Medicines for donation ဆေးအလှူ

ဆရာရှင့် သာပေါင်းမှာလှူခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရေဘေးဒုက္ခသည်တွေဟာ အခုဖျားနာ၊ တုတ်ကွေး၊ အအေးမိ၊ ချောင်းဆိုးဖြစ်တာများလို့ ဆရာတော်က ဖုန်းဆက်ပြီး ဆေးဝါးနှင့် ရေသန့်ဆေးပြား အလှူခံတာ လိုအပ်တဲ့ဆေးများ လှူပေးချင်တာကြောင်ါ ဘယ်ဆေးတွေ လှူပေးလို့ရတာကို ဘယ်လိုသောက်သုံးသင့်တာ ညွန်ကြားပေးပါဦး ဆရာရှင့်။

၁။ Cetirizine
(အလာဂျီ) အတွက်သုံးတယ်။ အအေးမိပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေထဲမှာ ပါတယ်။ မသောက်ဘူးသူ မရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။ (အင်တီဟစ်တမင်း) ဆေးအုပ်စု၊ ဒုတိယမျိုးဆက်ဖြစ်တယ်။ အရင်ပေါ် ပဌမမျိုးဆက် ဥပမာ Burmeton လို မအိပ်ချင်ဘူးဆိုပေမဲ့ နဲနဲတော့ အိပ်ချင်တာပါဘဲ။ အင်းဆက်ကောင်တွေ ကိုက်တာအတွက်လဲ သုံးတယ်။ ဘယ်နေရာက ဘာလို့ယားယား ဒီဆေးဘဲ သုံးတာများတယ်။

ဘေးထွက်ဆိုးကျိုးတွေက မဆိုးပါ။ အိပ်ချင်၊ အားယုတ်၊ အာခေါင်ခြောက်၊ အိမ်ရ၊ ခေါင်းကိုက်၊ အာခေါင်ရောင်၊ ဗိုက်နာ၊ ငို၊ စိတ်ဆိုး၊ အိပ်မရ၊ အားနည်း၊ မအီမသာဖြစ်။

၆ လမှ ၂ နှစ် = 2.5 mg တနေ့ ၁ ကြိမ်။ ၁၂ လအထက်ကိုလိုအပ်ရင် တနေ့ ၂ ကြိမ်။
၂ နှစ်မှာ ၅ နှစ် = 2.5 mg တနေ့ ၁ ကြိမ်။ ၁၂ လအထက်ကိုလိုအပ်ရင် 5 mg/day အထိတိုးနိုင်။
၆ နှစ်အထက် = 5 to 10 mg တနေ့ ၁ ကြိမ်။

၂။ Cough Syrups ချောင်းဆိုးပျောက်ဆေးများ
သိပ်အားမကိုးသင့်ပါ။ ချောင်းဆိုးစေတဲ့အကြောင်းတွေက မတူပါ။ ရာသီဥတုကြောင့် ဖြစ်တာက များတယ်။ (အလာဂျီ) အတွက်ဆေး (သောက်ဆေး) ကို ပိုအားကိုးရတယ်။ ကလေးတွေအတွက်ဆိုရင် ဘေးထွက်-ဆိုးကျိုးတွေသာမက ထိရောက်မှုအတွက်ပါ မေးစရာတွေ ရှိတယ်။ Antitussive medicines အမျိုးအစားထဲမှာ (အင်တီဟစ်တမင်း)၊ dextromethorphan နဲ့ (ကိုဒင်း) တွေပါတယ်။ (ကိုဒင်း) ဆိုတာ မူးယစ်ဆေးတမျိုးဖြစ်တယ်။ ချောင်းဆိုးပျောက်ဆေး အများစုထဲမှာ အရက်ပါသေးတယ်။ ချောင်းဆိုးတာကလဲ အမျိုးမျိုးရှိတယ်။ ချောင်းခြောက်ဆိုးတာ၊ ချွဲထွက်ပြီးဆိုးတာနဲ့ ရင်ကျပ်ပြီးဆိုတာ။ ရောဂါအလိုက် ရွေးရမယ်။ ချွဲရှိနေသူတွေကိုပေးတာက ချွဲကိုတမင်ထွက်အောင် လုပ်ပေးတာမျိုး ဖြစ်တယ်။ ချွဲဆိုတာ အထဲမှာရှိနေရင် ထွက်လာမှ ကောင်းတယ်။ လည်ချောင်းယားလို့ ဆိုးတဲ့သူကို အဲလို ချောင်းဆိုးပျောက်ဆေး မပေးရပါ။ ဗက်တီးရီးယားပိုးဝင်လို့ချောင်းဆိုသူကို ပိုးသေဆေးပေးမှသာပျောက်မယ်။

၃။ Paracetamol (acetaminophen) (ပါရာစီတမော)
ကိုယ်ပူ + အနာအကိုက် + ရောင်တာတွေကို သက်သာစေမယ်။ မဖျားလည်း တိုက်ဘို့ လိုတာတွေရှိတယ်။ တချို့မှာ မနာပေမယ့် ရောင်နေရင်တိုက်ရတယ်။ ဥပမာ ကလေးနားထဲရေဝင်တာ။

325 MG ၂ ပြား၊ ၄-၆ နာရီခြား၊ တနေ့ (၂၄ နာရီ) အတွင်း ၁ဝ ပြားထက်မပိုရ။
500 MG ၂ ပြား၊ ၆ နာရီတကြိမ်၊ တနေ့ (၂၄ နာရီ) အတွင်း ၆ ပြားထက်မပိုရ။
650 MG ၂ ပြား၊ ၈ နာရီတကြိမ်၊ တနေ့ (၂၄ နာရီ) အတွင်း ၆ ပြားထက်မပိုရ။

(က) Infant paracetamol suspension (120 mg/5 mL) (ပါရာစီတမော) ကလေးဆေးရည်
၂-၃ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကာကွယ်ဆေးထိုးလိ့ ကိုယ်ပူတာ နဲ့ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တကြိမ်၊ ဒါမှမဟုတ် ၄-၆ နာရီခြားပြီး နောက်တကြိမ်။ ၂ အောက်ကလေး မပေးရ၊ တနေ့မှာ ၂ ခါထက်ပိုမပေးရ၊ တခါနဲ့တခါ ၄ နာရီထက် မနီးရ။ ၃-၆ လအရွယ်၊ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊ ၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊ ၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊ ၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊ တနေ့ ၄ ကြိမ်ထက် မပိုစေရ၊ တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊ ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊

(ခ) Paracetamol six plus suspension (250 mg/5 mL) အသက် ၆ နှစ်အထက်ကလေးတွေအတွက် (ပါရာစီတမော) ဆေးရည် = ၆-၈ နှစ်ကလေး၊ 5 mL တနေ့ ၄ ကြိမ်၊ ၈-၁ဝ-နှစ်ကလေး၊ 7⋅5 mL တနေ့ ၄ ကြိမ်၊ ၁ဝ-၁၂ နှစ်ကလေး၊ 10 mL တနေ့ ၄ ကြိမ်၊ ၁၂-၁၆ နှစ်ကလေး၊ 10–15 mL တနေ့ ၄ ကြိမ်၊ တနေ့ ၄ ကြိမ်ထက် မပိုစေရ၊ တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊ ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊ ၆ နှစ်အောက်ကလေး မပေးရ၊

(ပါရာစီတမောလ်) ဘေးထွက်-ဆိုးကျိုးတွေ
• ဆေးများများပေးရင် (တနေ့မှာ 2,000 mg ထက်ပိုရင်) အစာအိမ်ကနေ သွေးယိုလာနိုင်တယ်။
• ဆေးကို သိပ်ကြာကြာသုံးရင် ကျောက်ကပ်မကောင်းရင်လဲ မပေးသင့်ဘူး။
• အသည်းကို ထိခိုက်စေတယ်။
• ဆေးကို ခဏခဏသုံးတာ များလာရင် ဆေးအဆတိုးမှ သက်သာစေတယ်။
• အရက်သောက်တာ၊ အစာမစားဘဲနေတာ၊ အစာစားချင်စိတ် မရှိသူတွေမှာ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုး ပိုရစေနိုင်တယ်။
• တီဘီ ဆေးတွေထဲက Isoniazid (INH) နဲ့ တွဲမပေးသင့်ဘူး။
• ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေသူတွေ ဆရာဝန်နဲ့ တိုင်ပင်သောက်ရမယ်။
• သွေးကျဲဆေး၊ ကိုယ်ဝန်တားဆေးတွေနဲ့ အတူသောက်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

လူကြီး (၁၂ နှစ်အထက်) အနာ + အဖျားအတွက် = 325 မှ 650 mg မှ 1000 mg ကို ၄-၆ နာရီခြား
ကလေးအနာအတွက် = တလအောက် = 10 to 15 mg/kg/dose ကို ၄-၆ နာရီခြား။ တလမှ ၁၂ နှစ်အထိ = 10 to 15 mg/kg/dose ကို ၄-၆ နာရီခြား (၂၄ နာရီအတွင်း ၅ ကြိမ်ထက်မများရ)
ကလေးအဖျားအတွက် = ၄ လမှ ၉ နှစ် = 30 mg/kg စနေစတိုက်ပါ။ နောက် 15 mg/kg ဆက်တိုက်ပါ။

၃။ အအေးမိတာအတွက် အသင့်ပေါင်းစပ်ထားပြီးသားဆေးတွေက အမျိုးအမည်အတော်များတယ်။ (နှာရည်ယိုတာ + နှာခြေတာ + လည်ချောင်းယားတာအတွက်ဆေး)၊ (အကိုက်အခဲပျောက်ဆေး + ကိုယ်ပူကျဆေး)၊ (ချောင်းဆိုးပျောက်ဆေး) ရောထားတာတွေဖြစ်တယ်။ Cold tablet, Sneeza, No-Cold, M Cold, Coricidin စတဲ့ နာမည်တွေနဲ့လာတယ်။ ခပ်ဆင်ဆင်တွေဖြစ်တယ်။ အိပ်ချင်တာကိုသတိထားပါ။

အအေးမိရင် ဆေးမပါဘဲ သက်သာဆေစတဲ့နည်းတွေရှိတယ်။ ကောင်းကောင်းအနားယူပါ။ ရေ-အရည် များများ သောက်ပေးပါ။ ဆားရည်ခပ်နွေးနွေးနဲ့ ပလုပ်ကျဉ်းပါ။

၎။ Ibuprofen
NSAIDs (စတီရွိုက်) မပါ အနာသက်သာဆေး အမျိုးအစား ဖြစ်တယ်။ အသုံးများတယ်။ Heart attack or Stroke နှလုံးနဲ့ ဆိုင်တာကို အထူးသတိထားရတယ်။ NSAIDs တွေကနေ အစာအိမ်အနာ၊ သွေးယိုတာတွေက အများဆုံးဖြစ်တတ်တဲ့ ဘေးထွက်-ဆိုးကျိုးဖြစ်တယ်။

• Ibuprofen 400 mg အပြင်းစားကို နာတာ၊ နာတာ၊ ရောင်တာ၊ အရိုးရောင်လို့နဲ့ (ရူမက်တစ်) အဆစ်တွေမှာ တင်းခဲနေတာတွေ သက်သာစေဘို့ သုံးတယ်။ နဲနဲကနေ အသင့်အတင့် နာတာ ဥပမာ ရာသီလာလို့နာတာ၊
• Ibuprofen 200 mg အပျော့စားကို ကိုယ်ပူ၊ ခေါင်းကိုက်၊ ကြွက်သားနာ၊ အဆစ်နာ၊ အအေးမိ၊ သွာကိုက်၊ ခါးနာတာတွေအတွက် သုံးတယ်။ Ankylosing spondylitis, Gouty arthritis, Psoriatic arthritis ခေါ်တဲ့ အဆစ်နာမျိုးတွေမှာလဲ သုံးတယ်။
• ဆေးကို အစား ဒါမှမဟုတ် နို့နဲ့သောက်ရမယ်။ အချိန်မှန် အချိန်တူသောက်သင့်တယ်။ တခြားဆေးတွေနဲ့လဲ တွဲလာတာရှိသေးတယ်။

Ibuprofen ဘေးထွက်-ဆိုးကျိုးများ = ဝမ်းချုပ်၊ ဝမ်းပျက်၊ လေထ၊ အစာမကျေ၊ ခေါင်းမူး၊ စိတ်လှုတ်ရှား၊ နားထဲအသံတွေကြား၊ ဆေးမတည့်ရင် အနီပြင်ထွက်၊ ယား၊ ကိုယ်ပူ၊ ကိုယ်ရောင်စတာတွေဖြစ်မယ်။ သိပ်ဆိုရင် (ရှော့ခ်) လိုဖြစ်မယ်။ အသဲထိခိုက်ရင် အသားဝါမယ်။

၅။ Influenza တုပ်ကွေး
(ပါရာစီတမော) ဆေးအများဆုံးပေးတယ်။ နှာစေးနေရင်၊ (အင်တီဟစ်စ်တမင်း) ပါတဲ့ဆေး၊ ချောင်းဆိုရင် ချောင်းဆိုး ပျောက်ဆေး။ ကိုက်တာ၊ ဖျားတာအတွက် (ပါရာစီတမော) သောက်ပါ။ ကလေးဖြစ်ဖြစ်၊ လူကြီးမှာ လေနာရှိရှိ သောက်နိုင်လို့ပါ။ သွေးလွန်တုပ်ကွေးအတွက်လဲ စိတ်ချရတယ်။ ကလေးနဲ့ လူငယ်တွေကို Aspirin မပေးသင့်ဘူး။ ပဋိဇီဝဆေး မတိုးပါ။ တုပ်ကွေးမိနေရင်း ဗက်တီရီးယားကြောင့် နူမိုးနီးယားရရင်တော့ ပိုးသေဆေးပါပေးရမယ်။ အရက်လျှော့-ရှောင်ပါ၊ ဆေးလိပ်လျှော့-ရှောင်ပါ။ တုပ်ကွေးမိရင် နေရောင်က ကောင်းတယ်။ ပိုးကို သေစေနိုင်တယ်။ လက်ဆေး-ကိုယ်လက် သုတ်သင်တာ မကြာမကြာ လုပ်တာ ကောင်းတယ်။ တုပ်ကွေးမိသူ ရေများများ သောက်ရတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး