Manipur မဏိပူ ကသည်း

၂၆-၁ဝ-၂ဝ၁၅ နေ့ထုတ် တယ်လီဂရပ်သတင်းစာမှာ မြန်မာပြည်ကငရဲ ကသည်းရုပ်ရှင်သတင်းပါတယ်။ အသက် ၂ဝ အရွယ် မဏိပူလူမျိုး နိုင်ထောင်းခုန်ဂျမ်ဘိုဘိုဆိုသူဟာ မြန်မာနယ်စပ်မြို့ မိုးရေးကိုသွားပြီး အလုပ်ရှာတယ်။ ဘာကြောင့်မှန်းမသိပဲ တမူးကမြန်မာစစ်တပ်ရဲ့ ဖမ်းဆီးတာခံလိုက်ရပြီး ထောင်ကျတယ်။ သူ့ရွာမှာ သူ့ကိုသေပြီဆိုပြီး သေသွားသူအတွက်လုပ်ရိုးလုပ်စဉ်တွေက လုပ်ပြီးနေပြီလို့ သူထောင်ကလွှတ်လာတော့သိရတယ်။

ရုပ်ရှင်ကို ခိုင်ဟားလ်ထောင်လို့အမည်ပေးထားတယ်။ မြန်မာပြည်ကထောင်ဆိုတာ ငရဲကျသလိုပဲဆိုတာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတယ်လို့ဆိုပါတယ်။ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်းချိုးဖေါက်တယ်။ စစ်အချုပ်ထဲမှာ ၃ လနေခဲ့ရပြီးမှာ အထောက်အထားမပါပဲ နယ်စပ်ဖြတ်လို့ဆိုပြီး တမူးတရားရုံးက ထောင် ၄ နှစ်ချတယ်။ စစ်ဆေးနေတုံးမှာ မြန်မာစစ်သားတွေကနေ သူ့ကို ရွံ့ခဲတွေ၊ သစ်ခေါက်ခြောက်တွေကို အစားခိုင်းတယ်။ လူ့မစင်နဲ့ ဆီးကို သူ့ကိုယ်ပေါ်မှာလောင်းချတယ်။ သူအဖမ်းခံချိန်လောက်မှာ ဒီမိုကရေစီတောင်းဆိုမှုကို မြန်မာစစ်တပ်က ဖြိုခွင်း နှိမ်နင်းနေချိန်ဖြစ်လို့ ဒီမိုကရေစီလိုလားသူတွေလည်း သူ့လိုနှိပ်စက်ခံရမှာလို့ သူကထင်ပါသတဲ့။

ဇာတ်ညွှန်းကို ထင်ရှားတဲ့အဆိုတော် တက်ပ်တားကနေရေးပြီး၊ ဆက်တယာဂျစ် ဘီ၊ ကေ က ဒါရိုက်တာလုပ်ပါတယ်။ မြန်မာစကားပြောတွေများတယ်။ သူထောင်ထဲမှာပဲ မြန်မာစကား တတ်လာခဲ့လို့ သူကနေ တခြားသရုပ်ဆောင်တွေကို မြန်မာစကားသင်ပေးပါတယ်။ ရုပ်ရှင်ရဲ့အားသာချက်ကတော့ သရုပ်ဆောင်တွေဟာ မြန်မာတွေနဲ့ အတော်တူကြတာ ဖြစ်တယ်။ ရမ်ဘို ၄ နဲ့ဆင်တယ်။ ကြည့်ရသူတိုင်း ထိန့်လန့်တုန်လှုပ်ကြရတယ်။ မြန်မာပြည်ကထောင်တွေဟာ အဲလိုပဲ ငရဲနဲ့တူတာကို နိုင်ငံတကာကိုသိစေချင်တယ်လို့ ဆိုပါတယ်။

မဏိပူနဲ့ မြန်မာနိုင်ငံဟာ ရာဇဝင်ထဲမှာ ရန်ဖက်တွေဖြစ်ခဲ့ကြတယ်။ ကနေ့ကာလမှာ မဏိပူလူမျိုးမိတ်ဆွေကောင်းတွေ အများကြီးရှိပါတယ်။ သူတို့လူမျိုးကို မိုက်သေးလို့ခေါ်တယ်။ ပုဏ္ဏားလို့တချို့ကသိတယ်။ ကသည်းလို့လည်းခေါ်တယ်။ ကျွန်တော် အိန္ဒိယမှာနေစဉ်က ဒေသခံတွေအများကြီးနဲ့ မိတ်ဆွေဖြစ်ခဲ့ရတယ်။ မြန်မာ့အရေးအတွက်လည်း လက်တွဲ လုပ်ကိုင်ခဲ့ရတယ်။ ဓါတ်ပုံကိုပို့ပေးသူဟာ မဏိပူတက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးပါမောက္ခ ဒေါက်တာဆူးရေ့ခ်ျ လန်ပေါက်လခ်ပန်ဖြစ်ပါတယ်။ ဒေလီမှာရှိတဲ့ ကျွန်တော့်ရုံးကိုလာလည်စဉ်က ရိုက်ထားတာပါ။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၅
၁၈-၈-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး