Own language ကိုယ့်နိုင်ငံကစာ ကိုယ်တတ်ပါ

ဒီစာကတော့ ဆေးပညာအမေး-အဖြေ မဟုတ်ပါ။ မြန်မာစာအရေးအသားနဲ့ သတ်ပုံအလွဲအမှားတွေအကြောင်း ခဏခဏရေးလို့ ကျွန်တော့်ကိုအမြင်ကပ်ပြီး ငေါ့လာသူတယောက်ကို တမြန်နေ့က ဘလော့လိုက်ရတယ်။ အခုစာရေး မေးတဲ့သူက ချင်းပြည်နယ်က ကလေးအမေတယောက်ပါ။ သူများနိုင်ငံမှာရောက်နေတယ်။ သူရေးတဲ့စာကို ရွှေဗမာတွေ၊ စိန်မြန်မာတွေကို ဖတ်စေချင်လို့ပါ။ သူရေးတာကို (ကျွန်မ) ကို (ကျွန်မ)၊ (နိုင်) ကို (နိုင်) လို့ ပြင်ပေးတာကလွဲရင် မူရင်းစာအတိုင်းပါ။

Good morning ဆရာရှင့် ကျွန်မနာမည့့် (ချင်းလူမျိုး၊ တီးတိန်) ပါ။ အသက်ကတော့ ၃၃ နှစ်ကျော်ပါ။
သားလေးကတော့ နောက်စက်တင်ဘာမှာ ၁ နှစ်ပြည့်တော့မှာပါ။့ မှာနေပါတယ်။ ဆရာ့ရဲ့ ဆေးပညာဗဟုသုတနဲ့ တခြားဗဟုသုတတွေကို FB ကနေ အမြဲဖတ်ဖြစ်ပါတယ်။ ကျေးဇူးလည်း အရမ်းတင်ပါတယ်ဆရာ့ကို။ မေးခွန်းတွေလည်း မေးချင်တာ ဘယ်လိုမေးရမှန်းမသိလို့ အမှားပါရင် နားလည်ပေးပါနော်။ ကျွန်မ သားလေးက အိပ်ချိန်လည်း အရမ်းနည်းလွန်းပြီး တစ်ခါအိပ်ရင် နာရီဝက်ထက် ပိုမအိပ်နိုင်ဘူးဆရာ။ တနေ့ အိမ်ချိန်က စုစုပေါင်း ၁၂ နာရီဘဲ ရှိတယ်ဆရာ။ နေ့ခင်းပိုင်းမှာ ၂ ခါအိပ်တယ်။ အမေမရှိရင် မအိပ်နိုင်ဘူးပြီးတော့ အရမ်းလည်း အအိပ်ဆတ်တယ်ဆရာရှင့်။

အားဆေးလည်းတိုက်တယ်။ ၅ လသားအရွယ်ကတည်းက Appeton, Infant 1ml တိုက်တယ်ဆရာ။ သူ့ကို နည်းနည်းလောက် ပိုအိပ်စေချင် ကြာကြာလေးအိပ်စေချင်လို့ပါဆရာရယ် ဘယ်လိုလုပ်ရမလဲ အကြံပေးပါဦး။ အားကိုးပါတယ်ဆရာ။ တနှစ်ပြည့်ရင် အားဆေး ဘယ်လိုမျိုးက သူနဲ့သင့်တော်မလဲ မသိဘူး။ ဒီမှာတော့ Appeton က တော့ ဝယ်ရတာလွယ်တယ် ဈေးလည်း သင့်တယ်လေ။ ဆေးဆိုင်ကတော့  Appeton Multivitamin lysine (syrup) , Appeton Multivitamin Optigrow က ကောင်းတယ်လို့ညွှန်းတယ်။ သားလေးအတွက် ဘယ်လိုအားဆေး ကောင်းမလဲ ကူညီပါဆရာရှင့်။ သားလေး ၆လ ပြည့် ကတည်းက အခုထိ Appeton Essential OMEGA 3 with Fish oil 1000mg capsul တနေ့တလုံး သောက်တယ်ဆရာ။ ပြီးတော့ ကော်ဖီလည်းမဖြတ်နိုင်လို့ တနေ့တခါ မနက်မှာ white Coffee 40g တဝက်ကို နို့ဆီ ၁ ဇွန်းရောပြီး သောက်တယ်။

အဲဒါတွေကြောင့် သားလေးက မအိပ်နိုင်တာလား မသိဘူးဆရာ။  sorry မေ့သွားလို့ဆရာ ကျွန်မက သားလေးကို မိခင်နို့ဘဲ တိုက်နေတာပါ။ နည်းနည်းတော့ လျှာရှည်ပြီး မေးချင်သေးလို့ပါ ဆရာရှင့်။ ကန်တော့ပါနော်ဆရာ နားနဲ့မနာ ဖဝါးနဲ့ နာပါနော်။ ကျွန်မ ကလေးမွေးပြီးကတည်းက အခုထိ ထမီမလာသေးဘူးဆရာရှင်။ စိုးရိမ်လို့ပါ။ ထမီလာအောင် လုပ်လို့ရလားဆရာ စိတ်ထဲမှာနေရတာ သိပ်မသန့်လို့ပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ စာရှည်သွားရင်လည်း တောင်းပန်ပါတယ်။ ဆရာ့ကို အပြင်မှာမဆုံဖူးပေမယ့် FB ထဲမှာ သိကျွမ်းပြီး စာတွေဖတ်ရတဲ့အတွက် ကျေးဇူးလည်းတင် အားလည်းကိုးပါတယ်ဆရာ။ ဆရာ့ကို ရိုသေလေးစား လျက့့်

မှားရေး လွဲရိုက်တာကို ခပ်ပေါ့ပေါ့ထင်နေကြသူများ၊ မပီကလာပြောပြီး ယဉ်ကျေးစရာမလိုပါလို့ ထင်နေကြသူများ မှားနေကြမှန်းသိကြပါစေ။ ကိုယ့်နိုင်ငံကစာနဲ့စကား တတ်သိနားလည်သင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး