LSCS after LSCS ဗိုက်ခွဲမွေးပြီး နောက်တခါဘယ်တော့ခွဲမွေးမလည်း

ကျွန်မ အသက် ၃၂ ပါဆရာ။ ကျွန်မ ၂ဝ၁၄ ဇွန် ၄ မှာ အော်ပရေးရှင်းလုပ်ပြီး ကလေးမွေးခဲ့ပေမဲ့ အဖတ်မတင်ခဲ့ဘူးဆရာ။ ၂၀၁၄ အောက်တိုဘာမှာ ကလေးထပ်ရခဲ့ပေမဲ့ ဆရာဝန်တွေက မယူခိုင်းခဲ့ဘူး။ မိခင်အတွက်စိုးရိမ်ရတယ်တဲ့။ ခွဲပြီး ၂ နှစ်မှ ကလေးယူရမယ်ဆိုလို့ ဖျက်ချခဲ့တယ်ဆရာ။ ခုဆို ၁ နှစ်နဲ့ ၂ လ တောင်ရှိပြီ။ တချို့တွေဆို ၆ လနဲ့ ပြန်ယူတာတွေလည်း ရှိတယ်ဆရာ။ ကလေးမယူခိုင်းခဲ့တာ အပြင်ဆေးခန်းက ဆရာဝန်ပါ။ ဆေးရုံကြီးက ဆရာဝန်တွေကတော့ ရှိပြီးမှတော့ မတတ်နိုင်တော့ဘူး ယူလိုက်ပါလို့ပြောပါတယ်။ ဒါပေမဲ့အပြင်ဆေးခန်းဆရာဝန်က ပထမကလေးရဲ့ နှလုံးမကောင်းတာတွေ အသက်ရှုနှုန်းနှေးတာတွေကို သေသေချာချာပြောပြပြီး အမြန်ဆုံးဆေးရုံကြီးလွှတ် ခွဲစိတ်ခိုင်းတာဆိုတော့ သူ့ကိုအားကိုးပြီး ဖျက်ခဲ့မိတာပါ။ သူလည်းပြောပါတယ် ခွဲပြီးသိပ်မကြာခင် ကလေးရတော့ ယူရင်လည်းရပါတယ်တဲ့။ ဒါပေမဲ့ မိခင်အတွက်ကတော့ ခွဲတာမကြာသေးတဲ့အတွက် တဖြည်းဖြည်းနဲ့ကြီးလာမဲ့ ဗိုက်က အရမ်းတင်းလွန်းရင်လည်း မကောင်းဘူးလို့ပြောတယ်ဆရာ။ ဆေးရုံမှာလည်း အဲလိုပါပဲ ခွဲမွေးတဲ့ဘယ်သူ့ကိုမဆို ၂ နှစ်လောက်မှယူခိုင်းတယ်ဆရာ။ တချို့ကတော့ ၆ လ၊ ၁ နှစ်နဲ့ယူပေမဲ့ ဆရာဝန်တွေက ဆူကြတယ်လို့တော့ပြောကြတယ်။ ကျွန်မကိုလည်း ဆေးရုံကြီးက ဖျက်ခွင့်မပေးပါဘူး။ အပြင်ဆေးခန်းဆရာဝန်ကပဲ အကျိုးအပြစ်တွေပြောတော့ ဖျက်ချလိုက်တာပါဆရာ။ တခြားတော့ ဘာရောဂါမှတော့ မရှိပါဘူး။ အခုတနှစ်လည်းကျော်လာပြီဆိုတော့ ကလေး ပြန်လိုချင်လို့ပါဆရာ။ ခွဲဒဏ်ရာအတွက်လည်း စိတ်ချရပြီလားဆိုတာသိချင်ပါတယ်။

အရင်တခါဗိုက်ခွဲကလေးမွေးပြီးနောက်မှာ နောက်ကိုယ်ဝန်ယူဘို့ ခြောက်လလို့ယေဘုယျပြောလေ့ရှိတယ်။ အရင်ခွဲထားတဲ့ အတွင်းအပြင်ချုပ်ရိုးတွေ ကောင်းကောင်းကျက်စေဘို့ စောင့်ခိုင်းတာဖြစ်တယ်။

ဗိုက်ခွဲမွေးဘို့ ဆီးစပ်နေရာမှာ (ဘီကီနီ) ချုပ်ရိုးခေါ်တဲ့ ကန့်လန့်ဓါးခွဲရာဟာ ၃ လဆိုရင် ကောင်းကောင်းကျပါပြီ။ ၆ လ စောင့်ပါဆိုတာ နောက်ကိုယ်ဝန်ကို မွေးလမ်းကြောင်းကနေ ရိုးရိုးလည်းမွေးလို့အဆင်ပြေအောင်ပြောတာဖြစ်ပါတယ်။ အဲလိုမွေးတာကို Vaginal birth after caesarean (VBAC) လို့ခေါ်တယ်။

တယောက်နဲ့တယောက် မတူကြပါ။ ချုပ်ရိုးကောင်းတာ၊ ချုပ်ရိုးအနာရင်းတာ၊ ကိုယ်ခံအားနည်းတာ၊ သွေးအားနည်းတာ၊ အခံရောဂါ (သွေးတိုး၊ ဆီးချို၊ နှလုံး) တခုခုရှိတာ။

မိသားစုအရေးထည့်တွက်ရတာလည်း သေချာပေါက်ရှိပါမယ်။ ပိုအရေးကြီးတာက အသက်။ အကြမ်းပြောရရင် အသက် ၃၅ နှစ်နောက်မှာ ကိုယ်ဝန်ရဘို့ သူများထက် ခက်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရတာလည်း သူများထက် ပင်ပန်းနိုင်တယ်။

အရင်ကိုယ်ဝန်နဲ့ နောက်ကိုယ်ဝန်နီးရင် အချင်းအောက်ကျတာပိုဖြစ်နိုင်တယ်လို့ လေ့လာမှုတခုကဆိုပါတယ်။

အရင်တခါခွဲမွေးရရင် နောက်လည်းခွဲမွေးရမယ်လို့ပြောလာခဲ့တာက ၁၉၂၂ ခုနှစ်ကတည်းကစတယ်။ ၁၉၅ဝ ကျော် ကလည်းက Lower Segment Caesarean Section (LSCS) သားအိမ်အောက်ပိုင်းကနေခွဲမွေးနည်းကို သုံးလာခဲ့ကြပါတယ်။ ဒါပေမယ့် ကနေ့ကာလတွေမှာ VBAC နည်းကိုသုံးလာနေကြပါပြီ။ သြစတေးလျမှာ ၆၇% က အဲလိုလုပ်ပါတယ်။ အောင်မြင်ပါတယ်။ တကယ်တန်း LSCS လုပ်ဖို့လိုတဲ့ကိုယ်ဝန်အရေအတွက်ဟာ ၃% သာရှိတယ်။

ကျွန်တော် ဒေလီမှာနေရတုံးက ယမုန်နာဆေးခန်းလေးဖွင့်ပြီး မြန်မာပြည်ကလူမှန်သမျှကို အခမဲ့ဆေးကုပေးတော့ မွေးလူကိုလည်းလက်ခံတယ်။ ကိုယ့်ဆေးခန်းမှာတော့ ခွဲမွေးမပေးခဲ့ရပါ။ နေရာထိုင်ခင်းနဲ့ ပစ္စည်ကိရိယာတွေ ပြင်ဆင် စုဆောင်းထားပါသေးတယ်။ ဒေသခံဆရာဝန်တွေကဖွင့်တဲ့ ပုဂ္ဂလိကဆေးခန်းတခုကိုတော့ အရေးပေါ်ခေါ်ရင်သွားပြီး ခွဲစိတ်ရတဲ့အခါ ဗိုက်ခွဲမွေးပေးရတာကများတယ်။ အိန္ဒိယမှာဘွဲ့ရတဲ့ အိုဂျီဘွဲ့ရဆရာဝန်မတယောက် အဆစ်လုပ်တော့ ကိုယ့်ကိုယ်ကို တမျိုးကြီး။ ကျွန်တော်က မန္တလေးဆေးကနေ အင်မ်ဘီဘီအက်စ်ဘွဲ့လေးသာရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး