Levothyroxine and Breastfeeding လည်ပင်းကြီးဆေးနဲ့ ကလေးနို့တိုက်ခြင်း

ဆရာရှင့် ကျမအသက် ၃ဝ ရှိပါပြီ။ လည်ပင်းကြီးဖြစ်နေတာ ၆ နှစ်ကျော်သွားပါပြီ။ Hypo လား Hyper လား ကိုယ့်ကိုကိုယ် မသဲကွဲဘူးဖြစ်နေပါတယ်။ သောက်နေတဲ့ဆေးကတော့ Eltroxin 100mcg ကို တနေ့တလုံးသောက်ရပါတယ်။ ကလေးလဲ နှစ်ယောက်ရှိပါတယ်။ အကြီးက ၃ နှစ် အငယ်က ၂ လပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလဲ အဲ့ဒီဆေးကိုသောက်ရပါတယ်။ မွေးပြီးတော့လဲ ဆက်သောက်ရပါတယ်။ ဆရာဝန်က ဆေးသောက်ပြီးရင် ကလေးနို့မတိုက်ခင် နို့ပြားသွားတဲ့ထိ နို့ကို ညှစ်ခိုင်းပါတယ်။ ဆေး ကလေးဆီမရောက်အောင်လို့ပါတဲ့။ ဒါပေမယ့်ဆရာ မနက်ဆေးသောက်ပြီး ကလေးမနိုးခင် ညှစ်မယ်ဆို နို့ကမထွက်ဘူးဆရာ။ ကလေးသောက်ထားလို့တော်တော်လျော့နေတော့ ညှစ်မယ်ဆို မထွက်တော့ဘူးဆရာ။ အဲ့ဒီခါနောက်ပိုင်း ဆေးသောက်ပြီးလဲမညှစ်တော့ဘဲ ကလေးကိုတိုက်မိပါတယ်ဆရာ။ ကလေးကိုလဲမွေးပြီး တပါတ်အကြာ သွေးတခါဖေါက်စစ်ပြီးပါပြီ။ t4 Tsh က နဲနဲများနေလို့ တလကြာ တခါထပ်စစ်တော့ t3 t4 Tsh သုံးခုစလုံး normal ပါပဲ။ ကျမလဲ t3 t4 Tsh စစ်တာ သတ်မှတ် range အတွင်း ရှိပါတယ်... ဆေးကတော့ ဆက်သောက်နေရပါတယ်။ ကျမ သိချင်တာက အဲ့လိုနို့မညှစ်ပဲကလေးကိုတိုက်ရင် ကလေး ကိုထိပါသလားဆရာ။

Eltroxin ဆေးဟာ Levothyroxine ဆေးဖြစ်တယ်။ Synthroid, Levoxyl, Tirosint, Eltroxin, Levothroid, Euthyrox, Unithroid, L Thyroxine Roche, Oroxine, Levothyrox စတဲ့နာမည်တွေနဲ့ရောင်းတယ်။ Hypothyroidism လည်ပင်းကြီးဟော်မုန်း နည်းနေသူကိုပေးပါတယ်။ ဆေးကနေ လည်ပင်းကြီးဟော်မုန်းကို အစားထိုးပေးပါမယ်။ ဘေးထွက်ဆိုးကျိုးကြောင့် ဆံပင်ကျွတ်မယ်။ ယာယီသာဖြစ်မယ်။

မိခင်နို့ရည်ထဲမှာ Levothyroxine (T4) လည်းပါနေတယ်။ ဆေးသုတေသနလေ့လာမှုတွေအရ ဒီဟော်မုန်းဆေး သောက်နေရတဲ့မိခင်ကြောင့် ကလေးငယ်ကိုသက်ရောက်မှုရှိတယ်ဆိုတဲ့အထောက်အထား မခိုင်လုံသေးပါ။ ဆရာဝန်က စိုးရိမ်လို့ အကြံပေးတာဖြစ်ပါမယ်။ မိခင်က ကလေးကိုနို့တိုက်နေချိန်မှာ ဆေးသောက်လို့ရပါတယ်။ Postpartum thyroiditis ခေါ်တဲ့ မီးဖွါးပြီး လည်ပင်းကြီး အကျိတ်ရောင်ခြင်းကို ကာကွယ်ရာကျလို့ ဆေးလျှော့မသောက်သင့်ပါ။ Hashimoto's thyroiditis အမျိုးအစားဆိုရင် ဆေးပိုလိုအုန်းမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး