HIV Tests (1) စမ်းသပ်နည်းများ (၁)

မင်္ဂလာပါ ဆရာ ကျွန်တော် မြန်မာပြည်မှာ စစ်တုန်းက HIV antibody (Elisa) လို့ရေးထားပါတယ်ဆရာ ကျွန်တော် ၃လ နဲ့ ၆လ မှာ သွားစစ်ပါတယ်ဆရာ ဒီက ဆရာဝန်က Hiv 1&2 antigen and antibody (screening test) နဲ့ နှစ်ခါစလုံး စစ်ပေးပါတယ်ဆရာ ပြီးတော့ နောက် ၃လ လောက်နေတော့ ထပ်စစ်သေးတယ် ဆရာ Hiv 1&2 antigen and antibody(screening test) နဲ့ပဲ ထပ်စစ်ပေးပါတယ်ဆရာ ကျွန်တော် စစ်ထားတော့ ၁၁လ ရှိပါပြီ ဆရာ ကျွန်တော် (Elisa) နဲ့ ထပ်စစ်ဖို့လိုသေးလားဆရာ စစ်နည်းတွေက ဘာကွာတာလဲ မသိလို့ပါဆရာ

ရရစ်မပါတဲ့ ပ ၂ လုံးကိုပြင်လိုက်ပါတယ်။ ဆောရီး။

HIV ကို ဆေးစစ်မှသာသိမယ်။ သံသယဖြစ်စရာနဲ့တွေ့ပြီးနောက် ၃ လနေမှသာစစ်သင့်တယ်။ ၆ လအထိစောင့်ဘို့မလိုပါ။ ပိုးကူးစက်ခံရရင် တုပ်ကွေးဖြစ်သလိုခံစားရနိုင်တယ်။ သွေး၊ သွေးရည်ကြည်၊ တံတွေးနဲ့ ဆီးထဲမှာ HIV ခေါ်တဲ့ AIDS ရောဂါကို ဖြစ်စေတဲ့ (ဗိုင်းရပ်စ်) ပိုးနဲ့ဆိုင်တာကို စမ်းတာ ဖြစ်တယ်။ ပိုးကို မှန်ဘီလူးနဲ့ ရှာကြည့်တာမဟုတ်ပါ။

၁။ ပိုးနဲ့ဆိုင်တဲ့ Antibodies (အင်တီဘော်ဒီ)၊
၂။ Antigens (အင်တီဂျင်) နဲ့
၃။ RNA (အာရ်အင်အေ) တွေကို စမ်းတာ ဖြစ်ပါတယ်။

HIV ပိုးရလာတဲ့နောက် ချက်ချင်းစစ်လို့ မတွေ့နိုင်သေးတဲ့ ကာလကို Window period စပ်ကူးမတ်ကူး-ကာလလို့ ခေါ်တယ်။ HIV-1 antibody test အပေါင်းပြဘို့ရာ ပျမ်းမျှ ၂၅ ရက်ကြာမယ်။ Antigen testing လုပ်ရင် ၁၆ ရက်နဲ့ သိနိုင်ပြီး၊ NAT (Nucleic Acid Testing) ဆိုရင် ၁၂ ရက်သာကြာမယ်။

အားလုံးဟာ စင်းလုံးချော ရာနှုန်းပြည့်မှန်တယ်လို့တော့ မပြောနိုင်ပါ။ ပိုးမရှိဘဲနဲ့ မှားပြီးအပေါင်းပြတတ်သလို ပိုးရှိပေမယ့် မှားပြီးအနုတ်ပြတတ်သေးတယ်။ (အော်တိုအင်မြူး) ရောဂါတခုဖြစ်တဲ့ (လူးပတ်စ်) ခံစားနေရသူမှာ မှားပြီး အပေါင်း ပြနိုင်တယ်။ အချိန်မတန်သေးပဲ (၃ လထက်စောပြီး) စမ်းရင် ပိုးရှိရက်သားနဲ့ မှားပြီးအနုတ်ပြမယ်။

သွေးလှူတိုင်း စမ်းရတာထက် ရောဂါရှိ-မရှိသချင်လို့ စမ်းဘို့ ပိုလိုတယ်။ ယေဘုယျရော အတိအကျပါသိအောင်လုပ်ရတာ ဖြစ်တယ်။ ELISA method ကို အရင်လုပ်ပြီးနောက် Western blot procedure နည်းကို ထပ်လုပ်ရတယ်။ အဲလို ၂ နည်း တွဲမှ ပိုသေချာမယ်။

Antibody tests (အင်တီဘော်ဒီ) စမ်းနည်း
ဈေးလည်းချိုတယ်။ သမားရိုးကျစစ်ဆေးနည်းအနေနဲ့ သုံးနိုင်တယ်။ ပိုးဝင်ခံရပြီးနောက် ၉ဝ% ဟာ ရက်ပေါင်း ၃ဝ အကြာမှာ စမ်းလို့တွေ့နိုင်ပြီ။ တချို့က ပိုစောင့်ရတယ်။ ဒါပေမဲ့ ၆ လအထိစောင့်ရတယ်ဆိုတာ မရှိသလောက်ပါ။ သတိထားဘို့က စောင့်နေရတုံးလဲ ပိုးရှိနေသူကနေ သူများကို ကူးစေနိုင်တယ်။ စိုးရိမ်လို့ စောင့်နေတုံးမှာ Antiretroviral therapy ဆေးသုံးရင် သွေးစစ်တဲ့အခါ ပိုးတွေ့ဘို့ရာ ၁ နှစ်အထိ ကြာသွားနိုင်တယ်။ ဒါ့ကြောင့်တော့ ကူးနိုင်နေတာ သံသယရှိသူကို ဆေးမသောက်ပါနဲ့အုံးလို့တော့ မပြောသင့်ဘူး။ အဲလိုလူတွေကို ဆေး ၂၈ ရက် (ကို့စ်) ပေးပြီးနောက် ELISA tests ကို ခြားပြီး အကြာဆုံး စောင့်ရမဲ့ကာလ ၆ လ မက လုပ်သင့်တယ်။

• Enzyme-linked immunosorbent assay (ELISA) နည်းကို Enzyme immunoassay (EIA) လို့လဲ ခေါ်သေးတယ်။ သွေးရည်ကြည်ကို အဆ ၄ဝဝ ပျော့သွားစေပြီး၊ HIV antigens နဲ့ ထိတွေ့စေတယ်။ သွေးထဲမှာ HIV (အင်တီဘော်ဒီ) ရှိနေရင် တွေ့တော့မယ်။
• Western blot test နည်းကလဲ ELISA လိုဘဲ (အင်တီဘော်ဒီ) ကို စမ်းတာဖြစ်တယ်။ ပိုသေချာတယ်။
• Rapid or point-of-care tests စမ်းသပ်နည်းက အရည်အသွေးကို စမ်းတာဖြစ်တယ်။
• HIV antibodies စမ်းလို့ မတွေ့တာနဲ့ ပိုးဝင်မခံရတာ သေချာတယ်လို့ ပြောမရသေးပါ။
• Home Access Express HIV-1 Test ဆိုတာ အိမ်မှာတင် ကိုယ့်ဖါသာ သွေးဖေါက်ပြီး စာတိုက်ကနေ ပို့ပေးနိုင်တယ်။ FDA ကနေ အသိအမှတ် ပြုပေးထားတယ်။ သူများမသိအောင် စစ်နည်း ဖြစ်တယ်။
• OraQuick antibody test နည်းက မိနစ် ၂ဝ နဲ့ အဖြေရတယ်။ သွေး၊ သွေးရည်၊ တံတွေးကို စမ်းလို့ရတယ်။ HIV 1 နဲ့ HIV 2 ကို စမ်းလို့ရတယ်။

• Orasure HIV antibody test နည်းကတော့ ပါးစောင်၊ သွားဖုံးကအရည်ကို စမ်းတယ်။ ELISA နည်းရော Western blot နည်းကိုပါ သုံးတယ်။
• Uni-Gold rapid HIV antibody test နည်းက ၁ဝ-၁၂ မိနစ်သာ ကြာတယ်။ သွေးကိုစမ်းရတယ်။ HIV 1 တမျိုးတည်း ကိုသာ သိနိုင်တယ်။
• Clearview Complete HIV 1/2 and Clearview HIV 1/2 Stat-Pak နည်းတွေက ၁၅ မိနစ်သာကြာပြီး HIV 1 ရော HIV 2 ကိုပါသိတယ်။ Blood သွေး၊ Serum သွေးရည်ကြည်နဲ့ Plasma သွေးရည်တွေကို စမ်းရတယ်။
• ဆီးစမ်းနည်းလည်း ရှိတယ်။ ELISA ရော Western blot techniques မှာပါ သုံးတယ်။

ELISA တခုထဲနဲ့ HIV-1 Antibody ရှိတာသိရပေမဲ့ မသေချာသေးပါ။ Western Blot နည်းကိုပါ ဆက်လုပ်ရတယ်။ လောလောဆယ် ရက်တိုပိုးတခုခုဝင်တာ၊ (အလာဂျီ) ရတာဆိုရင် ELISA test နည်းက Western Blot ထက်ပိုပြီး မရှိဘဲနဲ့ ရှိတယ်ဆိုတဲ့အဖြေ ခပ်ရှားရှားရနိုင်တယ်။ တုပ်ကွေးရာသီမှာ တုပ်ကွေး-ကာကွယ်ဆေးကြောင့် အဲလို အဖြေမှားတွေ များခဲ့ဘူးတယ်။

• Antigen test (အင်တီဂျင်) စမ်းသပ်နည်းဆိုတာ HIV p24 protein ရှိနေ-မနေကို စမ်းတာ။ ဗိုင်းရပ်စ်ရဲ့ Capsid protein ကို စမ်းတာမို့ (CA) လို့လဲ ခေါ်တယ်။ သွေးကိုစမ်းတာပါ။ အခုတော့ ပုံမှန်စမ်းနည်းအနေနဲ့ မသုံးပါ။
• Nucleic acid-based tests (NAT) ဆိုတာ HIV-I GAG, HIV-II GAG, HIV-env, the HIV-pol လို့ခေါ်တဲ့ HIV genes မျိုးဗီဇကို စမ်းသပ်တာပါ။
• RT-PCR test ဆိုတာ သွေးအရည်ထဲက ဗိုင်းရပ်စ်ရဲ့ RNA ကို စမ်းတာပါ။
• Quantiplex bDNA ဒါမှမဟုတ် Branched DNA test နည်းဟာလည်း သွေးရည်ထဲက RNA ကို စမ်းတာပါ။

တခြားစမ်းသပ်နည်းတွေကတော့ -
CD4 T-cell count ဆိုတာက ပိုးနဲ့ဆိုင်တာတွေကို စမ်းတာမဟုတ်ဘဲ ခုခံအားနဲ့ဆိုင်တဲ့ (ဆဲလ်) တွေကို ရေတွက်တာ ဖြစ်တယ်။ ခုခံအားစနစ် အခြေအနေကို သိချင်လို့ ဖြစ်ပါတယ်။ နည်းနေရင် မကောင်းတာကို ပြနေတယ်။ HIV-positive ဖြစ်နေသူဟာ 200 cells/μL ထက်နည်းတာကိုဖြစ်ဖြစ် အခွင့်ကောင်းယူဝင်လာတဲ့ ကူးစက်ရောဂါ ရှိလာတာဖြစ်ဖြစ် သိရရင် AIDS ရောဂါသည်လို့ တရားဝင်ခေါ်တော့တယ်။ သတိထားဘို့က HIV မဟုတ်တဲ့ တခြားရောဂါတွေနဲ့လဲ တွဲပြီး နည်းနေတာ ရှိတယ်။ တခြားဗိုင်းရပ်စ်ဝင်နေတာ၊ ဗက်တီးရီးယားဝင်နေတာ၊ (ပါရာဆိုက်) ပိုးဝင်နေတာ၊ (တီဘီ) ဖြစ်နေတာ၊ မီးလောင်တာ၊ ထိခိုက်ဒဏ်ရာရနေတာ၊ အပြင်ကနေ (ပရိုတင်း) ဆေးထိုးတာ၊ အစာအာဟာရချို့တဲ့နေတာ၊ လေ့ကျင့်ခန်း အပြင်းအထံလုပ်တာ၊ ကိုယ်ဝန်ဆောင်နေတာ၊ စိတ်ဖိအားများနေတာ၊ အထီးကျန် ဖြစ်နေတာတွေ ဖြစ်ကြတယ်။

HIV Duo Test ဆိုတာဘာလဲ https://doctortintswe.blogspot.com/2014/12/hiv-duo-test.html
HIV Tests (3) စမ်းသပ်နည်းများ (၃) https://doctortintswe.blogspot.com/2015/11/hiv-tests-3.html
HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ https://doctortintswe.blogspot.com/2017/08/hiv-faq.html
HIV screening tests စမ်းသပ်နည်းများ https://doctortintswe.blogspot.com/2014/11/hiv-screening-tests.html

Dr. တင့်ဆွေ
၁-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး