NCGUB ရှင်းလင်းချက်

ဒီဇင်္ဘာလ (၁၈) ရက်နေ့ဟာ စင်ပြိုင်အစိုးရမွေးနေ့ဖြစ်ပါတယ်။ ၂၅ နှစ်ကြာပြီ။ NCGUB ကို ၂၂ နှစ်သားမှာ ဖျက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဖေ့စ်ဘွတ်မှတ်ချက်တခုကို ဖတ်ရတဲ့အတွက် ရေးခဲ့တာဖြစ်ပါတယ်။

(ဦးပီတာလင်းပင်နှင့်ပြောခြင်း – အံ့ခေါင်မင်း) ရဲ့ သတင်းဆောင်းပါးအောက်မှာတွေ့ရှိရတဲ့ မှတ်ချက် = ၂ဝ၁၁ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး NLD ပါတီအဖြစ် ရွေးကောက်ပွဲမဝင်ခဲ့သဖြင့် တရားဝင်ပါတီအဖြစ် ရပ်တည်ဘို့ မရေရာနေတဲ့အချိန် စင်ပြိုင်အစိုးရကို စည်းရုံးခြင်းဖြင့် NLD ကို တခါထည်း အလဲထိုးရန် ကြံစည်ခြင်းပင် ဖြစ်ပါသည်။

• အဲလိုတော့မဟုတ်ပါ။ NLD ကိုထိုးနှက်ဘို့ NCGUB ကို အသုံးချတယ်ဆိုတာလဲ မမှန်ပါ။
• ဦးပီတာလင်းပင်က NCGUB ဖွဲ့ကာစမှာသာ တာဝန်ယူခဲ့ရပါတယ်။ ၁၉၉၃ အထိဖြစ်ပါတယ်။ သူက ၁၉-၉-၂ဝ၁၁  ရက်မှာ ပြည်တွင်းကိုပြန်ဝင်တယ်လို့ သူ့ အင်တာဗျူးအရ သိရပါတယ်။
• သမတဦးသိန်းစိန်ရဲ့ ပြည်ပရောက်တွေကို ပဌမအကြိမ်ဖိတ်ခေါ်ချက်နောက်မှာလည်း NCGUB တနှစ်တိတိ ဆက်လက် လုပ်ကိုင်ဆောင်ရွက်နေခဲ့တာပါ။
• သမတဖိတ်ခေါ်အပြီး အပြီးပြန်ဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ် (၃) ဦးရှိပါတယ်။ ဦးပီတာလင်းပင်၊ ဦးအောင်ထွန်းစိန် (ရခိုင်) နဲ့ ဦးနိုင်သောင်းရှိန် (မွန်) တို့ ဖြစ်ကြပါတယ်။
• ၂ဝ၁ဝ ရွေးကောက်ပွဲကို မဝင်ခဲ့လို့ရော၊ အမတ်တွေပြန်ဝင်လို့ဖြစ်ဖြစ် NCGUB ဆက်ရှိနေလို့ဖြစ်ဖြစ် NLD ဟာ ချိနဲ့မသွားတဲ့အပြင် ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရရှိခဲ့ပါတယ်။
• NLD လွှတ်တော်ထဲရောက်ရှိပြီးနောက်မှာလဲ NCGUB ကို ၅ လအထိ ဆက်လုပ်နေခဲ့ပါသေးတယ်။
• NCGUB ကို ၁၄-၉-၂ဝ၁၂ နေ့မှာ ဖျက်သိမ်းတဲ့အထိ နဝတ/နအဖ နဲ့ဖြစ်ဖြစ်၊ လက်ရှိ ကြံ့ခိုင်ရေးအစိုးရနဲ့ဖြစ်ဖြစ်၊ လှို့ဝှက်ဖြစ်ဖြစ်၊ အစည်းအဝေးဘေးနေရာမှာဖြစ်ဖြစ်၊ သံရုံးတွေကနေတဆင့်ဖြစ်ဖြစ်၊ စကားပြောဆိုခဲ့မှု အလျဉ်း (လုံးဝ) မရှိခဲ့ပါ။
• NCGUB အစိုးရအဖွဲ့ဟာ စဖွဲ့စည်းကတည်းက NLD ရဲ့ ရွေးကောက်ပွဲကြောညာစာမ်း၊ မူဝါဒတွေနဲ့ ထုတ်ပြန် ကြေညာချက်တွေကို လိုက်နာကျင့်သုံး အကောင်အထည်ဖေါ်ခဲ့ပါတယ်။
• NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်ထဲမှာ -
- “မိမိတို့အစိုးရက နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ ထားရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင် တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ၂ဝ၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အနိုင်ရရှိလာကြပြီး၊ လက်ရှိ ပြည်သူ့လွှတ်တော်တွင် ပါဝင်တက်ရောက်နေကြပြီဖြစ်ခြင်း၊ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများလည်း ပြန်လည် မှတ်ပုံတင်လာကြခြင်းစသည့် နိုင်ငံရေး အပြောင်းအလဲများ ရှိလာပါသည်။” လို့ပါရှိပါတယ်။
• ဆိုလိုချက်ကတော့ NLD ကိုအားနည်းချိနဲ့စေဘို့အတွက် NCGUB ဟာ အသုံးချခံမဖြစ်ခဲ့ပါ။
• ကျွန်တော်က NCGUB မှာ နောက်ဆုံးနေ့အထိ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ နောက်ဆုံးတာဝန်က ပြန်ကြားရေး ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး