Egg donation process မျိုးဥလှူဒါန်းခြင်း

၁။ မင်္ဂလာပါ ဆရာ။ သမီးအသက်က ၃၁ပါရှင့်။ အိမ်ထောင်မရှိပါ။ သမီးရဲ့မမျိုးဥကို မိတ်ဆွေလင်မယားက အလှူခံနေပါတယ်။ သမီးလည်းအိမ်ထောင်ပြုဖို့အစီစဉ်ရှိပါတယ်ရှင့်။ မမျိုးဥလှူလိုက်ရင် အိမ်ထောင်ပြုတဲ့အခါ ကလေးမရနိုင်မှာစိုးရိမ်လို့ပါ။ မမျိုးဥလှူတဲ့အခါ ဖြစ်တတ်တဲ့ဆိုးကျိုးကိုသိချင်လို့ပါရှင့်။

၂။ အသိမိတ်ဆွေတစ်ယောက်က မမျိုးဥ အလှူခံနေလို့ပါ။ အဲဒါလှူလို့ရတဲ့ထဲမှာပါလား။ လှူလိုက်ရင်ကောဘာတွေ ဆိုးကျိုးတွေ ရှိပါသလဲရှင့်။ ဘုရားရှင်ကတော့ ကိုယ်ခန္ဓာမှာရှိတဲ့ အသွေးတော်တွေ အသားတော်တွေ အကုန်လှူဘူးတယ်တယ်လို့ ကြားဖူးပါတယ်။ သူများတွေ ကျောက်ကပ်တို့ အသည်းတို့ လှူနေချိန်မှာ အော်ပရေးရှင်း မလုပ်ရပဲ ဒီတိုင်းလှူရမယ်ဆို လှူချင်ပါတယ်။

သားသမီးမရနိုင်တော့တဲ့စုံတွဲတွေ အများကြီးရှိတယ်။ ဘာလို့မရသလည်းဆိုတာ လင်မယားနှစ်ယောက်လုံးကို စစ်ဆေးရတယ်။ အမျိုးသမီးတွေဖက်က အားနည်းချက်က ပိုများတယ်။ ကိုယ်ဝန်ဆောင်နိုင်ဖို့ဆိုတာ အမျိုးသမီးမှာ ရာသီမှန်ရမယ်။ လစဉ်မျိုးဥထွက်ရမယ်။ သားအိမ်ပြွန်ပိတ်မနေရပါ။ ချို့ယွင်းချက်တွေကိုဆေးကုသနည်းတွေနဲ့ ပြင်မရရင်တော့ မ မျိုးဥ အလှူခံနည်းလုပ်ရမယ်။

မျိုးဥလှူတာကို IVF နည်းနဲ့ကလေးရအောင်လုပ်တာမှာ သုံးပါတယ်။ လှူလိုက်တဲ့မျိုးဥကို ဓါတ်ခွဲခန်းထဲမှာ မျိုးစပ်ပြီး အောင်မြင်တဲ့သနေကို ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီး သားအိမ်ထဲကို ထည့်ပေးတယ်။ ကမ္ဘာမှာ ၁၉၈၃ ခုနှစ်က သြစတေးလျနိုင်ငံမှာ ပဌမဆုံးကလေးကို အဲသည်နည်းနဲ့မွေးခဲ့တယ်။ ဒိနောက် ၁၉၈၄ မှာ အမရိကမှာမွေးတယ်။ အဲဒီနည်းဟောင်းကို ကနေ့ မသုံးတော့ပါ။ နည်းသစ်ကနေ ယူအက်စ်မှာ အောင်မြင်မှုနှုန်း ၆ဝ% ကျော်ရှိတယ်။

ဘယ်လိုအမျိုးသမီးတွေမှာ ဒီနည်းလုပ်နိုင်သလည်း
မွေးရာပါမျိုးဥမထွက်ခြင်း၊ တာနာဆင်ဒရုမ်းရောဂါ၊ Gonadal dysgenesis ရောဂါ၊ မျိုးအိမ်နှစ်ဖက်လုံးထုတ်ထားရခြင်း၊ စောပြီးသွေးဆုံးခြင်း၊ ကင်ဆာဆေးပေးထားခြင်း၊ ဓါတ်ကင်ထားခြင်း၊ Autoimmunity ရောဂါ၊ အသက်ကြီးမှ ကလေးရလိုခြင်း စတာတွေဖြစ်တယ်။

မျိုးဥလှူမယ့်သူဟာ လူသူမသိတာလည်း ဖြစ်နိုင်တယ်။ အမျိုးတော်ဘို့မလိုပါ။ ကာယကံရှင်နှစ်ယောက်လုံးက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချရတာကိုအရင်ဆုံးလုပ်ကြရတယ်။ အလားတူ မ မျိုးဥ လှူမယ့်သူကလည်း အဲလိုလုပ်ရတယ်။ အားလုံး သဘောတူညီပြီးကြရင် ဆေးကုသမှုဖြစ်စဉ်ဆိုတာ ၆ ပါတ်ကနေ ၄ လအထိကြာနိုင်တယ်။

အဆင့် (၁) ဆန်ခါတင်စစ်ဆေးခြင်း
မျိုးဥလှူလို့ရ မရစစ်ဆေးရတယ်။ ရာသီတလရဲ့ တတိယနေ့မှာ သွေးစစ်မယ်။ မွေးလမ်းကနေရိုက်တဲ့ အာလ်ထွာဆေင်းနဲ့ စစ်မယ်။ တချို့တိုင်းပြည်တွေမှာ စိတ်ပိုင်းဆိုင်ရာ မေးမြန်းပြောဆိုတာတွေရှိတယ်။

အဆင့် (၂) အရည်အသွေးမီသလားစစ်ဆေးခြင်း
ဆေးနဲ့ မျိုးဗီဇစစ်ဆေးမယ်။ HIV အပါအဝင်အသည်းရောင်ပိုးတွေလည်းစစ်မယ်။

အဆင့် (၃) ဥပဒေပိုင်းနဲ့ငွေကြေးစစ်ဆေးခြင်း
ကန်ထရိုက်စာချုပ် လက်မှတ်ထိုးတာလုပ်ရမယ်။

အဆင့် (၄) အလှည့်သင့်အောင်လုပ်ခြင်းနဲ့ နှိုးဆွပေးခြင်း
မျိးဥလှူမယ့်သူကို မျိုးဥထွက်လာစေအာင် ဆေးပေးမယ်။ အရင်ဆုံး ကိုယ်ဝန်တားဆေးနဲ့ အလှူခံမယ့်သူနဲ့ ရာသီလတွေ ကိုက်ညီအောင်လုပ်မယ်။ နေ့စဉ်ဟော်မုန်းထိုးပေးမယ်။ ကိုယ်တိုင်ထိုးနည်းလည်းခိုင်းနိုင်တယ်။ ၂-၃ ပါတ်ကြာမယ်။
Lupron injections ထိုးဆေးနဲ့စမယ်။ ၁ဝ-၁၄ ရက်ကြာမယ်။ အဲလိုလုပ်လို့ မျိုးဥမထွက်ပဲနေမယ်။ ခေါင်းနည်းနည်း ကိုက်နိုင်တယ်။ မျက်နှာနီမြန်းတာနည်းနည်းဖြစ်နိုင်တယ်။ အားယုတ်သလိုနေမယ်။ တချို့ကခံနိုင်လို့ ဘာမှမခံစားရပါ။

ဒိနောက်မှာ gonadotropin hormones ဟော်မုန်းလာမယ်။ Follistim, Gonal-F, Repronex or Menopur ဆေးတွေ သုံးတယ်။ FSH လို့ခေါ်တယ်။ မျိုးအိမ်ထဲက ဖေါ်လီကယ်တွေကို နှိုးဆွပေးတာဖြစ်တယ်။ အရေအတွက် ပိုများလာစေမယ်။ အရည်အိတ်လေးတွေထဲမှာ မျိုးဥပါနေတယ်။

တတိယဆေးက HCG injection ထိုးဆေးဖြစ်တယ်။ သူကနေ မျိုးဥထွက်စေအောင်လုပ်ပေးမယ်။ တကယ်လို့ မျိုးဥလှူသူဟာ ရာသီမလာခင်မှာ နေမကောင်းဖြစ်တာရှိသူဆိုရင် အဲတာမျိုး ခံစားရမယ်။ ရင်သားတင်းနာမယ်။ လေပွမယ်။ ခေါင်းကိုက်မယ်။ စိတ်မူပြောင်းမယ်။ ခဏတာ ကိုယ်အလေးချိန် နည်းနည်းလေးတိုးမယ်။

ဟော်မုန်းအနည်းအများတွေကိုစစ်ဆေးနေမယ်။ မွေးလမ်းကနေ အာလ်ထွာဆောင်းရိုက်တာက မျိုးဥတွေ မျိုးဥအိမ်ထဲမှာ ကြီးထွားလာတာကို သိချင်လို့ဖြစ်တယ်။

အဆင့် (၅) မျိုးဥထုတ်ယူခြင်း
မျိုးဥတွေရင့်မှည့်လာချိန်မှာထုတ်ယူမယ်။ မနက်စောစောမှာလုပ်တာများတယ်။ ၂ဝ-၃ဝ မိနစ်သာကြာမယ်။ ဆေးခန်းမှာ နေရချိန် ၁-၂ နာရီကြာနိုင်တယ်။ အာလ်ထွာဆောင်းလမ်းညွှန်သုံးပြီး မွေးလမ်းကနေထုတ်ယူမယ်။ မေ့ဆေး နည်းနည်း ပေးထားမယ်။ လုပ်ပြီးကာစ သွေးနည်းနည်းလေးဆင်းနိုင်တယ်။

အခုဖြစ်စဉ်ကာကအတွင်း (မျိုးဥမထုတ်ခင်နဲ့ ထုတ်ပြီး) မှာ ကိုယ်ဝန်ရလမ်းပိုလာလို့ ဆေးတွေမစမီ တပါတ်နဲ့ မျိုးဥထုတ်ပြီး ၂ ပါတ်အတွင်းရက်တွေမှာ အတူနေတာမလုပ်ရပါ။

မျိုးဥလှူသူမှာ ဟော်မုန်းဆေးတွေပေးလို့ ဟော်မုန်းကြောင့် ပြောင်းလဲမှုတွေက တလအတွက်သာဖြစ်တယ်။ နောက်လမှာ အရင်ကလိုသာ ပုံမှန်ဖြစ်မယ်။ အဲလိုလှူလိုက်လို့လည်း ကိုယ့်မှာ ကလေးမရတာ မဖြစ်စေနိုင်ပါ။ ဗိုက်မခွဲရပါ။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၅
၃-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး