The expatriates အပြင်မှာနေကြသူတွေ

Thant Zin Tun ဆရာ တခုလောက်မေးပါရစေ။ နောက်အစိုးရ လက်ထက်ရောက်ရင် နိုင်ငံခြားမှာရောက်နေကြကုန်သော အတက်ပညာရှင် အသိပညာရှင်တွေနဲ့ သူဌေးတွေက သူတို့ရဲ့လက်ရှိအဆင်ပြေနေသောနေရာများကိုစွန့်ခွာပြီး မြန်မာပြည် ပြန်လာကာ တိုင်းပြည်နှင့်လူမျိုးအတွက် ပြန်လာကြမှာလား။

ကျွန်တော့်အမြင် ခပ်တိုတိုရေးဖူးတယ်။ သူများတွေလည်း ပြောဆိုဆွေးနွေးနေကြတာရှိတယ်။ ကာယကံရှင်တွေ သဘောသာဖြစ်ပါမယ်။ ထွက်ကြတုံးကလလည်း ကိုယ့်ဖါသာကိုယ်ဆုံးဖြတ်ပြီး ထွက်ကြတယ်။
ကျွန်တော်လို ထွက်ပြေးရသူတွေနဲ့ ၁၉၈၈-၁၉၉ဝ တုံးက နိုင်ငံရေးကြောင့်ထွက်ကြသူတွေက တမျိုးစဉ်းစားမယ်။ ဒါပေမယ့် ရာဂဏန်းသာကျန်တော့တယ်။

စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းမှာရောက်နေကြသူတွေက အလုပ်အကိုင်အခွင့်အလမ်း + လုပ်ခ အဆင်ပြေမှသာ ပြန်နိုင်ကြမယ် ထင်ရတယ်။ သူဌေးတွေကိုတော့ မသိပါ။ ရင်းနှီးမြှုပ်နှံမှုတော့ လုပ်ကြမယ်။ အသံတွေကြားနေရပြီ။

တတိယအုပ်စုက ထိုင်းနဲ့ အိန္ဒိယမှာရောက်နေကြတဲ့ ဒုက္ခသည်စာရင်းပေါက်သူတွေဖြစ်တယ်။ ပြည်နယ်ကလူတွေ များတယ်။ သူတို့ကတော့ တတိယနိုင်ငံတွေဆီပဲ ဦးတည်နေကြသေးတယ်။ အခွင့်အလမ်းမပိတ်သ၍ ဇွဲနဘဲနဲ့ စောင့်နေကြမယ်ထင်ပါတယ်။

ယူအက်စ်၊ ကနေဒါ၊ သြစတေးလျနဲ့ ဥရောပနိုင်ငံတွေမှာ တရားဝင်နေထိုင်သူတွေက တမျိုးဖြစ်တယ်။ သွားရေးလာရေး အဆင်ချောလို့ အလည်ပြန်သူတွေကတော့ များလာမယ်ထင်ပါတယ်။ တရားဥပဒေစိုးမိုးမှု၊ အခွန်စနစ်သင့်တော်မှုနဲ့ ပညာရေးစတာတွေကိုတွက်ပြီး အချိန်ယူပြီးမှသာ နေရပ်ပြန်နေကြမယ်။ အဲတာလည်း တိုင်းရင်းသားနယ်မြေကနေ လာနေသူက များလွန်းလို့ သူတို့စိတ်သဘောကို အကဲခတ်ရခက်တယ်။

အဲတော့ ပြန်ဝင်မယ်ဆိုတာလည်း အကြောင်းခံမတူတာနဲ့ လက်ရှိသူတို့ဘဝအခြေအနေအရ ကိုယ်တိုင်ပဲ စဉ်းစားကြလိမ့်မယ်လို့ ထင်ပါတယ်။ ဗီယက်နမ်စစ်ကြောင့်ထွက်ပြေးကြသူတွေ သူတို့တိုင်းပြည်မှာ အခြေအနေ ကောင်းလာပေမယ့် ပြန်နေသူက မများပါ။

သမတဦးသိန်းစိန်ဖိတ်လို့ပြန်လာသူက လက်ချိုးရေလို့ရတယ်။ လက်တဖက်စာသာသာလောက်က သမတဆီမှာ အမှုတော်ထမ်းကြတယ်။ အစိုးရနဲ့မဆိုင်တဲ့နိုင်ငံရေးထဲမှာလည်း နည်းနည်းတော့ရှိပါတယ်။ နောက်အစိုးရ ဘယ်လိုဆိုတာ သိပ်တော့မသိပါ။ NLD မှာ ပြည်ပရောက်တွေအရေးထက် ပိုပြီးကြီးမားတဲ့အရေးတွေကို ဦးစားပေးရလိမ့်မယ်။ နားလည်မှုပေးကြရမယ်ထင်ပါတယ်။ လာတဲ့သူတွေက လာကြမှာပါ။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး