Significance ဒေါ်စု၏ အရေးပါမှု

လွန်ခဲ့တဲ့ ၂ နှစ်တိတိကစာလို့ ဖေ့စ်ဘွတ်ကအသိပေးတာဖြစ်ပါတယ်။

• ဘာသာရေးမှာ
Jesus Christ ယေရှုခရစ်တော်ဟာ Galilean Jew ဂျူးလူမျိုးဖြစ်ပေမဲ့ ခရစ်ယန်ဘာသာကို သူ့လူမျိုးမဟုတ်ကြတဲ့လူတွေ သန်းပေါင်းများစွာက ကိုးကွယ်ကြတယ်။ Islam အစ္စလမ်သာသာမှာ Muhammad တမန်တော် မိုဟာမက်လဲ Mecca မက္ကာမှာ မွေးဖွါးခဲ့တယ်။ မွေးဇာတိ မတူသူကြသူတွေ သန်းပေါင်းများစွာက ကိုးကွယ်ကြတယ်။ မြန်မာနိုင်ငံသား အများဆုံး ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားအလောင်း မင်းသားဟာ Kapilavastu ကပိလဝတ်နိုင်ငံသားဖြစ်ပြီး၊ ကျွန်တော်တို့က ကနေ့နီပေါနိုင်ငံ၊ Lumbini လုမ္ဗိနီမှာ ဖွါးမြင်တော်မူခဲ့တယ်လို့ တထစ်ချ ယုံကြည်ကြပေမဲ့ မူကွဲတွေလဲရှိပါတယ်။ သူများတွေကနေ ဘယ်မှာဖွါးတယ်လို့ပြောနေနေ၊ ဗုဒ္ဓဘာသာဝင်ဦးရေက လျော့ကျမသွားပါ။

• နိုင်ငံရေးမှာ
ကွန်မြူနစ်ဝါဒကို စတင်သူ Karl Heinrich Marx (ကားလ်မတ်စ်) ဟာ Prussian Rhineland (ပရပ်ရှား ရိုင်းလင်း) မှာ မွေးခဲ့သူဖြစ်တယ်။ သူနဲ့ နိုင်ငံရောလူမျိုးပါ မတူသူတွေ အများကြီးက လက်ခံကျင့်သုံးကြတယ်။ Democracy ဒီမိုကရေစီစနစ်ဟာ ရှေးဟောင်း Greek ဂရိကနေလာတယ်။ Athens (အေသင်) မြို့ပြနိုင်ငံရဲ့ နိုင်ငံရေးအယူအဆသာ ဖြစ်တယ်။ ကနေ့ကမ္ဘာမှာ အများဆုံး ကျင့်သုံးနေကြတယ်။

• လူပုဂ္ဂိုလ်မှာ
ဥရောပဘုရင်ခေတ်မှာ ရာဇာသွေးပြတ်တဲ့အခါ တခြားနိုင်ငံ (အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ) တွေကနေ မင်းသွေး ချေးယူခဲ့ကြရသတဲ့။ အင်္ဂလန်ဘုရင် William I (ဝီလီယန် ၁) ဟာ အင်္ဂလိပ်မဟုတ်ဘဲ Viking raiders (ဗိုက်ကင်း) စီးနင်းသူသာ ဖြစ်ပါတယ်။ မစ္စစ်ဆိုနီယာဂန္ဒီက အီတလီလူမျိုးဖြစ်တယ်။ နိုင်ငံရေးလိုအပ်ချက်အရ သူမကို အိန္ဒိယနိုင်ငံရေးမှာ အလွန်အရေးပါတဲ့နေရာကို ပေးထားပါတယ်။ ဌာနေတိုင်းရင်းသားတွေကို ပထုတ်နေရာဝင်ယူခဲ့ကြတဲ့ ဥရောပသားတွေကနေ အမေရိကန်ပြည်ထောင်စုကို တည်ထောက်ခဲ့ပြီး၊ ကျွန်အဖြစ်သွင်းယူခံရတဲ့ အာဖရိကအသားမဲထဲက တယောက်ကို သမတအဖြစ် တင်မြောက်လာကြတယ်။ ဒါတွေက နမူနာတွေဖြစ်တယ်။ သူတို့လုပ်လို့ ကိုယ်လိုက်လုပ်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါ။

• ဒေါ်အောင်ဆန်းစုကြည်
မကြာမကြာ ဝေဖန်တိုက်ခိုက်တာတွေ ရှိပါတယ်။ လူအများစုကြီးက ပုဂ္ဂိုလ်ရေးအရ လေးစား-ချင်ခင်မှုနဲ့ အားကိုး-အားထားမှု၊ ကောင်းကောင်းရှိပါတယ်။ နိုင်ငံရေးလိုအပ်ချက်အရ ဒေါ်စုရှိရပါမယ်။ သူမပါခဲ့ရင် ရှစ်လေးလုံး သမိုင်းသာမက ဒီမိုကရေစီရေးမျှော်လင့်ချက်ပါ တမျိုးတမည် ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒေါ်စုရှိနေဘို့ လိုအပ်ချက်ဟာ NLD မှာသာမဟုတ်ပါ၊ တိုင်းပြည်အတွက်လည်းဖြစ်တယ်။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက်ပါ လိုအပ်တာဖြစ်ပါတယ်။ ဒေါ်စုမပါရင် ပိုမကောင်းဘူးလို့တော့ ဇွတ်မငြင်းသင့်ပါ။ သူကလွဲရင် တခြားမမြင်လို့ ဆိုတာကိုတော့ သိပ်သဘောမတူပါ။

• မြန်မာ့နိုင်ငံရေးသမိုင်းမှာ
တဦးချင်း အာဏာတည်ဆောက်နိုင်မှုမှာ သူလိုလူမပေါ်သေးတဲ့ ဦးနေဝင်းတောင်မှ ကိုးကွယ်ခံရမှုရှိသလို သူ့ကို အာဏာဖီဆန်မှုလဲ ရှိခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံရေး လုပ်ဆောင်တာမှာတော့ ပါတီဝင်တိုင်းဟာ ခေါင်းဆောင်နဲ့ တသွေမတိမ်းတူတယ်လို့တော့ မရှိပါ။ ဒါပေမဲ့ ဘယ်ပါတီက ပါတီဝင်တွေမှာမဆို ထားအပ်တဲ့ တာဝန်နဲ့စည်းမျဉ်းတွေအရ ကိုယ့်ပါတီရဲ့ ခေါင်းဆောင်မှုကို အခိုင်အမာ ရပ်တည်ကာကွယ်ကြရပါတယ်။ ပါတီတိုင်းမှာဖြစ်တယ်။ ဒါဟာ ကိုးကွယ်မှု မဟုတ်ပါ။ နိုင်ငံရေးပါတီ မတူသူတွေကနေ တခြားပါတီကို ပြောဆို၊ ဝေဖန်ခွင့် ရှိကြပါတယ်။ ဒါပေမဲ့ တယောက်တည်း ဆိုရင်တော့ တယောက်စာသာ တာသွားပါမယ်။ အဆုံးအဖြတ်ဆိုတာကတော့ မဲပေးမဲ့သူတွေသာဖြစ်တယ်။ မဲပေးပွဲကလဲ မညစ်ပါမှ အစစ်အမှန်ပေါ်ပါမယ်။ ညစ်နည်းက ၅ နှစ်သာခံတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး