School Entry Age ကျောင်းအပ်သင့်တဲ့အသက်

မင်္ဂလာပါဆရာ ကျန်းမာရေးနဲ့မပတ်သက်တဲ့မေးခွန်းလေးတခု မေးခွင့်ပေးပါရှင်။ ကျမသားလေးက 3.7.2016 မှာ ငါးနှစ် ပြည့်ပါမယ်။ အဲဒါကို ဗမာပြည်ကကျောင်းတွေကတော့ ငါးနှစ်ပြည့်ဖို့ တစ်လလိုလည်း လက်ခံကြပါတယ်။ ဒါပေမယ့် မိဘဖြစ်တဲ့ကျမက ဆုံးဖြတ်ရခက်နေတာပါ။ ကလေးကို ၆ နှစ်မှာကျောင်းထားရင် ကလေးအတွက် ပိုကောင်းမလား။ ငါးနစ်မပြည့်ဘဲ တလအလိုကျောင်းထားမိရင် အတန်းကြီးလာရင် ကလေးကို ဖိအားပေးသလို ဖြစ်တတ်တယ်ဆိုတာ ဟုတ်ပါသဘားရှင်။ ဆရာကိုမေးရတာ ဆရာဟာ ကျမတို့အတွက်တော့ ပညာဗဟုသုတတွေကို မျက်စိဖွင့်ပေးနေတဲ့ ကျမ လေးစားရတဲ့ဆရာဖြစ်လို့ပါရှင်။

ကလေးတွေကျောင်းစထားရတဲ့ အသက်သတ်မှတ်ချက်က ကမ္ဘာမှာ တိုင်းပြည်အလိုက်ကွာခြားတယ်။ မြောက်ပိုင်း အိုင်ယာလန်မှာ ၄ နှစ်မှာစတယ်။ အင်္ဂလန်၊ ဝေးလ်စ်နဲ့ စကော့်တလန်မှာ ၅ နှစ်ကစတယ်။ သြစတေးလျနဲ့ နယ်သာလန် မှာလည်း ၅ နှစ်ပဲ။ သြစတြီးယား၊ ချက်၊ ပြင်သစ်နဲ့ စပိန်မှာ ၆ နှစ်နဲ့ ဆွီဒင်မှာ ၇ နှစ်။

အားလုံးတပြေးညီ သတ်မှတ်ထားတဲ့ အသက်ဆိုတာ မရှိပါ။ ကလေးတွေဟာလည်း ဖွံ့ဖြိုးမှုမတူကြပါ။ Reading readiness theory စာဖတ်နိုင်စွမ်းအဆင်သင့်သီအိုရီအရ ဗြိတိန်မှာ  ၅ နှစ်ခွဲနဲ့ ယူအက်စ်မှာ ၆ နှစ်ခွဲဖြစ်လို့ လက်ခံ ကျင့်သုံးနေကြတာထက် ၆ လစီနောက်ကျတယ်။

ကိုယ်တွေ့လေးတော့ပြောပါရစေ။ ကျွန်တော်တို့ညီအကိုမောင်နှမ ၅ ယောက်ရှိတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အထက်က အကို အတူတူကျောင်းစတက်ကြရတယ်။ ဆယ်တန်းမှာ ကျွန်တော့် အကိုကြီးက ခဏခဏပြန်ဖြေရတယ်။ ကျွန်တော့်မှာလည်း သားသမီး ၅ ယောက်မွေးတယ်။ အငယ်ဆုံးသားနဲ့ သူ့အထက်ကသမီးကိုလည်း တနှစ်ထဲအတူကျောင်းအပ်ခဲ့တယ်။ နှစ်ယောက်လုံး ဆယ်တန်းကို နှစ်ချင်းပေါက် အောင်ကြတယ်။ ကျွန်တော်က ဆေးကျောင်းရောက်ရသလို ကျွန်တော့်သာအငယ်ဆုံးက ဆေးကျောင်းအမှတ်မီတယ်။

ကျွန်တော်တို့ခေတ်က ၄ တန်၊ ၇ တန်း၊ ၉ တန်းနဲ့ ၁ဝ တန်း အားလုံး အစိုးရစစ်ခေတ်ဖြစ်တယ်။ ကျွန်တော် ၉ တန်း ရောက်တော့ အသက် ၁၅ နှစ်မပြည့်လို့ စာမေးခွဲဝင်ခွင့်မရပါ။ တရားရုံးမှာ ကျမ်းကြိမ်တယ်။ ၁၅ နှစ်အပြည့်လို့ဖွဲ့ထားတဲ့ ဇာတာအသစ်လုပ်တယ်။ မရပါ။ စာမေးပွဲမကျပဲ ၉ တန်းကို ၂ နှစ်နေခဲ့ရတယ်။ တကယ်လို့ ၉ တန်းကို တနှစ်တည်း အောင်ခဲ့ရင် ၁ဝ တန်းမှာ ဆေးကျောင်းဝင်နိုင်လောက်အောင်ရမယ်လို့တော့ ကျွန်တော့်ကိုယ်ကျွန်တော် မပြောတတ်ပါ။

ဒီမိသားတစုလေ့လာမှုလေးကနေ ကောက်ချက်ချရရင်
- ကလေးအသက်ငယ်ငယ်မှာ ကျောင်းစထားလို့ စာမလိုက်နိုင်မရှိပါ။
- အတူတူကျောင်းအပ်သက်နဲ့ မိဘတစုံထဲကနေမွေးတာတူပေမယ့် အရေးကြီးတဲ့စာမေးပွဲအောင်တာမှာ မတူပါ။
- မိဘကဆေးကျောင်းတက်နိုင်ခဲ့ရင် သားသမီးထဲကတယောက်ယောက်က ဆေးကျောင်းရနိုင်တယ်။ ဒါပေမယ့် ၅ ယောက်ထဲမှာ ၁ ယောက်သာအဲလိုဖြစ်တယ်။

ကျွန်တော့်သားအငယ်ဆုံးက ဆေးကျောင်းဝင်ခွင့်အမှတ်ရပေမယ့် ကျွန်တော်ရှိတဲ့ပြည်ပကို လိုက်လာရတော့ ဆရာဝန် မဖြစ်နိုင်တော့ပါ။

ကျွန်တော့်လိုနမူနာမျိုး မိသားစုအများကြီးမှာရှိပါမယ်။ ကိုယ်တိုင်လေ့လာမှုလုပ်ပြီး ကိုယ်တိုင်သာဆုံးဖြတ်ပါလို့သာ အကြံပြုပါရစေ။ ကလေးတွေကိုယ်စီမှာ မျိုးဗီဇကိုယ်စီ၊ ဉာဏ်ရည်ကိုယ်စီနဲ့ ကံတရားနဲ့အကျိုးပေးမှုကိုယ်စီပါကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး