Litter အမှိုက်

ဆရာရေမင်္ဂလာရှိသေနေ့သစ်ပါ။ မြန်မာပြည်မှာတော့ အမေစုက ကိုယ်စားလှယ်တွေကို အမှိုက်ကောက်ကြလို့ပြောကာရှိသေး ဝန်းရံပြည်သူတွေကပါ အမှိုက်တွေကောက်နေကြပြီ။ သမီးတောင် လမ်းထွက်အမှိုက်မကောက်ဖြစ်ပေမဲ့ ကိုယ့်အိမ်ထဲအကုန်သန့်ရှင်းရေးတွေလုပ်။ အိပ်ယာထတော့လည်း ခါတိုင်းထက်အိပ်ယာစနစ်တကျပြန်သိမ်း။ အိမ်သန့်ရှင်းရေးဦးစားပေးနေတယ်ဆရာရေ။ အမေ့စကား တယ်တန်ခိုးကြီးပါလား။ ဆရာပြန်လာဖို့လည်းမျှော်လင့်တယ်။

ဟုတ်ပ။ မျှော်လင့်ချက်မဲ့နေရာကနေ ရှိလာပြီ။ ကောင်းတယ်။ တိုင်းပြည်အတွက်၊ ကွန်မြူနတီအတွက်၊ အနည်းဆုံး ကိုယ်ကိုယ်တိုင် ပိုကောင်းအောင်လုပ်ကြရင် တိုင်းပြည်ပါတိုးတက်မယ်။

အမေရိကန်နမူနာ
• အမှိုက်ကနေ အမှိုက်ကို ဖိတ်ခေါ်နေတယ်။
• လမ်းဘေးအမှိုက် အစအနပေါင်း တနှစ်တနှစ် ၅၁ ဘီလီယန် ရှိတယ်။ ၄၆့၆ ဘီလီယန်က ၄ လက္မထက် သေးငယ်တယ်။ တမိုင်အရှည် ဆန့်ကြည့်လိုက်ရင် အမှိုက်စပေါင်း ၆၇၂၉ ခုရှိမယ်။
• အမှိုက်သိမ်းရတဲ့တန်ဘိုး တနှစ်မှာ ဒေါ်လာ ၁၁့၅ ဘီလီယန်ကုန်ကျတယ်။ စီးပွါးရေးလုပ်ငန်းတွေက ပေးဆောင်ရတာ ၉့၁ ဘီလီယန်နဲ့ ကျန်တာကို အစိုးရ၊ ကျောင်းနဲ့ အဖွဲ့အစည်းတွေက ပေးကြရတယ်။
• ကွန်မြူနတီခေါ်တဲ့ လူမှုအစုအဝေးတွေရဲ့ စီးပွါးရေးအရည်အသွေးနဲ့ လူနေမှုဘဝကို နိမ့်ကျစေတယ်။ ၂ဝဝ၉ ခုနှစ် အမျိုးသား မြင်သာတဲ့အမှိုက် လေ့လာမှုလုပ်တော့ အဲလိုနေရာမှာရှိတဲ့ ပိုင်ဆိုင်ပစ္စည်း (နေအိမ် စသည်) တန်ဘိုး ၇% ကျဆင်းတာတွေ့ရတယ်။
• အမှိုက်ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုရှိတယ်။ လေထု၊ ရာသီဥတု၊ ယာဉ်အသွားအလာ၊ လှပတဲ့မြင်ကွင်းတွေကို သက်ရောက်စေတယ်။ ရေထဲစီးဆင်း စိမ့်ဝင်တယ်။ ကူးစက်မှုဖြစ်စေတယ်။ ပိုးမွှားနဲ့ အဆိပ်သင့်မှုဖြစ်စေတယ်။
• အများဆုံးတွေ့ရတဲ့ အမှိုက်အမျိုးအစားတွေက ပုလင်းခွံ၊ ဗူးခွံ၊ ဆိုင်မှာအလွယ်ဝယ်စားတဲ့ အစားအသောက် အကြွင်းအကျံ၊ ဈေးဝယ်အိတ်ခွံနဲ့ စီးကရက်အစီခံတွေဖြစ်တယ်။
• အမှိုက်ကိုမဆင်မခြင်စွန့်တာဟာ ပြည်သု့နီတိအရမှားတာသာမက ပြည်နယ်ပေါင်း ၅ဝ လုံးမှာ ဥပဒေချိုးဖေါက်ရာ ရောက်တယ်။

ဘယ်လိုလူတွေက အမှိုက်ကို မဆင်မခြင်စွန့်ကြသလည်း
• သင့်မိသားစုထဲကလည်း ဖြစ်နိုင်တယ်။ သင့်မိတ်ဆွေအပေါင်းအသင်းထဲကလည်း ဖြစ်နိုင်တယ်။ တစိမ်းတရံတွေလည်း ဖြစ်ပါတယ်။ သင်ကိုယ်တိုင် ဖြစ်နေပါသလား။
• သုတေသနအရ အသက် ၃ဝ နှစ်အောက်တွေက ပိုပြီး အမှိုက်ကို မဆင်မခြင်စွန့်ကြတာတွေ့ရတယ်။ ကျားနဲ့မ ကွာခြားချက်တော့ မတွေ့ရပါ။
• တချို့က အဲလိုအမှိုက်ကို မဆင်မခြင် မစွန့်ရမယ်ဆိုတာမသိပါ။ တချို့က သိပေမယ့်လုပ်ကြတယ်။ အလွယ် ကားတံခါး၊ ရထားပြူတင်းတွေကနေ ပြစ်ချတယ်။

ဘယ်လိုပြင်မလည်း။
• သင်ကိုယ်တိုင် အမှိုက်မပြစ်ပါနဲ့။ မိသားစုဝင်တွေ၊ အပေါင်းအသင်းတွေ၊ တစိမ်းတရံတွေကို နမူနာပြပါ။
• ကားထဲ၊ ရထားထဲမှာ အမှိုက်ထည့်စရာအိတ်တခု အမြဲထားပါ။ ပြီးရင် အမှုက်ပုံးထဲသေချာထည့်ပါ။ သူများ မြင်သာအောင်လုပ်ပြရင် ပညာပေးရာကျတယ်။
• အိမ်မှာ၊ ရုံးမှာ၊ ကျောင်းမှာ၊ နေရာတိုင်းမှာ စနစ်ကျတဲ့အမှိုက်ပုံးထားပေးပါ။
• ဖြစ်နိုင်ရင် အမှိုက်အမျိုးအစားခွဲတဲ့ အမှိုက်ပုံးတွေထားပါ။ အမှိုက်ပုံးတွေကို မြူနီစပယ်စတဲ့ တာဝန်ရှိ အမှိုက်သိမ်းစနစ်ဆီ အချိန်မီပြစ်ပါ။
• ဆေးလိပ်သောက်သူဆိုရင် အစီခံကို မီးသေအောင်လုပ်ပြီး တခါတည်းအမှိုက်ပုံးမှာထည့်ပါ။
• အမှိုက်ကောက်သိမ်းတဲ့ လူမှုရေးအသင်းတွေထဲမှာ ပါဝင်ဆောင်ရွက်ပါ။ အားပေးပါ။ ကိုယ်တိုင်ထူထောင်ပါ။

မြန်မာပြည်မှာ အမှိုက်မှန်သမျှ ကင်းစင်ပပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး