Rocky bank of Chindwin River ကျောက်ဆောင်ဆိပ်

ရေကြီးနေတယ်ကိုတင်တော့ ဘယ်မလဲလို့ တယောက်ကမေးတယ်။ ပုံကချင်းတွင်းမြစ်ကမ်းပါလို့ တယောက်က ဝင်ဖြေပေးတယ်။ တပြည်လုံးမှာဖြစ်နေတာမို့ ကိုယ့်နယ်ကို ဇောင်းပေးသလို မဖြစ်စေချင်လို့ မုံရွာလို့လည်း မရေးမိပါ။

တိတိကျကျဆိုရင် မုံရွာမြို့အနောက်ဖက်က ချင်းတွင်းမြစ်၊ ကျောက်ဆောင်ဆိပ်လို့ခေါ်ပါတယ်။ အခုမြင်ရတဲ့ ရေမျက်နှာပြင်အောက် ပေလေးငါးဆယ်လောက်မှာ ကျောက်ဆောင်တွေရှိတယ်။ ကျွန်တော်ငယ်ငယ် ကိုးတန်း ဆယ်တန်းကျောင်းသားဘဝမှာ ညနေခင်းအပျင်းပြေဆိုပါတော့ စက်ဘီးနဲ့ဖြစ်ဖြစ် ခြေလျှင်ဖြစ်ဖြစ် ကျောက်ဆောင်ဆိပ် ရောက်တတ်ပါတယ်။ ကျောက်ဆောင်တွေပေါ်မှာထိုင်ပြီး ဘာရယ်လည်းမဟုတ် တွေးတောစဉ်းစားခန်းဝင်ခဲ့တယ်။ စဉ်းစားစရာရယ်လို့ကလည်း ရှိလှတာမဟုတ်ပါ။ လိုက်ဖက်တဲ့သီချင်းကို အသံမထွက်ပဲ ဆိုဖြစ်တယ်။ မြို့မငြိမ်းသီချင်း ညနေခင်းဆီ နေရီရီ့။ ကမ်းဆိပ်ရိပ်သာ ကျောက်ဆောင်ဆိပ်မှာ မုံရွာသူတွေ ရေချိုးမဆင်းကြပါ။ နေဝင်ဆည်းဆာကို ခံစားတာကလည်း စာစီစာကုံးထဲမှာ ဘယ်လိုထည့်ရေးမလည်းလောက်ထက်မပိုပါ။

ကျောက်ဆောင်ဆိပ်ကနေ အနောက်ဖက်ဆက်မျှော်ကြည့်ရင် တောင်တွေမြင်ရတယ်။ အမြင်ရောအတွေးပါ အဲသည် တောင်တန်းပေါ်မကျော်ခဲ့ပါ။ နောင်နှစ်ပေါင်း သုံးဆယ်လောက်ကြာရင် အဲသည်တောင်တွေကို ကိုယ့်ခြေထောက်နဲ့ ကျော်တက်ရလိမ့်မယ်လို့ မတွေးခဲ့ပါ။ မြစ်တွေ၊ တောင်တွေ၊ နယ်ခြားမျဉ်းတွေကို ဆက်ဆက်ကျော်ပြီးသကာလ အခုနေတဲ့အရပ်မှာ လာနေရမယ်လို့လည်း မသိခဲ့ပါ။ ကိုမင်းနောင်ရဲ့ ဇရာသီချင်းက အခုမှပိုပြီးသက်ဝင်နေပါတော့တယ်။

သို့သော် သည်ပိုက်ဆွေးနဲ့ လိုက်ရေးမလွယ်ပါ့ နုပျိုသစ်လွင် ငယ်စဉ်ကိုမှန့်း့။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၅
၃ဝ-၇-၂ဝ၁၇
Photo by Sein Win

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး