For Reference Only

ဘုန်းတော်ကြီးတွေရဲ့ ဂဏန်းသုံးလုံး ပေါ်လာတုံးကလည်း အလေးမထားခဲ့ပါ။ အက္ခရာသုံးလုံးဖြစ်လာတော့လည်း ကျကျနနမလေ့လာပါ။ သိတာကတော့ သံဃာထုထဲမှာ ရွှေကျင်နဲ့ သုဓမ္မာလို မတူညီတာမျိုးမဟုတ်ပါ။ မိုးကုတ်၊ မဟာစည်၊ ကြောင်ပန်း၊ စွန်းလွန်းစတဲ့ ဝိပဿနာကျင့်နည်း မူကွဲမျိုးလည်း မဟုတ်ပါ။ နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) ကို အားမရ မကျေနပ်ကြတာ သိပါတယ်။ ကျွန်တော်က ဝေဖန်ချက်မရေးဖူးပါ။ ကျွန်တော်က နိုင်ငံရေးလိုသာကြည့်တယ်။ (မဟန) ကို တီထွင်ဖွဲ့စည်းခဲ့တဲ့ စစ်အစိုးရကိုသာကြည့်ပါတယ်။ ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့ကို (ဆဒမ်ဟူစိန်) နဲ့ (ရောဘတ် မူဂါဘေ) လိုပဲ တွဲမြင်ပါတယ်။ သုတအကိုးအကားကိုလည်း ရွေးဖတ်ပါတယ်။ တခု တွေ့လာတယ်။

(မဘသ) ကို ဝေဖန်ပါ သံဃာထုကို မထိခိုက်စေနဲ့

(မဘသ) အဖွဲ့နဲ့ ပတ်သက်လို့ နည်းနည်းပြောချင်တယ်။ (မဘသ) အဖွဲ့က NLD ကို တိုက်ခိုက်ပြီး ဖွတ်တွေကို မဲပေးဖို့ အတိအလင်း ကျေညာလာတဲ့အခါ (မဘသ) အဖွဲ့နဲ့ ပတ်သက်ပြီး မိမိ နည်းနည်းရေးချင်ပါတယ်။ ဒါဟာ မိမိကိုယ်တိုင်က သော်လည်းကောင်း၊ မိမိအသိအကျွမ်းဘုန်းကြီး အချို့ကသော်လည်းကောင်း ပေးပို့တဲ့အချက်အလက်တွေကို အခြေခံပါတယ်။

(မဘသ) အဖွဲ့ကို လက်ရှိအင်းစိန်ရွာမဆရာတော်က ဦးဆောင်နေပါတယ်။ ဥက္ကဋ္ဌဆရာတော်ပါ။ ဆရာတော်က (မဘသ) အဖွဲ့ထဲ ခြေစုံပစ်ဝင်ရတဲ့ အကြောင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ မဟနကိစ္စပါပဲ။ အပြင်ပန်းမှာ မဟန (နိုင်ငံတော် သံဃာ့မဟာနာယက) ဆရာတော်များက (မဘသ) ကို ထောက်ခံကြတယ်လို့ ထင်မြင်ယူဆကြလေ့ ရှိပါတယ်။ အမှန်မှာ မဟနနဲ့ (မဘသ) တို့ဟာ သိပ်ပြီးတော့ အစေးကပ်လှတာ မဟုတ်ပါဘူး။

ဖြစ်ပုံက ဒီလိုပါ။ မဟနဥက္ကဋ္ဌ မကွေးဆရာတော် ပျံလွန်တော်မူတဲ့အခါ အင်းစိန်ရွာမဆရာတော်က မဟနဥက္ကဋ္ဌဖြစ်ရေး အကြီးအကျယ် ကြိုးစားဖူးပါတယ်။ ကမ္ဘာအေးတဝိုက်မှာ သိသိသာသာ မဲဆွယ်တဲ့အထိပါပဲ။ ဒါပေမဲ့ ဆရာတော်ကို ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ (မဟန) အတွက် အပြောင်းအလဲတစ်ခု ဖြစ်စေချင်လို့ အပြင်ကနေ ဗန်းမော် ဆရာတော်ကြီးကို ဆွဲခန့်လိုက်လို့ ဆရာတော်က (မဟန) ကနေ လွှင့်စင်သွားရတာပါ။ (မဟန) ဥက္ကဋ္ဌ ဖြစ်ခွင့်မရတော့ (မဘသ) ဥက္ကဋ္ဌလုပ်ပြီး အစိုးရနဲ့ နီးကပ်အောင် ကြံဆောင်ကာ (မဟန) ကိုတိုက်ချင်တဲ့ သဘောထားရှိတယ်လို့ ခန့်မှန်းကြပါတယ်။

(မဘသ) အဖွဲ့ ပေါ်ပေါက်လာတော့ မဟနဆရာတော်တို့က ဥက္ကဋ္ဌဆရာတော်ဟောင်း အဘိဓဇမဟာရဋ္ဌဂုရု ပဲခူးမြို့မ ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရနဲ့ အကျိုးတော်ဆောင်ဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒန္တဝိစိတ္တသာရာဘိဝံသဆရာတော်တို့ရဲ့ ညွှန်ကြားလွှာအမှတ် (၈၁) ကို ကိုးကားပြီး ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော် ဘဒန္တဂုဏာလကာင်္ရက (မဘသ) လက်ဝေခံ ၉၆၉ နဲ့ သံဃာ့ကွန်ယက်တွေကို သြဝါဒခံယူဖို့ ဆင့်ခေါ်တောင်းခံခဲ့ပါသေးတယ်။

ဒါပေမဲ့ သိကြတဲ့အတိုင်းပါပဲ။ (မဘသ) အဖွဲ့ဟာ ဦးအောင်သောင်းရဲ့ ထောက်ခံမှုကို ရရှိထားကြပြီး ဦးအောင်သောင်း ကတဆင့် ဦးအံ့မောင်ကို ချဉ်းကပ်ကြပါတယ်။ ဦးအံ့မောင်ဆိုသူက သသနမှာ မဟနဆရာတော်များကို ခြိမ်းခြောက်ပြီး လက်မှတ်ထိုးခိုင်းလေ့ရှိသူ ဖြစ်တယ်။ ဒီတစ်ခါမှာလည်း (မဘသ) တွေအပေါ် သက်ညှာဖို့ မဟနဆရာတော်များကို ဦးအံ့မောင် လျှောက်ထားနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် (မဘသ) ဟာ (မဟန) ကို ကိုယ်စားမပြုသလို မြန်မာတနိုင်ငံလုံးရှိ သံဃာထုကိုလည်း ကိုယ်စားမပြုကြောင်း လူတွေသိကြဖို့လိုပါတယ်။

နောက်ပြီး ဖွတ်တွေနဲ့ အဓိက ပတ်သက်နေသူကတော့ မစိုးရိမ်တိုက်က ဦးဝီရသူပါ။ ဆရာတော်က မစိုးရိမ်တိုက်ရဲ့ နာယကတစ်ပါးပါ။ တိုက်မှာ မဟာနာယက၊ နာယကဆိုပြီး ရှိပါတယ်။ အခြားတိုက်တွေမှာ မဟာနာယကလို့ သုံးတာ မရှိဘဲ နာယကဆရာတော်ဆိုရင် ပဓာနဆရာတော်ကြီးတွေကို ခေါ်ဝေါ်တာများပါတယ်။ အဲ့ဒီမှာပဲ မသိတဲ့ သံဃာအချို့နဲ့ လူအချို့က ဆရာတော်ဦးဝီရသူဟာ တစ်တိုက်လုံးရဲ့ ဆရာတော်ကြီးလို့ ထင်ကုန်ကြတာရှိတယ်။ အမှန်မှာ မစိုးရိမ်ရဲ့ နာယကဆိုတာ အခြားတိုက်တွေရဲ့ အုပ်ချုပ်မှုပုံစံနဲ့ဆိုရင် စာချဘုန်းကြီး၊ ကျောင်းဘုန်းကြီးအဆင့်သာ ရှိပါတယ်။ သကျသီဟပြီးရင်ပြီးချင်း ခန့်တဲ့အဆင့်ပါ။ ဒါကြောင့် ဆရာတော်ဦးဝီရသူဟာ မြန်မာတနိုင်ငံလုံးရှိသံဃာထု၊ မန္တလေး တမြို့လုံးရှိသံဃာထုကို မဆိုထားဘိ၊ မစိုးရိမ်တိုက်ထဲက သံဃာထုအားလုံးကိုတောင် ကိုယ်စားမပြုကြောင်း သိကြဖို့ လိုပါတယ်။

မိမိအနေနဲ့ ယုတ်စွအဆုံးပြောရရင် အခု (မဘသ) အဖွဲ့က ဖွတ်တွေဘက်က မဲဆွယ်ပေးနေတဲ့ကိစ္စဟာ (မဘသ) အဖွဲ့ဝင် သံဃာအားလုံးရဲ့ ဆန္ဒသဘောထားလည်း မဟုတ်နိုင်ကြောင်းပါ။

ဒါကြောင့် (မဘသ) နဲ့ ဆရာတော်ဦးဝီရသူကို ဝေဖန်တဲ့အခါ အခြားသံဃာများကို မထိခိုက်စေဖို့ ရှောင်ရှားကြစေလိုကြောင်း ခွင့်ပန်အပ်ပါတယ်။ (Credit: U Ravika)

ကျေးဇူကြီးပါတယ်အရှင်ဘုရား။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး