲပေးကြပါစို့ဗျာ။ ဖြဲခြောက်နေတဲ့သူရဲ ကြောက်စရာမလိုပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး