Long term plan ရေရှည်စီမံကိန်း

မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ ၅ နှစ်စီမံကိန်းတွေချပြီးလုပ်တယ်။ သတင်းစာ၊ ရေဒီယိုနဲ့ တီဗွီပေါ်မှာရော (မဆလ) လွှတ်တော်ထဲမှာပါ စီမံကိန်းတွေအောင်မြင်တယ်လို့ ကြားသိဖတ်ရှုနေခဲ့ရတယ်။ ဗိုလ်နေဝင်းထွက်ပြီးနောက် (မဆလ) ပြိုကွဲတော့မှ သူတို့ပြောတဲ့စီမံကိန်းတွေက တကယ်မအောင်မြင်ဘူးဆိုတာ လူအများစုကသိကြရတယ်။

၁၉၆၂ စစ်အာဏာသိမ်းကတည်းက ရေရှည်စီမံကိန်းကြီးချခဲ့တယ်။ ၁၉၈၈ စစ်အာဏာသိမ်းတော့ အဲဒီစီမံကိန်းကို မွမ်းမံတယ်။ ဒီနှစ် ၅ဝ စီမံကိန်းကြီးအောင်မြင်ဘို့ရာ ပညာရေးအောက်ကျအောင်လုပ်နည်း၊ နိုင်ငံတကာနဲ့ ပြည်တွင်းက သတင်းအချက်အလက်နဲ့ အဖြစ်အပျက်တွေကို နည်းနည်းသာသိစေနည်း၊ တလွဲသာသိစေနည်း၊ အမှားတွေသာ သိစေနည်းဆိုတဲ့ နည်းလမ်းတွေသုံးခဲ့တယ်။

နှစ် ၅ဝ ကြာတဲ့အခါ သူတို့ရဲ့ရေရှည်စီမံကိန်းကြီးအောင်မြင်တာကို မျက်ဝါးထင်ထင် တွေ့မြင်လာကြရတော့တယ်။

လူအများစုဟာ ပညာရေးမှာ ညံ့လာတယ်။ အတွေးအမြင် ထုံထိုင်းလာတယ်။ ဆင်ခြင်တုံတရား အားနည်းလာတယ်။ နိုင်ငံရေးအသိ ခေါင်းပါးလာတယ်။ တလွဲတွေကို အဟုတ်ထင်မှတ်လာတယ်။ အမှန်ပြောတာကို မတရားပြောတာလို့ ယူဆလာတယ်။ ပေးတာယူ ကျွေးတာစားနေရင်တော်ပြီလို့ ထင်မှတ်လာတယ်။

ယူဂိုဆလားဗီးယား၊ ဆိုမာလီ၊ အီရတ်နဲ့ အာဖကန်တို့လိုမဖြစ်တာ စစ်တပ်ကျေးဇူးလို့ ထင်မှတ်သူတွေရှိလာတယ်။

အဲတာကြောင့် ဒီမိုကရေစီပြောင်းလဲမှာ အသိပညာရေးရတာ လက်ဝင်လွန်းလှတယ်။ NLD လိုပါတီတက်လာမှသာ ရေရှည်စီမံကိန်းသစ်ကို စဆွဲနိုင်မှာဖြစ်တယ်။ ပြည်ခိုင်ဖြိုးက ဆက်ပြီးအာဏာရနေရင် ဒုတိယနှစ် ၅ဝ စီမံကိန်းစလိမ့်မယ်။ စိတ်မပျက်ကြနဲ့။ လူတော်လူကောင်းတွေ လူကြီးတွေထဲမှာရော လူရွယ်လူလတ်တွေထဲမှာပါ အများကြီးရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး