မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, February 4, 2017

Organic Food (အော်ဂဲနစ်)

သတင်း = မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာမှာ အော်ဂဲနစ်ဆောင်းသီးနှံတွေ စတင်ပြီး စိုက်ပျိုးနေကြပါတယ်။

လတ်လတ်ဆတ်ဆတ် အသီးအနှံတွေခက်တဲ့နေရာတွေမှာ ခက်နေကြောင်းနဲ့ အမြန်နည်းတွေနဲ့ မှည့်အောင်လုပ်ကြောင်း ရေးလာကြတယ်။ တလောက ဒေါ်မြမြအေးက ဝက်မလွတ် ခေါ် သီးမွှေးငှက်ပျောသီး အစိမ်းရောင်တဖီးဝယ်လာလို့ ဘာလဲမေးရတယ်။ အိမ်မှာတင် သဘာဝနည်းနဲ့ မှည့်အောင် လုပ်မယ်တဲ့။ ကျွန်တော်တို့ငယ်ငယ်က မုံရွာနဲ့ မင်းရွာမှာ ငှက်ပျောက်သီးကို စဥ့်အိုးထဲမှာထည့်၊ အိုးကိုမြေကြီးထဲမြှုပ်၊ ငှက်ပျော်သီးတွေအပေါ်မှာ ပွဲ့လျက်ရေပုန်းဟောင်းကို အဖြတ်လေးတွေလုပ်၊ မီးရှို့ပြီး မှည့်စေခဲ့ရတာကို သတိရတယ်။

ထမင်းဘယ်ကရသလဲ၊ ထမင်းအိုးထဲကရတယ်လို့ ရီစရာပြောကြတယ်။ လူစားတဲ့အစားအစာတွေက ဘယ်ကလာသလဲ မေးရင် မဖြေတတ်သူများလာတယ်။ ကိုယ့်နယ်မြေဒေသမှာ စိုက်တာတွေလား၊ စိုက်ပျိုးမွေးမြူရေးခြံတွေကလား၊ စားကျက်မြက်ခင်းမွေးတွေလား၊ မြေသြဇာတွေ ပိုးသတ်ဆေးတွေ သုံးသလား၊ အဲတာတွေသိမှသာ လူတော်။

(အော်ဂဲနစ်) အကြောင်းလေး ရေးပါမယ်။ လူသည် အစုံစားသတ္တဝါဖြစ်၏။ အသား-ငါး၊ အသီး-အရွက်၊ ပဲစား၏လို့ အထွေထွေသိပ္ပံမှာသင်ရတယ်။ လူ့ခန္ဓာက အသား၊ အဆီ၊ သကြား၊ ဆား၊ အကုန်စားဘို့လိုသည်လို့ ဆေးသိပ္ပံမှာ သင်ရတယ်။ (အော်ဂဲနစ်) ဆိုတာဘာလဲ။ Organic ကို Carbon (ကာဗွန်) ပါတာတွေကို လေ့လာတဲ့ အော်ဂဲနစ် ဓါတုဗေဒကို ဆေးကျောင်း ရောက်စမှာ သင်ရတယ်။ စားစရာလဲမဟုတ်ပါလား။ နောက်မှသိလာတာက ဈေးလည်းကြီး၊ သီးသီးသန့်သန့်လည်း ရောင်းတဲ့ စားစရာတွေကို ခေါ်ကြတာကိုး။

(ဆူပါမားကက်) က ဟာတွေ ဝယ်မစားဘဲ၊ လတ်လတ်ဆတ်ဆတ် ခြံထွက်စားပါ။ ကိုယ်သိတဲ့ ခြံသမား-လယ်သမား ဆီကဟာ ဝယ်စားတာ ကောင်းတယ်။ ဆိုကြပေမဲ့ အဲလိုစားနိုင်တာ အမေရိကားမှာ အခုမှ ၃% ရှိသေးတယ်။ ဘာ ပိုကောင်းလို့လဲ။ အာဟာရဓါတ်ကတော့ သိပ်မကွာလှဘူး။ အရသာကြ သူတမျိုးပြော၊ ငါတမျိုးပြောကြတယ်။ ဈေး မနည်းပေမဲ့ အဆီနည်းတယ်။ ကျန်းမာရေး ပိုကောင်းပါတယ်။ (အော်ဂဲနစ်) အစာက ဈေးပိုကြီးတာကိုးလို့ ပြောနေသူတွေက SUV ကားတော့ ဝယ်စီးနေကြ မဟုတ်လား။ သူများအမြင် ကောင်းဘို့သာ ချမ်းသာပြလုပ်နေကြပြီး၊ ကျန်းမာတာကိုမလုပ်ကြတာ ဖြစ်နေတယ်။

အသီးအနှံတွေမှာ ပိုးမျိုးစုံသတ်ဆေးမပါတာက ကျန်းမာရေးအရကောင်းတယ်။ အသားတွေမှာ အပိုဆောင်း ပါနေတာက ဟော်မုန်းသာမက ပဋိဇီဝဆေးတွေပါနေတယ်။ ဆေးတွေပါတာ ကောင်းတယ်မထင်ပါနဲ့။ MRSA ရောဂါဆေးယဉ်တာ ဖြစ်စေတယ်။ ကျန်းမာရေး သမားတွေကို ကျေးဇူးတင်ဘို့ ကောင်းတယ်။ အရင်က (အော်ဂဲနစ်) ဆိုတာ ဇီဝအခြေခံနဲ့ (အင်-အော်ဂဲနစ်) က ဓါတ်ဆားအခြေခံလို့ မှတ်ယူခဲ့တယ်။ နောက်တော့ အတုနဲ့အစစ်သဘောဆန်ဆန် မြင်လာကြတယ်။

(အော်ဂဲနစ်) အစာဆိုတာ အတုတွေနည်းနိုင်သမျှ နည်းအောင်လုပ်ထားတာလို့ အကြမ်းပြောရင်ရတယ်။ စိုက်ပျိုးရေး အကြောင်း လူတွေ စသိကြတုံးကတော့ (အော်ဂဲနစ်) အစစ်ပါဘဲ။ အတုကိစ္စ အပြစ်ချရင် ၂ဝ ရာစုကလူတွေဘဲ။ ပိုးသတ်ဆေးသုံးရာမှာ စနစ်ကျအုံးတော့ လူကိုသာမက ပါတ်ဝန်းကျင်ကိုပါ အန္တရာယ်ရှိစေတယ်။ Organophosphate pesticides ပိုးသတ်ဆေးတွေကြောင့် ဗိုက်နာရောဂါ၊ ခေါင်းမူးတာ၊ ပျို့-အန်တာ၊ အရေပြားနဲ့ မျက်စိ ထိခိုက်တာတွေ ရစေတယ်။ ပိုဆိုးရင် မှတ်ဥာဏ် ထိခိုက်တာ၊ ကင်ဆာ၊ စိတ်ကျရောဂါ၊ ကိုယ်ဝန်ပျက်၊ မွေးရာပါချို့ယွင်းတဲ့ကလေး မွေးတာတွေ ဖြစ်စေနိုင်တယ်။

၂ဝဝ၉ ခုနှစ် ဥရောပ-ကော်မရှင်ကနေ ၅ နှစ်တာ (အော်ဂဲနစ်) ဟုတ်တာနဲ့ မဟုတ်တာ ဘာကွာသလဲ လေ့လာမှု တခု လုပ်ခဲ့တယ်။ သိသိသာသာ ကွာပါသတဲ့။ (၁) ဗီတာမင်၊ အဆိပ်ပျယ်ဓါတ်၊ အိုမီဂါ ၃-၆ အချိုးအစားများတယ်။ (၂) မလိုလားအပ်တဲ့ Heavy metals, Mycotoxins, Pesticide residues and Glyco-alkaloids နည်းတယ်။ (၃) ဝမ်းကနေကူးပြီး ရောဂါရစေတဲ့ (ဆယ်လ်မိုနဲလား) တိုက်ဖွိုက်ပိုးပါတာတွေမှာ ကွာတယ်လို့ ဆိုပါတယ်။

ခင်ဗျားတို့စားနေတဲ့အစာက ခင်ဗျားတို့ကို သတ်ပြစ်နေတယ်လို့ပြောရင် စော်ကားတာလား။ နာမည်ကြီးအောင် အော်တာလား မေးနိုင်တယ်။ ဆက်ပြောသေးတယ် ခင်ဗျားတို့တင် ဘယ်ကမလဲ၊ ကမ္ဘာဂြိုဟ်ကြီးကိုပါ သတ်နေတာတဲ့။

အခုခေတ်မှာ ရာသီစာ-အသီးအနှံဆိုတာတွေ ရာသီမရွေး ရနေလို့ အစားတွေကို မိုင် ရာ-ထောင်ချီဝေးရာကနေ လေယျာဉ်-ကား-ရထား-သင်္ဘောတွေနဲ့ သယ်ပို့ရတာမို့ (ကာဗွန်) တွေ လောင်စာတွေ ကုန်စေတယ်။ သိုလှောင်တာကလဲ အအေးခန်းမို့၊ CCF တွေများ၊ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်နေတာ စက္ကန့်မလပ် မဟုတ်ပါလား။

တရုပ်ကနေလာတဲ့ နို့မှုံ့လဲ မဝယ်ရဲကြတော့ပါ။ လူတွေ ပိုဝလာနေကြတာဟာ စားတာတွေထဲမယ် (ဖရပ်တို့စ်) ပါ အချိုရည်နဲ့ ဆားတွေများလို့ပါ။ လူတယောက်မှာလိုတဲ့ ကယ်လိုရီက ၂၃၅ဝ ပေမဲ့ စားနေတာက ၃၈ဝဝ၊ ပိုတာတွေက ဗိုက်စူ၊ လူဝစေတယ်။ မိန်းကလေးတွေ ၇ နှစ် သမီးနဲ့ အရွယ်ရောက်လာနေတာ ဒါကြောင့်လို့ လက်ညှိုးထိုးထားတယ်။

(အော်ဂဲနစ်) နွားနို့ဆိုတာ နွားအစစ်ကနေ ညှစ်တာ၊ အဲဒီနွားကို (အော်ဂဲနစ်) အစာကြွေး မွေးထာတာ၊ ဟော်မုန်း တိုက်မထားဘူး။ ရောဂါရရင်လဲ တားထားတဲ့ဆေးနဲ့ မကုဘူး။ နွားထားတဲ့ ခြံကလည်း ကျယ်ကျယ်လွင့်လွင့် သန့်သန့် ပြန့်ပြန့် ရှိရမယ်။ အကောင်တွေ သယ်ပို့တာကအစ တိရစ္ဆာန်ကို လူလောက်နီးနီး ဆက်ဆံသင့်တယ်။

ဒါကြောင့် (အော်ဂဲနစ်) မွေးမြူရေး၊ (အော်ဂဲနစ်) အဝတ်အစား၊ (အော်ဂဲနစ်) ဥယျာဉ်၊ (အော်ဂဲနစ်) ကျောက်၊ (အော်ဂဲနစ်) နေထိုင်နည်း၊ (အော်ဂဲနစ်) စတိုးဆိုင်၊ (အော်ဂဲနစ်) ကုန်ပစ္စည်း၊ (အော်ဂဲနစ်) ဘဏ္ဍာရေး၊ စုံနေအောင်ရှိနေပြီ။ အော်ဂဲမနစ်ရင် ခေတ်မမီဘူး။ သေခြာတာကတော (အော်ဂဲနစ်) စစ်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

ခင်ဗျားဘာစားသလဲဆိုတာ ခင်ဗျားရဲ့အဆင့်အတန်းပဲတဲ့။ အဆင့်ရှိချင်ရင် (အော်ဂဲနစ်) လုပ်ပါတဲ့။ ငယ်ငယ်ကစားခဲ့ရတဲ့ ပင့်ထက်မှာမှည့်နေတဲ့ ငှက်ပျောသီး၊ သဘောင်္သီးတွေကို အမှတ်ရနေတယ်။ ကျွန်တော့်အဆင့်အတန်းက တောသား။

Dr. တင့်ဆွေ
ဓါတ်ပုံ = DVB

No comments:

Post a Comment

Note: Only a member of this blog may post a comment.